သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆည်ကျိုးမယ့် အန္တရာယ်


Myanmar Dam - Myogyi Dam on Zawgyi River (MAESA website)
Myanmar Dam - Myogyi Dam on Zawgyi River (MAESA website)
ဆည်ကျိုးမယ့် အန္တရာယ်
please wait

No media source currently available

0:00 0:07:30 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ်တော့ ဆည်တွေ မကျိုးမပေါက်အောင် ဆည်မဆောက်ခင်ကတည်းက ဘာတွေလုပ်ဖို့ လိုတယ်၊ ဆောက်ပြီးဆည်တွေအတွက် သဘာဝအန္တရာယ် ကြုံလာရင် ဘာတွေလုပ်ရတယ် ဆိုတာတွေကို အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်က ပြောပြပေးမှာပါ။

“ဆည်ကတော့ ရေလှောင်နိုင်တဲ့ပမာဏကို နဂိုကတည်းက သတ်မှတ်ပြီးသား။တကယ်လို့ သတ်မှတ်တဲ့ ပမာဏထက်၊ လှောင်နိုင်တဲ့ ပမာဏထက် ရေတွေ ပိုပြီးဝင်လာရင် ကျွန်တော်တို့က ရေပိုလွှဲဆိုတာ spillway လို့ခေါ်တယ်။ ရေပိုလွှဲက ဆည်မှာ ပါပြီးသား။ ပိုလာတဲ့ရေတွေကို လွှဲပေးဖို့။ နောက်တခါ ရေပေးဖို့အတွက်ကျတော့ ရေထုတ်ပြွန် conduit ပေါ့နော်။ အဲဒါကလည်း ဆည်ဒီဇိုင်းမှာ ပါပြီးသားခင်ဗျ။ ရေကို လိုတဲ့အချိန်မှာ ထုတ်တယ်။ မလိုတဲ့ အချိန်မှာ ပိတ်ထားမယ်။ အဲဒီပြွန်ကနေ။ တကယ်လို့ သတ်မှတ်တဲ့ ပမာဏ၊ လှောင်နိုင်မယ့် ပမာဏထက် မိုးကပိုဝင်လာမယ်၊ ရေက ပိုဝင်လာမယ်ဆိုရင် ရေပိုလွှဲကနေပြီးတော့ သူ့ဒီဇိုင်းအတိုင်း ရေပိုလွှဲကနေ ထွက်သွားရမယ်။ တကယ်လို့ အဲဒီလို ရေပိုလွှဲကမှ မနိုင်တော့ဘူးဆိုရင် တချို့ဆည်တွေမှာ နောက်ထပ် အပိုပေါ့လေ။ ရေပိုလွှဲသဘောမျိုး safety အရ ထည့်ထားတာ ရှိပါတယ်။ အဲဒီကနေ ထပ်ပြီး လွှဲရတဲ့ အနေထား မျိုးတွေလည်း ရှိပါတယ်။”

“အဲဒါကမှ ထပ်ပြီး မနိုင်တော့ဘူးဆိုရင် အရမ်းကို အခြေနေ မကောင်းတော့ဘူးဆိုရင်တော့ ဒီဆည်ကြီးတခုလုံးက ကျိုးပျက်ပြီး dam failure ဖြစ်ပြီး ဆည်အောက်ခြေမှာရှိတဲ့ လူတွေ၊ ကျေးရွာတွေ၊ တိရိစ္ဆာန်တွေ အကုန်ပျက်စီး ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကြောင့်မို့ တချို့နေရာတွေမှာ အဲဒီလိုမျိုး ဆည်ကျိုးတဲ့အန္တရာယ်ကို ကာကွယ်ဖို့အတွက် Emergency spillway လို့ခေါ်တဲ့ နေရာတွေကနေပြီးတော့မှ ရေတွေကို ဖေါက်ထုတ်ပစ်ရတဲ့ အခါတွေလည်း ရှိပါတယ်။ အဲဒီလို ဖေါက်ထုတ်ပစ်လိုက်တဲ့ အတွက်ကြောင့် ဆည်အောက်ပိုင်းမှာ ရေကြီး ရေလျှံတာ တချို့တော့ရှိတယ်။ ဒါပေမယ့် ဒါက ဆည်ကျိုးတာနဲ့စာရင်တော့ အများကြီး ကံကောင်းသေးတယ်လို့ ပြောရမှာပါ။”

