သယံဇာတ တူးဖေါ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဖားကန့်ဒေသမှာ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ သဘာဝဝန်းကျင် ပျက်စီးမှုမျိုး ဘာကြောင့် ဖြစ်လာရတယ် ဆိုတာကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အထွေထွေ အတွင်းရေးမှုး ဦးအေးလွင်က ပြောပြပေးမှာပါ။
ဦးအေးလွင်။ ။ “ဖားကန့်ဒေသရယ်မဟုတ်ဖူး တပြည်လုံးမှာ လုပ်တဲ့ ဘယ်ရင်းနှီးမြှုပ်နှံမှု မဆို ပတ်ဝန်းကျင်ကို ဂရု မစိုက်ရင် သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေကို မလိုက်နာရင် နောက်တခါ လုပ်ငန်းရှင်တွေကို ကွပ်ကဲတဲ့ ဌာနဆိုင်ရာတွေ တာဝန်မကြေမှုတွေ များလာရင်၊ တာဝန်မခံမှု၊ အမုန်းမခံမှုတွေ၊ နောက် စစ်ဆေးမှု monitor လုပ် စောင့်ကြည့် တာတွေ အားနဲလာရင်တော့ ဘာကိစ္စမဆို အလွယ်တကူ ပျက်မှာပဲ။ ရန်ကုန်စက်မှုဇုံလည်း ပျက်နိုင်တယ်။ မန္တလေး စက်မှုဇုံလည်း ပျက်နိုင်သလို ဖားကန့်လည်း ပျက်နိုင်တယ်။
ဒါပေမယ့် ဖားကန့်က ဘာလို့ ပိုပျက်သွားသလဲ ဆိုတော့ ဖားကန့်က ခေတ်အဆက်ဆက်က သူက ကျနော်တို့ ဒီ ကျောက်မျက်ဥပဒေ ပေါ်လာတဲ့ အခါ၊ ကျောက်မျက်ဥပဒေနဲ့ သတ္တုဥပဒေမှာ conflict ဖြစ် မကိုက်ညီတာတွေ ရှိနေတယ်။ အဲဒီမှာ ကျောက်မျက်ဥပဒေနဲ့ ထိန်းချုပ်တဲ့အပြင် ဖားကန့်ဒေသကို (ဖားကန့်မှုဖြစ်စေ တခြားဒီလို ဖြစ်နေတဲ့ နေရာက အများကြီးပါ) ဘာကြောင့် ဖြစ်သလဲ ဆိုတော့ အင်အားကြီး ကုမ္ပဏီတွေက၊ အခွင့်ထူးခံ ကုမ္ပဏီတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အရယူတဲ့အခါမှာ အဲဒီ ကုမ္ပဏီတွေကို တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေက ကြီးကြပ် ကွပ်ကဲမှု မလုပ်တော့ဘူး။ လုံးဝ မလုပ်တာတော့ မဟုတ်ဖူး၊ အမုန်းမခံတော့ဘူး။ အဲဒီ ကုမ္ပဏီတွေက တဆင့်ပြန်ပြီးတော့ သူတို့က sub contract ဆပ်ကန်ထရိုက်တွေ၊ ဆပ်ကန်ထရိုက်တွေကို ဥပဒေမှာ မပါပေမယ့် သူတို့ လုပ်ပိုင်ခွင့် ရသွားပြီးတော့ အဲဒီ ဆပ်ကန်ထရိုက်တွေကို ထိန်းချုပ်မှု အားနဲသွားတဲ့အခါမှာ ဒီပတ်ဝန်းကျင်က ပျက်စီးသထက် ပျက်စီးလာမယ်။ နယ်မြေတွေ ကန့်သတ်မှု မရှိဘူး၊ နည်းစံနစ်တွေလည်း ကန့်သတ်မှု မရှိဘူး အဲ ထိန်းကျောင်းမယ့် လူတွေ မရှိတော့ဘူး။ အဲဒါက အဖြေပဲ။”
အခုလို သဘာဝဝန်းကျင် ပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တုမိုင်းတွေလည်း ရှိနေပြီလို့ ပြောပါတယ်။
