၂၀၁၈ ခုနှစ်မှာ စက်မှုနည်းပညာဆိုင်ရာ တိုးတက်မှု အများအပြားရှိခဲ့ပါတယ်။ ဒီအထဲက ထူးခြားတဲ့ တိုးတက်မှုတချို့ကို နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
၂၀၁၈ မှာ သိပ္ပံနည်းပညာဆိုင်ရာ ထူးခြားတဲ့ တိုးတက်မှု တခုက 3D နည်းပညာမှာ သတ္တုနဲ့ ပုံထုတ်နိုင်လာတာ ဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင်။ ။ “၃ ဘက်မြင် ရုပ်လုံးကြွ ပုံနှိပ်ခြင်းလို့ တိုက်ရိုက် ဘာသာပြန်လို့ရတဲ့ 3D Printing နည်းပညာဟာ တဟုန်ထိုး တိုးတက်လာပါပြီ။ ဒီနည်းပညာကို ထွင်ခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းကပါ။ အခု laser centering လို့ခေါ်တဲ့ သတ္တုအမှုန့်လေး တွေကို ပုံဖေါ်တဲ့ဟာကို သုံးတာဟာ ၄- ၅- ၁၀ နှစ်လောက် ရှိပါပြီ။ ဒီနှစ်ထဲမှာ ထွင်တာက ဘာလဲဆိုတော့၊ သာမန် ပလပ်စတိတ်နဲ့ ပုံဖေါ်တာ မဟုတ်ပဲနဲ့ stereo lithography လို့ခေါ်တဲ့ဟာ မဟုတ်ပဲနဲ့ သတ္တုနဲ့ ရုပ်လုံးကြွပုံနှိပ်လို့ ရနိုင်ပါပြီ။ ရိုးရိုး သံမဏိထက် ပိုပြီး ခိုင်မာ တောင့်တင်းတဲ့ ဒီ 3D ရုပ်လုံးကြွ ပစ္စည်းတွေကို အိမ်မှာ ရှိတဲ့ printer လို စက်မျိုးကနေ ရုပ်လုံးကြွပုံထုတ်နိုင်တဲ့ ပုံနှိပ်စက်ကို ဒီနှစ်ထဲ တီထွင်တာ တွေ့ရပါတယ်။
နောက်တခုကတော့ AI လို့ခေါ်တဲ့ အသိဉာဏ် ရှိတဲ့စက်ထုတ်လုပ်တဲ့ နည်းပညာ တိုးတက်လာတာပါ။
ဒေါက်တာပဒေသာတင်။ ။ “Artificial Intelligence လို့ဆိုရင် စက်ရုပ်လူသားတွေကို ကျနော်တို့ မျက်စိထဲမှာ တန်းမြင်တယ် ပေါ့နော်။ ဒါပေမယ့် စက်ရုပ်မဟုတ်ပဲနဲ့ စက်ရုံတွေ၊ ဆေးရုံတွေ၊ သုတေသန ဌာနတွေမှာ ဒီ Artificial Intelligence ရဲ့ အ- သဘာဝ အသိပညာနဲ့ ကွန်ပြူတာနဲ့ ထိန်းချုပ်ပြီးတော့မှ system စံနစ်ကြီး တခုလုံး၊ စက်ရုံကြီး တခုလုံးကို လည်ပတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ AI ရဲ့ အဆင့်က အခု အချိန်မှာ တကယ်ကို ထိထိရောက်ရောက် သုံးတာက Microsoft တို့၊ google ဂူဂယ်လ် တို့ Amazon အမေဇုံတို့လို သိပ်ကြီးတဲ့ ကမ္ဘာ့ ကုမ္ပဏီကြီးတွေက အသုံးပြု တာရယ်၊ သုတေသန လုပ်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