“၂၀၁၅ တုန်းက ဖြစ်ခဲ့တဲ့ ကျီးအုံကျီးမ ဆည်ဆိုရင် အဲဒီလို ပုံစံဆန်ဆန်မျိုး ဖြစ်ပါတယ်။ Emergency spillway တို့ ဘာတို့ကနေ ထုတ်ပစ်ရတဲ့ အနေအထားမျိုးလည်း ရှိပါတယ်။ တကယ်လက်တွေ့ ကြုံရရင် ဒါက မဖြစ်မနေ လုပ်ရမယ့်ကိစ္စပါ။ တကယ်တမ်းဆိုရင် ဆည်ကြီးတခုလုံး ကျိုးသွားမယ်ဆိုလို့ ရှိရင် ဒီ့ထက်ပိုပြီး ဒုက္ခရောက်တဲ့ အခြေနေကို အများကြီး ရောက်သွားနိုင်တာပေါ့။”

၁၉၇၅ ခုနှစ်က တရုတ်နိုင်ငံ Henan ခရိုင်ထဲက Banqiao ရေလှောင်ကန်ကြီးနဲ့ တခြားဆည်တွေ ကျိုးသွားတဲ့အတွက် လူပေါင်း တသိန်း ၇ သောင်းကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၁၁ သန်းလောက် အိုးအိမ်ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့် ဒီဆည်ကျိုးမယ့် အန္တရာယ်ကို သတိထားဖို့ လိုပါတယ်။

“မြန်မာပြည်မှာကတော့ ဆည်ကြီးတခုလုံး ကျိုးသွားပြီးတော့ လူတွေ သိန်းချီပြီးသေသွားတာတို့ ဘာတို့လို ပြဿနာမျိုးတွေကတော့ မရှိသေးပါဘူး။ တခြားနိုင်ငံတွေမှာကတော့ အများကြီး ရှိခဲ့ဘူးပါတယ်။ တရုတ်တို့ ဘာတို့မှာ ဒီလို တကယ် ဆည်ကျိုးပြီး သိန်းနဲ့ချီသေသွားတဲ့ အထောက်အထားတွေ ရှိပါတယ်။တရုတ်နိုင်ငံမှာ Banqiao ဆည်ကြီးက ၁၉၇၅ ခုနှစ်မှာ ရွာတဲ့မိုးကြောင့် ပေါ့လေ။ သူတို့အပြောကတော့ အနှစ်တထောင်လောက်မှာမှ တခါရွာတဲ့ အရမ်းကို ကြီးတဲ့ မိုးမျိုးပေါ့လေ။ ဒီလိုမိုးမျိုးနဲ့ ကြုံလိုက်တဲ့အခါ ဒီဆည်က တခါထဲ ကျိုးပေါက်ပြီး ဆည်အောက် နေ လူပေါင်း သိန်းနဲ့ချီ သေဆုံး သွားတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။”

“မြန်မာပြည်မှာတော့ အဲဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်တာမျိုးတော့ မရှိပါဘူး။ ရွာတွေ ရေမြုပ်တယ်။ ရေကြီးရေလျှံတယ်။ ဆည်ကျိုးမှ မဟုတ်ပါဘူး။ မိုကြီးရင်လည်း ရေထဲမျောပါပြီး လူတွေ ကျွဲနွားတွေ အိုးအိမ်တွေ မျောပါတာလည်း ရှိပါတယ်။ ဒါပေမယ့် ဆည်ကြီး ကျိုးသွားပြီးမှ အကုန်လုံး ဒုက္ခရောက်ပြီးမှ လူတွေ သိန်းချီပြီး သေသွားတယ် ဆိုတဲ့ အဖြစ်အပျက်မျိုးကတော့ မြန်မာပြည်မှာ မရှိသေးဘူး။- ”

ဆည်ကိုတည်ဆောက်ဖို့ လုပ်ကတည်းက လိုအပ်ချက်ပေါ်လိုက်ပြီး ဆည်ဒီဇိုင်းကိုချရတာ ဖြစ်ပေမယ့် သဘာဝဘေးအန္တရာယ်ကမမျှော်လင့်ပဲ ကြုံရတတ်တာကို သိထားဖို့ပါတယ်။

“ဆည်ဆောက်တယ်ဆိုတာ နည်းပညာအရ လိုအပ်ချက်တွေ၊ လေ့လာရမယ့် အချက်တွေကတော့ အများကြီးရှိတယ်။ တခါတရံကျတော့ ကိုယ်လိုချင်တဲ့အတိုင်း လုပ်လို့ မရနိုင်ဘဲနဲ့ သဘာဝရဲ့ ပေးထားချက်တွေရှိတယ်။သဘာဝရဲ့ ပေးထားချက်တွေပေါ်မူတည်ပြီးမှ ချင့်ချိန်လုပ်ရတဲ့ အခါကျတော့ လူအများထင်ထားသလို ဆည်တွေဆောက်လိုက်ရင် ပတ်ဝန်းကျင်အတွက်လည်း တိုးတက်လာမယ်။ လျှပ်စစ်တွေလည်းရမယ်၊ ဆိုတာမျိုးမှန်းထားတာရှိတယ်။”

“၂၀၁၅ ခုနှစ်က စေတုတ္တရာ မြို့နယ်ထဲမှာ ရှိတယ်လို့ ပြောလို့ရတဲ့ ကျီးအုံကျီးမ ဆည်ပေါ့။ မိုးတွေ အရမ်းကြီးပြီးမှ ရေတွေ အရမ်းကြီးတယ်။ ဆည်က ရေလှောင်နိုင်တဲ့ ပမာဏထက် မိုးက အရမ်းများလာတယ်။ မုန်တိုင်း တွေ တိုက်ပြီးတော့မှ၊ အဲဒီနှစ်မှာ တိုက်ဆိုင်တယ်။ အဲဒါကြောင့်မို့ ဆည်ရေပိုလွှဲကနေ ပြီးတော့မှ ရေတွေကို အများကြီး လွှဲချလိုက်ရတဲ့ အခါကျတော့ ဆည်ရဲ့ အောက်ခြေ အနိမ့်ပိုင်းတွေမှာ ရေကြီးပြီး လူတွေလည်း ရေဘေးဒုက္ခ အများကြီး ရောက်ခဲ့ကြတာပါ။”

“အဲဒီလိုရွာတဲ့ မိုးရေချိန်အကုန်လုံးကို ဖမ်းထားနိုင်အောင် အရင်တုန်းက ဒီဇိုင်း မလုပ်ခဲ့ဘူးလားလို့ မေးလို့ရတယ်။ သို့သော်လည်းပဲ ဆည်ကို ရေလှောင်ဖို့ လုပ်တဲ့အခါမှာ သူ့ရဲ့ ရေ level ကမြင့်လာလေ ရေပြင်ရဲ့ အကျယ်ကလည်း များသွားလေ ဖြစ်ပါတယ်။ ရေပြင်ကျယ်ကျယ် လှောင်ဖို့ဆိုရင် မြေပြင်လည်း များများ လိုပါတယ်။ အဲဒီမှာ မြေပြင်က တကယ်လွတ်နေတဲ့ မြေပြင် ဖြစ်ရင်တော့ ပြဿနာ မဟုတ်ဖူး။ တချို့နေရာတွေက ကျေးရွာတွေ ရှိမယ်။ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အဆောက်အဦးလိုမျိုး ရှိမယ်။”