ဦးအေးလွင်။ ။ “လောလောဆယ်အခု လတ်တလော ဖြစ်တော့မယ့် ပျက်စီးတော့မယ့် မိုင်းက မော်ချီးသတ္တုတွင်းပါ။ လွိုင်ကော်ကပါ။ ဒါဟာလည်း အင်အားကြီး ကုမ္ပဏီ အင်အားကြီး အဖွဲ့အစည်း တခုက ယူထားတယ်။ အဲဒါကနေမှ သက်ဆိုင်ရာ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဆင့်ကဲဆင့်ကဲ ဆပ်ကန်ထရိုက်တွေပေး။ ကုမ္ပဏီကြီး တခုကို ပေး၊ အဲဒီကနေ ကုမ္ပဏီလတ် ကုမ္ပဏီကြီး ၆ ခုလောက်ကို ထပ်ပေး၊ အဲဒီကုမ္ပဏီကြီး ၆ ခု ၇ ခုကနေ ကုမ္ပဏီလေးတွေ ပေါက်စ တွေကို ထပ်ပေး။ အဲဒီအခါမှာ မူလက ကမ္ဘာကျော် စံနစ်တကျ တူးဖေါ်ထားတဲ့ မိုင်းဒီဇိုင်းနဲ့ လုပ်ထားတဲ့ မိုင်းထဲမှာ အချင်းချင်း တိုက်ပြီးတော့ ကုမ္ပဏီတွေက လုပြီးတော့ သတ္တုတွေ တူးနေတဲ့ အခါမှာ ပိုအန္တရာယ် ဖြစ်လာပြီးတော့ ဒီမိုင်းရဲ့ အနေထားဟာ စိုးရိမ်စရာ ဖြစ်လာတယ်။”
တကယ်ဆိုတော့ သတ္တုမိုင်းတူးတိုင်း ပတ်ဝန်းကျင်ထိခိုက်တာ မဟုတ်ပါဘူး။ ဝန်းကျင်ထိခိုက်အောင် လူကပဲ အဓိကလုပ်ဆောင်တာမို့ ဖားကန့်ကို နမူနာယူဖို့ သတိပေးပါတယ်။
ဦးအေးလွင်။ ။ “သတ္တုလုပ်ငန်းက တတ်ကျွမ်းတဲ့ကုမ္ပဏီတွေ၊ နောက် နည်းပညာကိုအဓိက လိုက်စားပြီးတော့ ဂရုတစိုက်လုပ်တဲ့ ကုမ္ပဏီတွေရှိရင် သတ္တုလုပ်ငန်းဖြစ်စေ၊ ဘယ်လုပ်ငန်းမဆို ပတ်ဝန်းကျင်ထိခိုက်ဖို့က အားနဲပါတယ်။ ဖားကန့်တင်မဟုတ်ပါဘူး။ သတ္တုမိုင်းတိုင်း ပတ်ဝန်းကျင် မထိခိုက်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာက လူကလုပ်လို့ ဖြစ်တာပါ။ ဘယ်သူက လုပ်လဲဆိုတော့။ လုပ်ငန်းရှင်ဘက်ကလည်း မှားမယ်။ လုပ်ငန်းရှင်တွေကို ထိန်းချုပ်ရတဲ့ ဝန်ကြီးဌာနတွေကလည်း ရှေ့မထွက်ဖူး။ အမုန်းမခံဘူး။ အဲဒီလိုပဲ အင်အားကြီး ကုမ္ပဏီတွေနဲ့ အခွင့်ထူးခံအဖွဲ့အစည်း တွေကလည်း သက်ဆိုင်ရာဌာနတွေ ကြီးကြပ်တာကို လက်မခံဘူး။ အဲဒါတွေဟာ နှစ်ပေါင်း ကြာလာတော့ တာဝန်ခံရမယ့် ဝန်ကြီးဌာနကလည်း တာဝန်ခံစရာ မလိုဘူး ထင်သွားတယ်။ တာဝန်ယူပြီး လုပ်ရမယ့် အဖွဲ့အစည်းတွေကလည်း တာဝန်ရှိတယ်လို့ မထင်တော့ပဲနဲ့ ဘယ်သူက တာဝန်ရှိမှန်း ဘယ်သူက တာဝန်ခံမယ့်လူမှန်း မသိပဲ ပျောက်သွားရင်းနဲ့ ဒီလို ဖြစ်သွားတာ။ ဖားကန့်ကတော့ ဒါ ဖားကန့်ကို သင်္ခန်းစာ ယူရမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ အခု အဓိကဒီလို ပြဿနာတွေ ဒီသတ္တုတွင်းနဲ့ ပတ်သက်ပြီးပြဿနာတွေ အများကြီး ကြုံနေရတယ်။ ဒီလိုကြုံနေရတဲ့ အဓိက အရင်းခံ အကြောင်းရင်းက ဘာပါလဲ။