ဒါပေမယ့် AI တီထွင်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေ အများကြီး ရှိပါတယ်။ စမတ်ဖုံး၊ စမတ် တီဗီပေါ့။ မိမိကျွမ်းကျင်တဲ့ ဘာသာ စကားနဲ့ ဥပမာ မြန်မာလို့ခိုင်းရင် ဖေ့စ်ဘုတ်ဖွင့်ပေးပါလို့ ပြောရင် ဖေ့စ်ဘုတ် ဖွင့်ပေးမယ်။ ဘယ်သူ့တယ်လီဖုံးကို ခေါ်ပေးပါဆိုတာနဲ့ ချက်ချင်း directory ရှာစရာ မလိုပဲနဲ့ တန်းပြီး ခေါ်ပေးတာ၊ ဒါတွေက Artificial Intelligence နဲ့ လုပ်ထားတဲ့ ကွန်ပြူတာ နည်းပညာတွေပါ။ ဈေးနှုန်းရှာတာ၊ ဝယ်တာက အစ ကွန်ပြူတာမှာ ဒီဇိုင်းဆွဲပြီးတော့ တွင်ခုံ ခုတ်ခိုင်းတာတွေ ပေါ့နော်။ ဒါ ကြာပါပြီ။ ဒီအိုင်ဒီယာကတော့၊ ဒါအစဦးဆုံး စသုံးတဲ့ CNC (Computer Numerical Control) machine လိုမျိုး၊ ကွန်ပြူတာနဲ့ ဒီဇိုင်းလုပ်ပြီးမှ တွင်ခုံကို ခိုင်းလိုက်တာ။
နောက်တခုကတော့ စက်ရုံထုတ်ပစ္စည်းတွေမှာ အရည်အသွေးထိန်းချုပ်တဲ့ quality control လုပ်တဲ့အခါ AI ကိုစသုံးနေပါပြီ။ ဒီနည်းပညာကို လူတိုင်း အလွယ်တကူ သုံးလို့ရအောင် Artificial Intelligence ရဲ့ ကျောရိုး software ကြီး တခုလုံးကို အင်တာနက်ထဲမှာ ဒေါင်းလုပ်ပေးပြီးတော့ သုံးလို့ရအောင် လုပ်နေတဲ့ နည်းပညာကို ဒီနှစ်ထဲမှာ ထွင်ပါတယ်။
AI နည်းပညာသုံး ကွန်ပြူတာ ၂ ခု ကို ဉာဏ်ယှဉ်ပြီး သဘာဝလွန်ပုံတွေ အသံတွေ ဖန်တီးလာနိုင်တာ ကလည်း ထူးခြားတဲ့ တိုးတက်မှုပါ။
ဒေါက်တာပဒေသာတင်။ ။ “နောက်တခုကတော့ Artificial Intelligence နဲ့ Neural Networks ပေါ့နော်။ ကွန်ပြူတာ network တွေနဲ့ သုံးတဲ့ နည်းပညာတခုပါ။ အ-ဇီဝနည်းပညာ ပေါ် အခြေခံပြီးတော့ ရုပ်နဲ့ အသံကို သဘာဝအတိုင်း ဖန်တီးတီထွင်မှု တခု ဖြစ်ပါတယ်။ ဒီ AI နည်းပညာနဲ့ ရုပ်ပုံနဲ့ အသံပုံဖေါ်ယူတာပါ။ AI သုံးနေတဲ့ ကွန်ပြူတာကို ပုံကို တိုက်ရိုက်လေ့လာခိုင်းပြီးတော့ ဒီပုံက တူတာလား ၊ တကယ်လား ဆိုတာကို ဆန်းစစ်ဖို့အတွက် နောက် AI နဲ့ run လုပ်နေတဲ့ ကွန်ပြူတာ တခုကို စုံစမ်း ခိုင်းလိုက်ပါတယ်။ တကယ်လို့ ဒုတိယ AI စက်က ဘာကြောင့် တူတာလဲ ဆိုတာကို အဖြေပေးလိုက်တယ်။ ဒီအဖြေကို ပထမ စပြီးတော့ ပုံတူ ရုပ်တူ ပုံစံဖေါ်တဲ့ စက်က မှားသလား၊ မှန်သလား ဆိုတာကို လက်ခံပြီးတော့ ဒီထက် ပိုပြီးတော့ သဘာဝနဲ့ နီးစပ်တဲ့ပုံ တူအောင် ပြန်လုပ်တာ၊ အဲဒီတော့ ဟိုဘက် ကွန်ပြူတာရဲ့ AI နဲ့ ဒီဘက် ကွန်ပြူတာနဲ့ကို တဖက်တဖက် ဉာဏ်ချင်း ယှဉ်ပြီးတော့ မှန်အောင် တဖြေးဖြေးပြင်ရင်းနဲ့ သဘာဝထက် ပိုပြီးတော့ သဘာဝလွန် ပုံတွေ အသံတွေ ထွက်လာတာ မြင်ရပါတယ်။
ဒီလို မမြင်ဘူးတဲ့ သဘာဝလွန် ရုပ်ပုံတွေ၊ အသံတွေဖန်တီးလာတာကို ဘယ်မှာ သုံးသလဲ ဆိုရင် ဥပမာ အားဖြင့် မောင်းသူမဲ့ ဘတ်စကားတွေ ထရပ်ကားတွေကို အခုစသုံးဖို့အတွက် ကြိုးစားနေတဲ့အခါ ကျတော့ အဲဒီမှာ sensor အာရုံခံစက်တွေ၊ ကင်မရာတွေကို တပ်ထားတယ်။ ဗီဒီယို ကင်မရာတွေနဲ့ ရုပ်တွေ အသံတွေကို ဖမ်းပြီးတဲ့အခါ ချက်ချင်း ဒီကားကို (feedback) အချက်လက် ပေးလိုက်ပြီး စတီရာရင် ကို ကွေ့မယ်၊ ရပ်မယ်၊ ရှောင်မယ် ဆိုတဲ့ဟာကို အသံနဲ့ ရုပ်ကိုကြည့်ပြီးတော့ အမြဲတမ်း feedback ပေး နေရတာပါ။ အဲဒီလို နေရာမှာ အသုံးအများဆုံး ပါပဲ။ ဒီနည်းပညာကို GAN ပေါ့နော်။ Generative Adversarial Network လို့ခေါ်ပါတယ်။ ဒီနည်းပညာရဲ့ ရည်ရွယ်ချက်ကတော့ မခိုင်းပဲနဲ့ သူဟာသူ သင်ယူသွားတာ ပေါ့နော်။ ဒီလို ဘယ်လောက် အကွာအဝေးမှာ ရှိရင် ကားကို ဘယ်လောက်နှုန်းနဲ့ မောင်းရမယ်၊ နှေးရမယ်၊ ရပ်ရမယ် ဆိုတာကို သူ့ဟာသူ စက်ကို ပြန်သင်သွားတာ ပေါ့နော်။ ကြည့်လိုက်- သင်လိုက်၊ ကြည့်လိုက်သင်လိုက်- ဒါကို unsupervised learning လို့လည်း ခေါ်ပါတယ်။ digital forensic တို့ ဘာတို့မှာလည်း သုံးပါတယ်။ ဒီနည်းပညာနဲ့ ကောင်းတာတွေ သုံးလို့ရသလို မကောင်းတာတွေလည်း သုံးဖို့ နည်းလမ်း သစ်တွေ ရသွားနိုင်တယ် ဆိုပြီး စိုးရိမ်စိတ်တွေလည်း ရှိနေပါတယ်။”
နောက် နည်းပညာတခုက လက်ကိုင်ဖုံးကို ဘာသာပြန်တယောက်လို သုံးနိုင်အောင် လုပ်လာ နိုင်တာ ဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင်။ ။ “စိတ်ဝင်စားဖို့ ကောင်းတဲ့ တီထွင်မှု နောက်တခုပါ။ အဲဒါကတော့ ဆဲလ်ဖုံးနဲ့ နားကြပ်နဲ့ နားထောင်ပြီးတော့ ဘာသာစကား ပြောတာချင်း မတူတဲ့ နောက်တယောက်နဲ့ လူ ၂ ယောက် စကားပြောတဲ့အခါ တယောက်နဲ့ တယောက် နားလည်အောင် ချက်ချင်း ဘာသာပြန်ပေး နိုင်တဲ့ နည်းစံနစ်ပါ။ အထူူးသဖြင့် ဘယ်မှာ သွား အသုံးဝင်သလဲ ဆိုတော့ ကမ္ဘာလှည့် ခရီးသွားတွေ အတွက်ပေါ့။ ဥပမာ မင်္ဂလာပါ ဆို ပြင်သစ်လို ဘီရန်းဘနျူး ဆိုပြီးတော့ တန်းထွက်သွား တယ်။ ဟိုဘက်က ပြင်သစ်လို Tres’ bon လို့ပြောရင် ကောင်းပါတယ်။ ခင်ဗျားရော နေကောင်းပါလား ဆိုတာကို မြန်မာလို အသံနဲ့ ပြန်ကြားရတယ်။ ကြားမှာ ဘာသာပြန် လူတယောက်က အလုပ်လုပ် ပေးနေတဲ့ အတိုင်း ချက်ချင်းကိုဘာသာ ပြန်နိုင်တဲ့ လက်ကိုင်ဖုံးနဲ့ နားကြပ်ကလေးကို ထွင်တယ်။
Face recognition လို့ခေါ်တဲ့ ကွန်ပြူတာ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာမှာလည်း တိုးတက်မှု ရှိခဲ့ပါတယ်။
ဒေါက်တာပဒေသာတင်။ ။ “ဆိုင်ဘာ လုံခြုံရေးပေါ့။ အွန်လိုင်း ပစ္စည်း ဝယ်တာ၊ ငွေစုတာ၊ ငွေချေတာ၊ တွေဟာ အခုဆို သမရိုးကျအလုပ်တွေလို ဖြစ်နေပါပြီ။ မသမာသူတွေက မှတ်ပုံတင် နံပါတ်တွေ၊ မွေးသက္ကရာဇ်တွေ၊ ဘယ်ဘဏ်ထဲမှာ ငွေဘယ်လောက် ရှိလို့ ဘယ်လို ကွန်ပြူတာနည်း နဲ့ လွှဲပြောင်းပြီး ခိုးယူတယ် ဆိုတာ တော်တော်များများကခံနေရပါတယ်။ ဒါကိုဘယ်လို ကောင်းအောင် လုပ်မလဲ ဆိုတာ ကွန်ပြူတာ ပရိုဂရမ် ရေးသူတစုက မိမိရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာ တွေကို အွန်လိုင်းပေါ်မှာ ပစ္စည်း တခုဝယ်တော့မယ် ဆိုလို့ရှိရင် ဘာမှ ပြောစရာ မလိုပဲနဲ့ တန်းပြီးတော့ ဝယ်လို့ ရအောင် နည်းပညာကို ထွင်လိုက်ပါတယ်။ face recognition ဆိုတာပါ။ ကိုယ့်ရဲ့ မျက်နှာကို မမြင်မချင်း ကွန်ပြူတာ ပေါ်မှာ ဒါမှမဟုတ် လက်ကိုင်ဖုံး ပေါ်မှာ ပစ္စည်း ဝယ်လို့ မရအောင် လုပ်တာပါ။
သဘာဝ ဓါတ်ငွေ့ကို လေထုညစ်ညမ်းစေတဲ့ ဓါတ်တွေမထွက်ပဲ သုံးနိုင်အောင်လည်း တီထွင်နိုင်ခဲ့ပါတယ်။
ဒေါက်တာပဒေသာတင်။ ။ “ကမ္ဘာပေါ်မှာ သဘာဝ ဓါတ်ငွေ့နဲ့ စွမ်းအင်ကို သုံးပြီး လျှပ်စစ်နဲ့ စက်ရုံတွေကို လည်နေတာက ၁၀ % ရှိပါတယ်။ ဒီသဘာဝ ဓါတ်ငွေ့နဲ့ လျှပ်စစ်ပြောင်းတဲ့အခါ မီးရှို့လိုက်ပြီး အပူစွမ်းအင် ထုတ်လိုက်တဲ့ အခါ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့က ထွက်လာတယ်။ ဒါ ဟာ လေထုညစ်ညမ်းမှုမှာ အဆိုးဆုံး ပါပဲ။ အဲဒါကို သူတို့က ဘာပြန်လုပ်လိုက်သလဲ ဆိုတော့ ခေါင်းတိုင်က ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စက်တခုထဲမှာ ဖိအား အပူချိန် အရမ်းမြင့်အောင် လုပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို အသွင်ပြောင်းအောင် လုပ်လိုက်တယ်။ super critical carbon dioxide လို့ခေါ်ပါတယ်။ သူ့ကို စွမ်းအင် တမျိုး အနေနဲ့ သုံးခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ကင်းစင်သွားအောင် လုပ်နိုင်တဲ့ တီထွင်မှု အနေနဲ့ မှတ်တမ်းတင် ထားပါတယ်။
နည်းပညာ ဆိုင်ရာ တိုးတက်မှုတွေနဲ့ အတူ ဆေးပညာလောက အတွက် သိပ်အသုံးဝင်တဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ မြို့ပြဆောက်လုပ်ရေး ဆိုင်ရာ ထူးခြားတဲ့ တိုးတက်မှုတွေလည်း ရှိနေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။