၂၀၁၅ ခုနှစ်ဟာ အမေရိကန် လေကြောင်းနဲ့ အာကာသ သိပ္ပံ ဦးစီးဌာန NASA ရဲ့ အာကာသ စူးစမ်းရေးမှာတင်မကပဲ လူသားအကျိုးပြု သုတေသနလုပ်ငန်းတွေမှာပါ အောင်မြင်မှုတွေ ရခဲ့တဲ့ နှစ်လို့ နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။
New Horizon ဂြိုဟ်တုဟာ နေနဲ့ အလှန်းဝေးကွာတဲ့ စကြာဝဋ္ဌာ အစွန်အဖျားက ဂြိုဟ်တခုဖြစ်တဲ့ ကမ္ဘာနဲ့ မိုင်သန်းပေါင်း ၃ ထောင်ကျော်ဝေးတဲ့ ပလူတိုဂြိုဟ်ကို ဇူလိုင်လမှာ ရောက်ရှိဖြတ်သန်းနိုင် ခဲ့ပြီး တခါမှ မမြင်ဘူးသေးတဲ့ ပလူတိုရဲ့ မြေမျက်နှာပြင် ဓါတ်ပုံတွေနဲ့ သိပ္ပံအချက်အလက်တွေကို ပေးပို့နိုင်ခဲ့တာပါ။ ဒါ့အပြင် အနီရောင်သန်းနေတဲ့ ကမ္ဘာကနေ မိုင်ပေါင်း ၂၂၅ သန်းကွာဝေးတဲ့ အင်္ဂါဂြိုဟ် မှာ အခုအချိန် စီးနေတဲ့ ရေရှိနေသေးတယ် ဆိုတဲ့ အချက်အလက်တွေကို Mavin ဂြိုဟ်တုနဲ့ စက်တင်ဘာလထဲမှာ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သက်ရှိတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိကြောင်း အထောက်အထားတွေကို အခုချိန်ထိ အဲဒီဂြိုဟ်ပေါ်မှာ လှုပ်ရှားနေတဲ့ စက်ရုပ်ကလေး ၂ ရုပ်က ဆက်ပြီး ပေးပို့နေတာပါ။ ဒါဟာ ၂၀၃၀ မှာ အင်္ဂါဂြိုဟ်ပေါ် လူသားလွှတ်တင်ဖို့ နာဆာရဲ့စီမံကိန်း ကြောင့် အခုလို အလေးထား လေ့လာနေတာဖြစ်ပါတယ်။ ဒီလို သွားရောက်ဖို့ စမ်းသပ်နေတဲ့ Orion လူစီးဒုံးပျံ ရဲ့ အစိတ်အပိုင်းတွေကိုလည်း ဒီနှစ်ထဲမှာပဲ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ပါပြီ။
နေနဲ့ အနီးဆုံးဖြစ်တဲ့ မာကျူရီခေါ် ဗုဒ္ဓဟူးဂြိုဟ်မှာ နေဘက်အခြမ်းက အပူချိန်ဟာ ၈၅၀ ဒီဂရီ ရှိသလို တဖက်အခြမ်းမှာ အနှုတ် ၁၇၀ လောက်ရှိနေတာပါ။ ဒီဂြိုဟ် ကို မက်ဆင်ဂျာ ဂြိုလ်တု လွှတ်တင်ပြီး လေ့လာခဲ့တာပါ။
နာဆာက စူးစမ်းနေတဲ့ ဂြိုဟ်တွေဆီ အရောက် လွှတ်တင်နေတဲ့ဒုံးပျံတွေရဲ့ အခန်း ကဏ္ဍတွေမှာတင် အောင်မြင်နေတာ မဟုတ်ပါဘူး။ အာကာသကြည့်မှန်ပြောင်း တွေဆီက ရတဲ့ အချက်အလက်တွေကလည်း ထူးခြားလှပါတယ်။ လွှတ်တင်ထားတာ နှစ်ပေါင်း အစိတ်ရှိပြီဖြစ်တဲ့ Hubble အာကာသကြည့် မှန်ပြောင်းကြီးဟာ အခုထိ အလုပ်လုပ်နေဆဲဖြစ်ပြီး အာကာသဟင်းလင်းပြင်ရဲ့ လျို့ဝှက်ချက်တွေကို ပြောပြနေဆဲပါ။ Keppler မှန်ပြောင်းကတော့ ကမ္ဘာနဲ့ အရွယ်တူတဲ့ သက်ရှိသတ္တဝါတွေ နေထိုင်စားသောက်နိုင်မယ်လို့ ယူဆရတဲ့ ဂြိုဟ်ရှိနေတာကို ဒီနှစ်ထဲမှာပဲ တွေ့ရှိခဲ့ပါတယ်။
အလေးချိန်မဲ့တဲ့ အာကာသထဲမှာ လူသားတွေ သွားလာနေထိုင်မယ် ဆိုရင် ကြုံရနိုင်တဲ့ အနေထားကိုတော့ ISS အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ လေ့လာမှု လုပ်နေတဲ့ သိပ္ပံပညာရှင်တွေ ကတဆင့် သိနိုင်ပါတယ်။ ဂလလောက် စခန်းမှာ နေထိုင်တဲ့ အာကာသ ယာဉ်မှုး ၂ ယောက်မှာ ခဏခဏ မေ့တတ်လာတာကို ဒီနှစ်ထဲမှာပဲ သိခဲ့ရတာပါ။
နောက်အာကာသထဲမှာ စိုက်ပျိုးတဲ့ ဆပ်လပ်ရွက်ကို ဒီအာကာသ ယာဉ်မှုးတွေ ပထမဆုံးစပြီး စားနိုင်တာလည်း ဒီနှစ်မှာပဲ ဖြစ်ပါတယ်။