ဦးအေးလွင်။ ။“အဓိက အကြောင်းရင်းက မြန်မာနိုင်ငံမှာ မူလကတည်းက သတ္တုတွင်း ဝန်ကြီးဌာန ဆိုတာ ဟိုးအရင် အင်္ဂလိပ်ခေတ်ကတည်းက ရှိတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာလည်း စံနစ်တကျဖွဲ့စည်းထားတယ်။ ကျနော်တို့ ငယ်စဉ်က ဝန်ထမ်းဘဝ ပေါက်စမှာတောင် ကျောင်းဆင်းခါစမှာ မြေလွှာကိုဖွင့် ပြည်ကိုမြှင့်အံ့ဆိုပြီး သတ္တုကဏ္ဍဟာ နိုင်ငံတော်အတွက် အင်မတန် အဓိကအားထားရတဲ့ စီးပွါးရေးလုပ်ငန်းဖြစ်တယ်။ အဲဒီကနေမှ တဆင့် စစ်အစိုးရ အဆက်ဆက် မှာလည်း ဒီလိုပဲ သတ္တုတွင်း ဝန်ကြီးဌာနက ကြီးကြပ်ကွပ်ကဲလာတဲ့ အခါမှာ အခုပြောတဲ့ စတင်ပြီးတော့ မှားယွင်းသွားတဲ့ အချက်က ၉၄ ခုနှစ်မှာ သတ္တုဥပဒေထွက်တယ်။ အဲဒီမှာ ပုဂ္ဂလိကတွေကို ပေးလုပ်တဲ့ အခါမှာ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်က အစိုးရကပဲ တာဝန်ယူပြီးလုပ်ရမယ် ဆိုတဲ့ အပိုင်းမှာ အသေးစားဆိုတဲ့ သတ္တုလုပ်ငန်းကို စတင်ခွင့်ပြုလိုက်တာဟာ အမှားပဲ။”
ဘယ်လိုကြောင့် မှားတယ်လို့ ပြောရတာပါလဲ။
ဦးအေးလွင်။ ။“ဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့ လုပ်ပိုင်ခွင့်ပေးလိုက်တာက ဧက ၅၀ အောက်။ ကျနော်မှတ်မိတာဆို ဒီလိုပဲ သစ်တောရေးရာ ဝန်ကြီးဌာနကလည်း ပုဂ္ဂလိကကို သစ်တွေစခုတ်ခွင့် ပေးတဲ့ အခါမှာဧက၅၀ ကို လုပ်ခွင့်လေးတွေ ပေးတယ်။ တနိုင်တပိုင်ပေါ့။ အဲဒီခေတ်က သတ္တုတွင်း ဝန်ကြီးဌာနက ဒါကို နမူနာ ယူပြီးတော့ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့် အောက်မှာဆိုရင် ဧက ၅၀ ထက် မပိုရဆိုပြီး စည်းကမ်းသတ်မှတ်လိုက်တယ်။ အဲဒီတော့ ဝန်ကြီးတယောက်က ၅၀ ထက်မပိုတဲ့ ဧကတွေကို အများကြီး ပေးလိုက်တယ်။ ဥပမာ ဦးဘကို ၄၉.၅ ဧက နောက်ဦးဘကို ၄၉.၅ ဧက ဦးဘတွေ အများကြီးကို ပေးလိုက်တော့၊ အဲဒီဦးဘ တယောက်ထဲပဲ အကွက်တရာ ယူလိုက်ရင် ဧက ၅ ထောင် ဖြစ်သွားတယ်။ ဒါပေမယ့် သူ့ဟာက အသေးစား ဆိုတဲ့ စည်းကမ်းချက်မှာ စမ်းသပ်တိုင်းတာ တာတွေ မပါဘူး။ အဲဒီခေတ်က။ exploration စူးစမ်းရှာဖွေခြင်း၊ ဆိုတာလည်း နားမလည်ဘူး။ ရှင်းရှင်း ပြောရရင် nature of mining industry ပေါ့၊ သတ္တုလုပ်ငန်းသဘာဝ။ သတ္တုတူးဖေါ်တယ် ဆိုတာက နည်းပညာကို အခြေခံရမယ်။ ဘူမိဗေဒ ဘာသာရပ် ပါရမယ်။ သတ္တုတွင်း အင်ဂျင်နီယာ ပါရမယ်။ သတ္တုဗေဒ အင်ဂျင်နီယာ ပါရမယ်။ တခြား management စီမံခန့်ခွဲမှုဆိုင်ရာ အင်ဂျင်နီယာ တွေရော စည်းစံနစ်ကျကျနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကမှ သတ္တုတူးလို့ ရတယ်။
