သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသခံ မူဆလင်တွေအတွက် စစ်တွေတက္ကသိုလ် အဝေးသင်ဖွင့်မည်


စစ်တွေတက္ကသိုလ်
စစ်တွေတက္ကသိုလ်

စစ်တွေတက္ကသိုလ်တက်မယ့် မောင်တောခရိုင်အတွင်းက ၁၀ တန်းအောင် မူဆလင်ကျောင်းသားတွေအတွက် အဝေးသင် ဌာနခွဲတစ်ခုကို မကြာခင်မှာဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီလို့ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုလိုက်ပါတယ်။ မြန်မာစာနဲ့ သမိုင်းဘာသာရပ်ကို အဓိကသင်ကြားနိုင်ဖို့ ဆောင်ရွက်ပေးမှာဖြစ်ပြီး ဌာနခွဲတွေကို စစ်တွေနားက သက္ကေပြင်ကျေးရွာ၊ သံတွဲနဲ့ ဘူးသီးတောင် မောင်းတောဒေသတွေမှာ ဖွင့်လှစ်ပေးဖို့ စီစဉ်နေပြီလို့ဆိုပါတယ်။ ဒါပေမဲ့ ဝိဇ္ဖာဘာသာရပ်ဘဲသင်ယူခွင့်ရှိပြီး တခြားအသက်မွေးမှုပညာရပ်တွေ သင်ယူခွင့်မရတဲ့အပေါ်မှာတော့ မူဆလင်ကျောင်းသားတွေ ဘဝင်မကျဘူးလို့ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်ကိုဇော်ထက် တင်ပြပေးထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်းတောဒေသမှာရှိတဲ့ တက္ကသိုလ်တက်ရောက်မယ့် မူဆလင်ကျောင်းသားတွေ စစ်တွေမြို့မှာကျောင်းလာတက်ဖို့ အခက်အခဲရှိတာကြောင့် အဝေးသင်ဌာနခွဲတစ်ခုကို စီစဉ်နေပြီး လုပ်အားပေးမယ့် အခြားဒေသက တက္ကသိုလ်ဆရာမတွေကိုလည်း အနီးကပ်သင်တန်းတွေအတွက် ခေါ်ယူသွားမယ်လို့ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်နိုင်ကအခုလိုပြောပါတယ်။

“အဝေးသင်ဌာနခွဲဆိုတာ အဲဒီမှာသွားပြီးတော့ ကျောင်းသားတွေရဲ့ ကျောင်းအပ်တဲ့လျှောက်လွှာ လက်ခံပေးဖို့ ငွေကြေးကောက်ပေးမယ်၊ ပြီးတော့လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးမယ်။ ပြီးရင် အနီးကပ်သင်တန်း ပို့ချချက်တွေလုပ်ပေးမယ်။ ပြီးရင် စာမေးပွဲစစ်ပေးမယ်။ အဲဒီလုပ်ငန်းတွေ လုပ်ဖို့အတွက် ဘူးသီးတောင်၊ မောင်းတောဒေသမှာရှိတဲ့ အစ္စလာမ်တွေ စစ်တွေတက္ကသိုလ်ကို လာမတက်နိုင်တဲ့ သူတွေအတွက် အဝေးသင်ပညာရေးမှာ မြန်မာစာနဲ့ သမိုင်းဘာသာရပ်ကိုသင်ကြားခွင့်ရအောင်လို့ ကျွန်တော်တို့ စီစဉ်နေတုန်းရှိပါသေးတယ်။ ဟိုဘက်ကတက်မယ့်ကျောင်းသား ရှိမရှိပေါ်မူတည်ပြီးတော့ အဲဒီမှာဆက်ပြီး အကောင်အထည် ဖော်မှာဖြစ်ပါတယ်။ သူတို့က ဒီမှာလာတက်ဖို့လည်းလေ နည်းနည်း သူတို့အခက်အခဲရှိလို့။ ကျွန်တော်တို့ ကျောင်းအနေနဲ့ကတော့ အစ္စလာမ်တွေကိုလက်မခံဘူးလို့ မပြောဘူး။ ကျွန်တော်တို့ဆီမှာ လာတက်လို့ရှိရင်ကျွန်တော်တို့က သင်ပေးရမှာပဲ။ ဒါပေမဲ့ သူတို့အနေနဲ့ အခက်အခဲရှိတယ်။ အဲဒီအတွက်ကြောင့်မို့ အဲဒီမှာသွားပြီးတော့ ဖွင့်ပေးဖို့အတွက် စီစဉ်နေတာဖြစ်တယ်။”

ရခိုင်ပြည်နယ်တွင်းရှိ မူဆလင်ကျောင်းသားတွေအနေနဲ့ ၂၀၁၂ ကတည်းက စစ်တွေတက္ကသိုလ်မှာ လာပြီးတက်ဖို့အရည်အချင်းပြည့်ပေမဲ့ ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် အခက်အခဲ ရှိနေပါတယ်။ ၂၀၀၀ ခုနှစ်အထိ အခြားဝိဇ္ဇာ၊ သိပ္ပံ သာသာရပ်တွေကို ယူနိုင်ခဲ့ပေမဲ့ အဝေးသင်ဌာနခွဲမှာ မြန်မာနဲ့ သမိုင်းဘာသာရပ်ပဲသင်ယူခွင့်ရတဲ့အပေါ် ဘူးသီးတောင်က တက္ကသိုလ် ကျောင်းသားတစ်ဦးက အခုလိုပြောပါတယ်။

“ဒီ အခု စာပေးစာယူဌာနခွဲတစ်ခု ချပေးမယ်ဆိုတဲ့ဟာ မြန်မာစာတို့၊ သမိုင်းတို့ အဲဒီသာမန်ဘာသာရပ် တွေကိုပဲကျွန်တော်တို့ သင်ခွင့်ရှိပါတယ်တဲ့၊ အခြားအသက်မွေးဝမ်းကြောင်းတို့ဘာတို့ ကျွန်တော်တို့ တက်ခွင့်မရဘူး ဆိုတာကလည်း ကျွန်တော်တို့ ဘွဲ့လက်မှတ်တစ်ခုရလောက်ပဲရှိမှာပါ။ တခြားဘာမှ သင်ကြားရေးနဲ့ ပတ်သတ်ပြီး အကျိုးရလာဒ်တွေရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။”

စစ်တွေမြို့မှာရှိတဲ့ မူဆလင်ကျောင်းသားတွေအနေနဲ့လည်း အနီးနားမှာရှိတဲ့ သက္ကေပြင်ကျေးရွာမှာရှိတဲ့ အဝေးသင်ဌာနခွဲမှာတက်ရောက်ရမှာပါ။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော၊ သံတွဲ စတဲ့အဝေးသင်ဌာနခွဲတွေမှာ တစ်လကြာလုပ်အားပေးမယ့် တက္ကသိုလ်ဆရာတွေကို ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးမှာဖြစ်ပြီး ကထိကနဲ့ လက်ထောက်ကထိကတွေကို စေလွှတ်သွားမှာပါ။ မူဆလင်ကျောင်းသားတွေရဲ့ ခရီးသွားလာခွင့်ကို ၂၀၁၂ ခုနှစ် အရေးအခင်းကြောင့် လုံခြုံရေးအရ ကန့်သတ်ထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG