အယ်လ်နီညို ရာသီဥတုဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ နေရာ အတော်များများမှာ ကန်ရေ ခန်းခြောက်မှုတွေနဲ့ အတူ၊ ရေရှားပါးမှုတွေ ကြုံနေရသလို တချို့နေရာ တွေမှာတော့ ဧရာဝတီမြစ်ရေတိုးလာပြီး ရေကြီးရေလျှံမှု ဒဏ် ခံနေကြရပါတယ်။
နိုင်ငံတွင်း သောက်သုံးရေ ပြဿနာ ကို စံနစ်တကျ ဖြေရှင်းပေးနိုင်ဖို့ အဓိက လိုအပ်တာက အချက်အလက်တွေ စုဆောင်းဖို့ ဖြစ်တယ်လို့ ရေအရင်းအမြစ်ဆိုင်ရာ ကုလသမဂ္ဂ အရာရှိဟောင်း ဦးညွန့်လွင်က ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ရေအရင်းအမြစ်က မြေပေါ်ရေနဲ့ မြေအောက်ရေတို့ ဖြစ်ပါတယ်။ မြေပေါ်ရေဟာ ရွာသွန်းတဲ့ မိုးပမာဏပေါ်မူတည်ပြီး မိုးခေါင်းတဲ့ အခါမှာ မြေပေါ်ရေ စီးဆင်းမှုကို လျော့ပါးစေပါတယ်။ မြေပေါ်ရေကို ထိခိုက်ပျက်စီးစေတဲ့ အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးတာနဲ့ ရာသီဥတု ဖေါက်ပြန်မှုတွေပါ ပါတယ်။ မြေအောက်ရေကတော့ ရေသယံဇာတ ပေါပေါများများ ရှိခဲ့တဲ့ မြန်မာနိုင်ငံအတွက် တချို့နေရာတွေမှာကြည့်ရင် လက်တူးတွင်းတွေမှာ မြေအောက်ရေ မျက်နှာပြင်တွေ တဖြေးဖြေး လျော့ပါးလာနေတာ တွေ့ရပါတယ်။ ဒါဟာ ပြန်ပြီး ဖြည့်တင်းမှု နဲပါးတာနဲ့ ထုတ်ယူ သုံးစွဲမှုတွေ တိုးလာနေတာ ကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းလောက် ရှိပြီး တချို့ရွှာတွေက နွေရာသီ ပုံမှန် ရေရှားတတ်ပေမယ့် တချို့ဒေသတွေမှာ ပုံမှန်မဟုတ်တဲ့ အချိန်တိုအတွင်း ရေခန်းခြောက်လာမှု တွေ ကြုံနေရတာပါ။ ဒါဟာ ကြိုတင်ပြင်ဆင် ထားဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေတယ်လို့ ပြောပါတယ်။
ဒီပြဿနာ အတွက် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ လူထု လူ့အဖွဲ့အစည်းတွေ ပူးပေါင်း ဖြေရှင်းနိုင်တာပါ။ ပထမဆုံး ရေနဲ့ ပါတ်သက်တဲ့ စစ်တမ်းတွေ ကောက်ယူဖို့ လိုပါတယ်။ ရွာက ရေအရင်းအမြစ်တွေ၊ လူဦးရေ၊ သောက်ရေ သုံးရေ သုံးစွဲနိုင်တဲ့ပမာဏ၊ သုံးစွဲနိုင်တဲ့ အချိန်ကာလ၊ တကယ်လို့ ရေပြတ်တောက်မယ် ဆိုရင် အချိန် ဘယ်လောက်ခံနိုင်မယ်၊ ဒီလို အချက်အလက်တွေ သိထားမယ် ဆိုရင် ကြိုတင်ပြီး စီမံချက်တွေ ချထားနိုင်မှာ ဖြစ်ပါတယ်။
နောက် ကျေးရွာ လူထုက စီမံဆောင်ရွက် နိုင်တာတွေလည်း ရှိပါတယ်။ ကန်ရေ ခန်းခြောက်မှုအတွက် ထိမ်းထားနိုင်ပါတယ်။ အဓိကက ရေငွေ့ပျံတာကို ထိမ်းထားနိုင်ရင် သုံးစွဲနိုင်တဲ့ အချိန် ပိုကြာကြာရနိုင်ပါတယ်။ နောက်တချက်က ရေသုံးစွဲမှု နဲ့ ပါတ်သက်ပြီး ရေသုံးစွဲမှု ကြီးကြပ်တဲ့ အဖွဲ့မျိုး ဖွဲ့ပြီး ဆောင်ရွက်နိုင်ပါတယ်။ နောက်တချက်က သုံးစွဲရမယ့် ရေ အရင်းအမြစ်တွေကို မသုံးစွဲခင်မှာ ပြုပြင် ထိမ်းသိမ်းထားဖို့ ဖြစ်ပါတယ်။ ဥပမာ ရေတွင်းဆယ်တာနဲ့ တခြား အရံ သုံစွဲနိုင်တဲ့ ရေအရင်းအမြစ် တခုခု ကို စီမံထားဖို့ပါ။ ဒါ့အပြင် ရေကန်တွေ စဉ့်အိုးတွေနဲ့ ရေသိုလှောင်နိုင်တဲ့ ပမာဏကို တိုးမြှင့်ပေးဖို့ ပါ။ ဒီလို လုပ်ထားမယ် ဆိုရင် အတော်အသင့် ထိမ်းထားနိုင်ပါတယ်။
ကျေးရွာတိုင်းမှာ စီမံချက်ကိုယ်စီ ချထားမယ် ဆိုရင် အရေးပေါ်ဖြစ်လာတဲ့အခါ ရုတ်တရက် ရေပြတ်သွားတာမျိုး မကြုံရနိုင်ပါဘူး။ အနဲဆုံး ရေ ရက် ၁၂၀ စာလောက် သိုလှောင်ထားဖို့ အစိုးရကဖြစ်စေ အထောက်ပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေက ဖြစ်စေ ကူညီပံ့ပိုးပြီး စီစဉ်ပေးတာမျိုး လုပ်ထားနိုင်ပါတယ်။
များသောအားဖြင့် အရင်ကတည်းက ရေရှားတဲ့ ပြဿနာ နဲ့ ကြုံခဲ့ရတဲ့ ဒေသတွေမှာ ဒါမျိုးတွေကို ကြိုတင် စီမံထားဖို့ လိုအပ်တယ်လို့ ဦးညွန့်လွင်က အကြံပေးပါတယ်။