ဒါပေမယ့် တဦးတယောက် ပေါင်းတွေ များစွာ နံမယ်တွေနဲ့ ဒီလိုလုပ်ပြီးတော့ အသေးစားတွေကို ၃ နှစ် တူးခွင့် သက်တမ်း ပေးတဲ့အချိန်မှာ သတ္တုတိုင်းတာတာလည်း မရှိဘူး။ ဘယ်လောက် သတ္တုပမာဏ ရှိတယ် ဆိုတာကလည်း တွက်ချက်ထားတာ မရှိပဲနဲ့ ပေးလိုက်ရင်းနဲ့ သတ္တု ဧရိယာ ရှိမရှိလည်း မသိပဲနဲ့ မြေကွက်တွေကို ရိုက်ပြီး ပေးသလိုပုံစံ စပြီး ဖြစ်ပေါ်ကတည်းက၊ ၃ နှစ်အတွင်းမှာ အကျိုးအမြတ်ရအောင်လို့ မည်သည့်ကာကွယ်ထိန်းသိမ်းတဲ့ နည်းပညာ၊ နည်းဥပဒေကိုမှ မသုံးပဲနဲ့ ကြုံသလို တူးရင်းနဲ့ သတ္တုလုပ်ငန်းက စတင်ပြီး ပျက်စီးလာတာ။
အမှားကတော့ အသေးစားတွေ အသေးစားတွေ ပေးလိုက်တာပါ။ အခုဆို ရှမ်းအရှေ့ဘက် တာချီလိတ်ဒေသမှာ မန်းဂနီစ့် သတ္တုသိုက်တွေ၊ ရွှေသတ္တုသိုက်တွေ၊ အဲဒီလိုပဲ ဧက ၅၀ - ဧက ၅၀ တွေနဲ့ ပေးလိုက်ရင်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှု အားနဲလို့ နေပါတယ်။”
မြန်မာနိုင်ငံထဲက ဒီလို အဖိုးတန် တခြားသယံဇာတတူးဖေါ်ရမယ့် နေရာတွေမှာလည်း ဖားကန့်လို မဖြစ်အောင် လုပ်ပေးရမှာပါ။
ဦးအေးလွင်။ ။ “ဖားကန့်ကို အခြေခံပြီး တခြားသတ္တုသိုက်တွေလည်း ဒီလို မဖြစ်အောင်လို့ ကျနော်တို့က အရင်းအနှီး တောင့်တင်းပြီး နည်းပညာမြင့်မြင့်မားမားနဲ့ လုပ်ကိုင်နိုင်တဲ့ ကုမ္ပဏီတွေကို သူတို့ လာရောက် လုပ်ကိုင်နိုင်တဲ့ နည်းဥပဒေတွေ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတာက ခုနပြောသလို သတ္တုတူးဖေါ်တဲ့ လုပ်ငန်းရှင်မှာလည်း တာဝန်ရှိသလို အစိုးရဌာန အဖွဲ့အစည်း အသီးသီးတွေမှာလည်း တကယ်တမ်း monitor မော်နီတာလုပ်ရမယ့် - စောင့်ကြည့်ရမယ့် အဆင့်တွေမှာ မလုပ်ဖူးဆို တာဝန်ရှိတယ်”
အစိုးရအဖွဲ့အစည်းတရပ်အဖြစ် တာဝန်ခံ တာဝန်ယူဖို့ လုပ်ရမယ့် သတ္တုတူးဖေါ်ရေးလုပ်ငန်း အတွက် သူနဲ့ သဘောသဘာဝချင်းမတူတဲ့ နောက်လုပ်ငန်းတခုဖြစ်တဲ့ သဘာဝ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းနဲ့ တွဲပြီး ဝန်ကြီးဌာန တခုထဲ အောက်မှာ စီမံခန့်ခွဲဖို့ လုပ်ခဲ့တာကြောင့်လည်း ဆုတ်ယုတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဦးအေးလွင်။ ။ “၂ ခုပေါင်းလိုက်တဲ့အတွက် တိုးတက်သလား မတိုးတက်သလား အဖြေက လက်ရှိအနေအထား က ပေါ်လွင်နေပြီပဲ။ အခု ခေတ်မှာ ပူးပေါင်းလိုက်တဲ့ ဒီ ၃ နှစ် အတွင်းမှာ သတ္တုတွင်းကဏ္ဍက တော်တော်လေးကို အခြေနေ အားနဲသွားပါတယ်။”
ဦးအေးလွင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။