သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဆိုနာစနစ် တင်ပို့မှုအတွက် စင်္ကာပူကုမ္ပဏီနဲ့ ဝန်ထမ်း ၂ ဦး ဒဏ်ရိုက်ခံရ


 စင်္ကာပူအခြေစိုက် Hydronav စင်္ကာပူကုမ္ပဏီနဲ့ ဝန်ထမ်း ၂ ဦး Poiter Agus Kentjana နဲ့ Wui Ong Chuan
စင်္ကာပူအခြေစိုက် Hydronav စင်္ကာပူကုမ္ပဏီနဲ့ ဝန်ထမ်း ၂ ဦး Poiter Agus Kentjana နဲ့ Wui Ong Chuan

မြန်မာရေတပ် လက်အောက်ခံဌာနမှာ အသုံးပြုတဲ့ ဆိုနာစနစ် ရောင်းချပေးခဲ့တဲ့ စင်္ကာပူကုမ္ပဏီနဲ့ ဝန်ထမ်း ၂ ဦးကို စင်္ကာပူတရားရုံးက ဒီကနေ့ပဲ ဒဏ်ငွေချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စင်္ကာပူအခြေစိုက် Hydronav ကုမ္ပဏီနဲ့ အဲဒီအချိန်က ဝန်ထမ်းတွေဖြစ်ခဲ့တဲ့ Poiter Agus Kentjana နဲ့ Wui Ong Chuan တို့ ၂ ဦးဟာ ခွင့်ပြုချက်မရှိဘဲ မြန်မာပြည်ကို တင်ပို့ခဲ့ကြောင်း ပြီးခဲ့တဲ့ လကုန်ပိုင်းက ဝန်ခံခဲ့ကြပါတယ်။ စင်္ကာပူရဲ့ ဥပဒေအရ မဟာဗျုဟာမြောက် ကုန်ပစ္စည်းတွေကို တင်ပို့ခွင့်တွေကို ကန့်သတ်ထားတာပါ။

ကုမ္ပဏီရဲ့ ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၀ ရှိပြီဖြစ်တဲ့ Wui Ong Chuan ကို အမေရိကန်ဒေါ်လာ ၃၃၀၀၀ နဲ့ ညီမျှတဲ့ စင်္ကာပူဒေါ်လာ ၄၅၀၀၀ နဲ့ အရောင်းမန်နေဂျာ Poiter Agus Kentjana ကို စင်္ကာပူဒေါ်လာ ၃၅၀၀၀ စီ အသီးသီး ဒဏ်ငွေချမှတ်လိုက်တာပါ။

Hydronav ကုမ္ပဏီကိုတော့ ဆိုနာ စနစ်နဲ့ ရေအောက် မြေပုံဆွဲတဲ့နေရာမှာ အသုံးပြုတဲ့ ဒရုန်းယာဉ် မြန်မာပြည်ကို တင်ပို့ ရောင်းချခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၈ သိန်းကျော်နဲ့ ညီမျှတဲ့ စင်္ကာပူဒေါ်လာ ၁.၁ သန်း တရားရုံးက ဒဏ်ငွေ ချမှတ်လိုက်ပါတယ်။

နော်ဝေးနိုင်ငံအခြေစိုက် Kongsberg ကုမ္ပဏီကထုတ်တဲ့ အသံလှိုင်းကတဆင့် ပင်လယ်ရေအောက်မြေပုံ ဆွဲတဲ့နေရာမှာ အသုံးချတဲ့ ပစ္စည်းတွေကို Poiter Agus Kentjana နဲ့ Wui Ong Chuan တို့က အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိမ်လည် ဝယ်ယူပြီး မြန်မာပြည်ကို တင်ပို့ ရောင်းချခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့တာပါ။

အဲဒီစက်ပစ္စည်းတွေကိုတော့ အမေရိကန်ဒေါ်လာ ၁.၅၈ သန်းနဲ့ မြန်မာလုပ်ငန်းတခုဖြစ်တဲ့ Light of Universe ကိုပြန်ရောင်းခဲ့ပြီး နောက်ပိုင်းမှာ မြန်မာရေတပ် လက်အောက်ခံဌာနကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ပေးပို့ခဲ့တာဖြစ်ပြီး၊ ၂ နှစ်အကြာမှာ Hydronav ကုမ္ပဏီရုံးကို စင်္ကာပူအာဏာပိုင်တွေက ဝင်ရောက် စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG