ဒီကနေ့ လူသားတွေရဲ့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ သိပ္ပံပညာ၊ ဆေးလောက တိုးတက်မှုဟာ သတ္တဝါတွေထဲက အသိဉာဏ် အမြင့်ဆုံး ဖြစ်တဲ့ လူသားတွေကြောင့် ဖြစ်ပြီး သက်ရှိ ဇီဝကို အခြေခံတဲ့ အသိဉာဏ်ကို အတိုးတက်ဆုံး အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။ အသက်မရှိပေမယ့် လူသားတွေရဲ့ အသိဉာဏ်လောက် ရလာအောင် ကျိုးစားတဲ့ နည်းပညာကို Artificial Intelligence ခေါ်ပါတယ်။ Artificial သဘာဝ မဟုတ်တဲ့ တုပထားတဲ့ Intelligence အသိဉာဏ်ပါ။ ဇီဝ စဉ်းစားမှု မရှိတဲ့ စက်ကရိယာ၊ ကွန်ပြူတာတို့နဲ့ တီထွင်ထားတဲ့ အသိဉာဏ်လု့ို လည်း ခေါ်နိုင်ပါတယ်။
အဇီဝ အသိဉာဏ် သုံး နည်းပညာများကို ဖန်တီးရာမှာ ပညာရပ် အတော်များများကို အခြေခံပြီး သုတေသနတွေ လုပ်ရတာပါ။ ဘယ်လိုပညာရပ်တွေပေါ်မှာ အခြေခံပါသလဲ။
သိပ္ပံဘာသာရပ် တခုထဲနဲ့ ဒီနည်းပညာကို မတီထွင်နိုင်ပါဘူး။ ကွန်ပြူတာနည်းပညာ၊ သင်္ချာနည်းပညာ၊ စက်ရုပ်နည်းပညာ ရပ်တွေ ပါဝင်တဲ့ အင်ဂျင်နီယာ နည်းပညာ တခုထဲနဲ့ AI စက်ရုပ်တွေကို ဆောက်လုပ်လို့ မရပါဘူး။ နောက်ထပ် လိုအပ်တာတွေက စိတ်ပညာ၊ ဘာသာစကားတွေကို လေ့လာတဲ့ linguistic ၊ ဒဿနိက ဗေဒ ဘာသာရပ်ရဲ့ တွေးခေါ်မှု အပိုင်းတွေပါ။ လူတွေ တွေးခေါ်သလို စက်တွေ တွေးလာအောင်၊ လူတွေရဲ့ စိတ်ထဲက ဆုံးဖြတ်ချက်တွေ အတိုင်း ဆုံးဖြတ်နိုင်အောင် သင်ပေးလို့ရမလား ဆိုတဲ့ အဇီဝ အသိဉာဏ်ကို ဖန်တီးယူတာပါ။ ဒါ့အပြင် neuroscience လို့ခေါ်တဲ့ ဦးနှောက်ကို ဖွဲ့စည်းထားတဲ့ Nuron ဆဲလ်တွေကို လေ့လာတဲ့ ပညာကလည်း အဇီဝအသိဉာဏ် ဖန်တီးရေးမှာ သိပ်ကို အရေးပါပါတယ်။
အသက်မဲ့ အဇီဝ အသိဉာဏ်ဟာ သက်ရှိတွေရဲ့ အသိဉာဏ်နဲ့ ဘာကွာပါသလဲ။
ဇီဝလောကထဲမှာ အသိဉာဏ် အကောင်းဆုံး အထက်မြက်ဆုံးက လူသားဖြစ်ပါတယ်။ လူပြီးရင် ဒုတိယ လိုက်တာက ချင်ပန်ဇီ မျောက်ဝံတွေ လို့ သတ်မှတ်ထားပါတယ်။ ဒီ ချင်ပန်ဇီနဲ့ လူတို့ဟာ မျိုးဗီဇ DNA မှာ ၉၉ % တူညီပါတယ်။ ကွာခြားမှုကတော့ စဉ်းစားတွေးခေါ် မျှော်မြင်တာ၊ ဘာသာစကားကို ကောင်းကောင်း ပြောနိုင်တာ၊ တီထွင်နိုင်တာ၊ creativity ဖန်တီးနိုင်တာ၊ မရှိရှိတဲ့ ပစ္စည်းလေးနဲ့ ဘာလုပ်နိုင်မလဲ ဆိုတဲ့ အသိဉာဏ်ပါ။ အဲဒီအသိဉာဏ် ကြောင့် ချင်ပန်ဇီနဲ့ လူကြား ကွားခြားမှုဘယ်လောက် ရှိတယ် ဆိုတာ သိနိုင်ပါတယ်။
အဇီဝ သက်မဲ့အသိဉာဏ်နဲ့ တီထွင်ထားတဲ့ စက်တွေကို လက်ရှိမှာ ဘယ်နေရာတွေမှာ သုံးနေပါသလဲ။
ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ သုံးနေတဲ့ မောင်းသူမဲ့ ကားတွေ၊ ဒရုံးယာဉ်တွေ ဟာ Artificial Intelligence ကို သုံးထားတာ ဖြစ်ပါတယ်။ ကားလုပ်ငန်းမှာ ထောင်နဲ့ ချီထုတ်လုပ်နေတဲ့ ကားတွေအတွက် ဂဟေဆော်တာ၊ စက်တွေ ဆင်တာ၊ အင်ဂျင်တင်တာတွေက အစ ရိုဘော့ စက်ရုပ်တွေနဲ့ လုပ်ပေးနေပါ။
