ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ မြို့ပေါ်ရပ်ကွက်တွေအတွက် သန်းခေါင်စာရင်း ကောက်ယူပြီး ပေမယ့် ရွာတွေဘက်မှာတော့ လုံခြုံရေးအခြေအနေကြောင့် မကောက်ယူနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူတဲ့ အထဲမှာ ဆီဆိုင်မြို့ ပါဝင်ပါတယ်။ မြို့ပေါ်ရပ်ကွက်အားလုံးကိုအောက်တိုဘာလ ၉ ရက် နေ့မှာ အပြီးကောက်ယူနိုင်ခဲ့ပြီး ရွာတွေဘက်ကိုတော့ လုံခြုံရေးအခြေအနေကြောင့် အခုချိန်ထိ သန်းခေါင်စာရင်း မကောက်နိုင်သေးဘူးလို့ ဆီဆိုင်မြို့ခံတဦးက VOA ကို ပြောပါတယ်။
စစ်ကောင်စီက ကောက်ယူနေတဲ့ သန်းခေါင်စာရင်းမှာ တတ်နိုင်တဲ့ဘက်က မပါဝင်ကြဖို့ကို အာဏာရှင်ဆန့်ကျင် သူတွေက တိုက်တွန်း ထားကြပြီး သန်းခေါင်စာရင်းကောက်ယူသူတချို့ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
ဆီဆိုင်မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့ကိုတော့ လုံခြုံရေးထားတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။ နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ ဆီဆိုင်မြို့ဟာ အခုချိန်မှာ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး စတင်နေကြပြီး ဒေသခံအားလုံး နေရပ်ပြန်မလာနိုင်သေးဘဲ တချို့က နီးစပ်ရာမြို့မှာ စစ်ရှောင်နေရတာပါ။ ဒီလို စစ်ဘေးရှောင်နေသူတွေကိုတော့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာပြီး သန်းခေါင်စာရင်း ကောက်ယူတယ်လို့လည်း ပြောပါတယ်။ ဒီလို သန်းကောင်စာရင်း ကောက်ယူမှုအတွက် သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခရှိတဲ့ နေရာတွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူတဲ့ အဖွဲ့တွေနဲ့အတူ စစ်ကောင်စီဘက်က လုံခြုံရေး လိုက်တာလည်း တွေ့ရပါတယ်။
Forum