“အဲဒါတွေကို ရှောင်ရှားပြီး လုပ်ရတဲ့ အခါကျတော့၊ ကိုယ်လိုချင်တဲ့ ဒီဇိုင်းလည်း ရချင်မှရတာပေါ့။ သဘာဝရဲ့ ပေးထားချက်ပေါ်မှာပဲ မူတည်ပြီး လုပ်ရတဲ့ အခါကျတော့ တချို့နေရာ တွေမှာ ဒီလို လိုအပ်ချက်တွေရှိသွားတာ တွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အခါမျိုးတွေဆို သာမန်အရပ်သားတွေ အတွက်ကတော့ ဆည်ဆောက်လိုက်လို့ ဒီလိုမျိုး ရေတွေ ကြီးသွားတယ် ဆိုတဲ့ အမြင်မျိုးလည်း ရှိပါတယ်။ ဒီလိုဖြစ်တာကို တကယ်တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေက ပညာပေးတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။”

လျှပ်စစ်ရဖို့ဖြစ်စေ၊ စိုက်ပျိုးမြေနဲ့ ဒေသခံတွေအတွက် ရေရအောင်ဖြစ်စေ ရေကြီါ်ရေလျှံမှုကို ကာကွယ်ဖို့ ဖြစ်စေ လိုအပ်လို့ ဆည်ဆောက်ရမယ် ဆိုရင် ဝန်းကျင်မပျက်စီးအောင် အဓိကထား ရမှာမို့ မဆောက်ခင် သေချာ စူးစမ်းဖို့ လိုအပ်ပါတယ်။

“ဆည်တွေမဆောက်ခင်မှာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု တိုင်းတာတဲ့ EIA Environmental Impact Assessment တို့ SIA Social Impact Assessment တို့ ကို ဆည်မဆောက်ခင်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ မဖြစ်မနေ လုပ်ရမယ်။ ဒီ ရီပို့တွေ ထွက်လာတဲ့ အခါမှာလည်း တကယ် ဆောက်မယ့် ပညာရှင်တွေက အဲဒီမှာ ညွှန်ကြားထားတဲ့ အတိုင်း လိုအပ်ချက်တွေကို မဖြစ်မနေ ဖြည့်ဆည်း ပြီးတော့မှ ဆောက်ဖို့ လိုအပ်တယ်။”

“ဆောက်တဲ့အခါတွေမှာလည်း တတ်နိုင်သမျှ ပေါ့လေ။ ပထမဦးဆုံး အနေနဲ့ကတော့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးဖို့ လိုတယ်။ Prevention ပေါ့လေ။ ဒါမှမဟုတ်လည်း သဘာဝ ဝန်းကျင်ထိခိုက်မှု လျော့နဲ သက်သာသွားအောင် လုပ်ပေးဖို့လိုတယ်။ နောက် တခုက ဆည်ဆောက်လိုက်လို့ ရှိရင် ဆည်ကြောင့်နစ်နာသွားတဲ့ဒေသခံတွေ ဖြစ်ဖြစ် စိုက်ပျိုးမြေတွေအတွက် သက်ဆိုင်ရာက တန်ရာတန်ကြေး လျော်ကြေးပေးပြီးတော့မှ သူတို့ရဲ့ ဘဝရပ်တည်မှုအတွက် အာမခံချက် ပေးပေးဖို့လိုပါတယ်။ ဒါ့ကြောင့်မို့ စိုက်ပျိုးရေအတွက်ပဲဖြစ်ဖြစ်၊ သောက်သုံးရေ အတွက်ပဲဖြစ်ဖြစ် စက်မှုလုပ်ငန်း အတွက်ပဲဖြစ်ဖြစ် တကယ်လိုအပ်တယ် ဆိုရင်တော့ ခုနပြောတဲ့ အချက်အလက်တွေကို နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သေသေချာချာ လေ့လာပြီး၊ အချိန်ယူပြီးတော့မှ ဆောက်သင့်ပါတယ်။”

အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်ပါ။

XS
SM
MD
LG