ဆေးပညာမှာ ဥပမာ ကျောက်ကပ် အစားထိုးတာကို ကြည့်ရင် အစားထိုးမယ့် သူနဲ့ ကိုက်ညီမယ့် သွေးအမျိုးအစား၊ ခြင်ဆီ တူမတူ နာရီပိုင်းအတွင်း စစ်ဆေးရာမှာ သုံးကြသလို၊ ဆေးအမျိုးအစား အသစ်တွေဖေါ်စပ် ရာမှာ လည်း သုံးပါတယ်။ ဒါ့အပြင် နာမကျန်း ဖြစ်နေသူတွေ၊ သက်ကြီး ရွယ်အိုတွေ နေ့စဉ်သွားလာ လှုပ်ရှားရေးမှာ လိုအပ်တာကို အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် သူနာပြု စက်ရုပ်တွေကို စသုံးနေပါပြီ။
အခုခေတ်မှာ AI ကြောင့် တိုးတက်လာတာ နောက်တခုက ဘာသာပြန်တဲ့နေရာမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ရေးထားတာကို ခလုပ်နှိပ်လိုက်တာနဲ့ မြန်မာလို ပြန်ပြီးသား ဖြစ်သွားတာဟာ AI ကို သုံးထားတာပါ။ ဥပမာ google now မှာ လက်ကိုင်ဖုံးနဲ့ သုံးတဲ့အခါ လမ်းနံမယ်က ရုရှားလိုရေးထားတာကို အိုင်ဖုံးက ကင်မရာနဲ့ ချိန်ပြီး ဓါတ်ပုံရိုက်တာနဲ့ အင်္ဂလိပ်ဘာသာ ပြန်ပြီးသား ရတာမျိုးပါ။ နောက် ကိုယ့်ကားရပ်ခဲ့တဲ့ နေရာကို ဖုံးနဲ့ ပြန်ရှာနိုင်တာမျိုးလည်း လုပ်နိုင်ပါပြီ။
အခုလို လူသားတွေရဲ့ နေ့စဉ်ဘဝထဲ အသုံးတဲ့လှတဲ့ အဇီဝ အသိဉာဏ်ရှိ စက်တွေ သုံးနိုင်ပြီဖြစ်သလို အခုထက် ပိုပြီး အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့လည်း ဆက်ပြီး ကျိုးစားနေကြတာပါ။
ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခန်းထဲကို ကိုယ်ဝင်လာမှ အပူချိန် ချက်ချင်း ပြောင်းပေးတာတွေ၊ အသံပျောက်သွားတဲ့ သူအတွက် မူလအသံ ပြန်ရအောင် လုပ်ပေးးဖို့ သူ စကား ပြောနိုင် ချိန်က အသံကို ပြန်သုံးနိုင်ဖို့ လုပ်ပေးတာတွေ၊ နောက် ဆယ်နှစ်လောက် ဆိုရင် အခု သုံးနေတဲ့ YouTube မှာ အင်္ဂလိပ်ဇာတ်လမ်းတွေ ထဲက မင်းသား မင်းသမီး အသံတွေကို တောက်လေ ျှာက် အလိုအလေ ျှာက် ဘာသာပြန်ပေး တာမျိုးတွေ လုပ်နိုင် အောင် အခုစပြီး လုပ်နေကြပြီ ဖြစ်ပါတယ်။
ဒါ့တွေအပြင် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေ၊ စူးစမ်းရှာဖွေရေး လုပ်ငန်းတွေမှာလည်း ဒီနည်းပညာဟာ သိပ်ကို အရေးပါတာပါ။
တကယ်လို့ အိမ်မီးလောင်နေချိန်မှာ မီးသတ်သမား ဝင်လို့မရဖြစ်နေမယ် ဆိုရင် အထဲမှာ လူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဘယ်နေရာမှာ ကျန်နေတယ် ဆိုတာကို စက်ရုပ်တွေ လွှတ်ပြီး ရှာဖွေ ကယ်တင်ပေးနိုင်ပါပြီ။
ဒါ့အပြင် တွင်းထွက် သတ္တုရှာဖွေရာမှာ စက်ရုပ်ကို လွှတ်ပြီး ရှာဖွေနိုင်တာ ဖြစ်ပြီး သတ္တု အမျိုးအစား တင်မက ပါဝင်နှုန်းတွေကိုပါ ချက်ချင်း သိအောင် လုပ်နိုင်တဲ့ နည်းပညာတွေပေါ်လာပါပြီ။
လက်ရှိမှာ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး နာဆာက ကမ္ဘာကနေ လနဲ့ချီ သွားမှ ရောက်တဲ့ အင်္ဂါဂြိဟ်ပေါ်ကို စက်ရုပ်ကားကလေးတွေ လွှတ်တင်ထားပြီး အဲဒီက သိပ္ဗွံဆိုင်ရာ အချက်အလက်တွေကို AI နည်းပညာသုံးပြီး ဆန်းစစ်နေတယ်လို့ နာဆာက သိပ္ဗံပ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။