သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအစည်းအဝေး စစ်ကောင်စီကို ဆက်ပြီးဖယ်ထုတ်ထားဖို့ စင်္ကာပူသဘောထားရှိဆဲ


အာဆီယံ အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောနေသည့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း။ ၂၆ အောက်တိုဘာ ၂၀၂၁
အာဆီယံ အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောနေသည့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း။ ၂၆ အောက်တိုဘာ ၂၀၂၁

(Zawgyi/Unicode)

မြန်မာ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ငါးချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုမရသေးသရွေ့ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးရာထူး ရယူ ထားသူမဟုတ်တဲ့ ကိုယ်စားလှယ်တယောက်ကိုပဲ မြန်မာနိုင်ငံကိုယ်စားပြု တက်ခွင့်ပြုသင့်တယ်လို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဆီ သောကြာနေ့က ဗွီဒီယိုကနေတဆင့် ဆက်သွယ်ပြောဆိုချိန်အတွင်း စင်္ကာပူဝန်ကြီးချုပ်က အဲဒီလိုပြောခဲ့တဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်မပေးဖို့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ထားတာကို ပြောင်းလဲရေး ဘယ်လိုဆွေးနွေးမှုမျိုးမဆို အချက်အလက်အသစ်တွေအပေါ်မှာ အခြေခံရမယ်လို့ ဝန်ကြီးချုပ် Loong က ပြောခဲ့ တဲ့အကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ဝန်ကြီးချုပ် Lee က အလေးအနက်ပြောခဲ့ပါတယ်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ အပစ်ရပ်ရေး တပ်မတော်က အဆိုပြုထားပေမယ့် ငါးချက်ပါ အာဆီယံ ဘုံသဘော တူညီချက်မှာ ရည်ညွှန်းထားတာက အဓိကအားဖြင့် တပ်မတော်ရဲ့ နိုင်ငံရေးအတိုက်အခံတွေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကိုပါ ရပ်တန့်ဖို့ဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာကိုပဲ တပ်မတော်က တိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်ချခဲ့တာတွေကို ဝန်ကြီးချုပ် Lee က ဝန်ကြီးချုပ်ဟွန်ဆန်ကို ထောက်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားစာနာမှုအကူအညီတွေ ပေးပို့ရေး ဘယ်လို ညှိနှိုင်းဆောင်ရွက်လို့ရမယ်ဆိုတဲ့ အဆိုပြုချက်တခုကို ဝန်ကြီးချုပ်ဟွန်ဆန်က ပြောခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်ကဆိုပါတယ်။ ဒါပေမယ့် အပစ်ရပ်သဘောတူညီချက်တခုရဖို့ ညှိနှိုင်းရေးဆိုတာမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်တောင် မရတဲ့အတွက် အာဆီယံအဖွဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုလုပ်ဆောင်နိုင်မှာလဲဆိုတာ သူ့အနေနဲ့ သေချာမသိဘူးလို့ ဝန်ကြီးချုပ် Lee က ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ရေး ဖြစ်လာနိုင်မယ်ဆိုရင်တော့ အဲဒီလို လုပ်ဆောင်ချက်အားဖြင့် စင်္ကာပူ အနေနဲ့ မူအားဖြင့် ကန့်ကွက်စရာမရှိဘူးလို့ ဝန်ကြီးချုပ် Lee က ဝန်ကြီးချုပ်ဟွန်ဆန်ကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

................................

(Unicode)










XS
SM
MD
LG