ထိုင်းနဲ့ မြန်မာနယ်စပ် မြဝတီမြို့မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်း ထိုင်းဘက်ခြမ်း နယ်စပ်မြို့ မဲဆောက်မှာ ထိုင်း အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေး ရှာဖွေတာတွေ လုပ်နေပါတယ်။ အမှတ် (၁) ချစ်ကြည်ရေး တံတားနဲ့ နီးတဲ့ ရပ်ကွက်တခုမှာ မနေ့က နေအိမ်တလုံးကို ဝင်ရောက် ရှာဖွေချိန် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း တချို့ တွေ့ရှိခဲ့တာကြောင့် မြန်မာနိုင်ငံသား တချို့ကို ခေါ်ယူ စစ်ဆေးနေတဲ့အကြောင်း ထိုင်းသတင်းတချို့က ဖော်ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့က ကရင်ပြည်နယ် မြ၀တီမြို့မှာ မြ၀တီခရိုင်ရဲစခန်းကို ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအရာရှိ ဗိုလ်မှူးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တချို့ သေဆုံးခဲ့တာပါ။ ဒီဖြစ်ရပ်နောက်ပိုင်း ထိုင်းမြန်မာနယ်စပ် တလျှောက်မှာ ထိုင်းဘက်က လုံခြုံရေး တိုးမြှင့်ချထားပြီး နေအိမ်တချို့ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးတာတွေ လုပ်နေတာပါ။ ဒီလို ဝင်ရောက်ရှာဖွေတဲ့အချိန် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း တချို့ကို ထစိုင်လွတ်နယ်မြေက နေအိမ်တလုံးမှာ ဖမ်းမိခဲ့တဲ့အကြောင်း အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမိုးကြိုးက ဗွီအိုအေကို ပြောပါတယ်။
"ကရင်ပြည်နယ် မြ၀တီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နဲ့အဖွဲ့ကို ဒရုန်း နဲ့တိုက်ခိုက်တဲ့ ဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာတော့ အဲ့ဒီဒရုန်း ပြုလုပ်သူတွေဟာ ထိုင်းနယ်စပ်မှာမဲဆောက်ဘက်မှာ ခိုလှုံနေထိုင်နေတယ်လို့ ထိုင်းလုံခြုံရေးအဖွဲ့တွေက ယူဆတဲ့အတွက် ရှာဖွေ မှုတွေကို ဆက်တိုက် လုပ်လာပါတယ်။ အဲဒီတော့ စက်တင်ဘာလ ၅ ရက်နေ့က မဲဆောက်မြို့က ထစိုင်လွတ်နယ်မြေ အမှတ်၁ ရပ်ကွက်အတွင်းက နေအိမ်တလုံးကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဒရုန်းနဲ့ဆက်စပ် အပိုပစ္စည်း အမြောက်အများကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆက်လက်လည်း မသင်္ကာရင် မသင်္ကာသလို ရှာဖွေမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြောင်း ထိုင်းမာတီချွန်သတင်းမှာ ဖော်ပြပါတယ်။"
အခုဆိုရင် မြန်မာနယ်စပ်ကနေ ထိုင်းနယ်စပ်ကို တရားဝင် သွားလာလို့ ရတဲ့ ၇ ရက် နေထိုင်လို့ရတဲ့ လက်မှတ်နဲ့ တရားဝင် လာသူတွေကိုလည်း အထူးစောင့်ကြပ် စစ်ဆေးတာတွေ ရှိနေတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
"မြန်မာနိုင်ငံဘက်ကနေ မဲဆောက်ဘက်ကို တံတားကူးလာတဲ့ မြန်မာနိုင်ငံသားတွေကို အရင်ကထက် အထူး စစ်ဆေး စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။"
ဒီရက်ပိုင်းအတွင်းမှာပဲ တာခ့်ခရိုင်အတွင်းက တာဝန်ရှိသူတွေ ထိုင်းမြန်မာနယ်စပ်ကို လာရောက်ကြည့်ရှု စစ်ဆေးတာတွေ ရှိနေပြီး မြန်မာနိုင်ငံသားတွေ အနေများတဲ့ နေရာတွေကို စစ်ဆေးတာတွေ လုပ်နေပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုတွေကို အဓိကထား ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံမှာ နယ်မြေ မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးကို တင်းကြပ်စစ်ဆေးလာတာ ဖြစ်ပါတယ်။