ပြင်သစ်အိုးပင်းန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်းဗိုလ်လုပွဲကို စနေနေ့က ယှဉ်ပြိုင်ကစားတာမှာ ရိုမေးနီးယား တင်းနစ်မယ် Simona Halep က အမေရိကန် တင်းနစ်မယ် Sloane Stephens ကို အနိုင်ကစားပြီး ချန်ပီယံဖလား ရသွားပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၁ Halep အတွက် အခု ချန်ပီယံဖလားဟာ ပြိုင်ပွဲကြီးတခုမှာ ပထမဆုံး ဗိုလ်စွဲ အနိုင်ရတဲ့ဖလားပါ။ အသက် ၂၆ နှစ်အရွယ် Halep ဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁၀ မှာရှိတဲ့ အသက် ၂၅ နှစ်အရွယ် Stephens ကို ပထမပွဲငယ်မှာ ၃ မှတ် ၆ မှတ်နဲ့ ရှုံးပေမဲ့ နောက်နှစ်ပွဲမှာ ၆-၄၊ ၆-၁ နဲ့ အနိုင်ရပြီး နှစ်ပွဲနိုင် တပွဲရှုံးနဲ့ ချန်ပီယံဖလား ဆွတ်ခူးသွားတာပါ။
Halep ဟာ Grand Slam လို့ခေါ်တဲ့ တင်းနစ်ပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲတွေမှာ အရင်က သုံးကြိမ်ထိ အရေးနိမ့်ထားပြီးမှ ချန်ပီယံ ဖလားအနိုင်ရတဲ့ လေးယောက်မြောက် တင်းနစ် မယ်ဖြစ်ပါတယ်။
အမျိုးသား တဦးချင်းဗိုလ်လုပွဲကို (ဒီကနေ့) ဇွန်လ ၁၀ ရက်၊ တနင်္ဂနွေနေ့မှာ ကစားဖို့ရှိပြီး စပိန် တင်းနစ်ချန်ပီယံ Rafael Nadal နဲ့ သြစတြီးယား တင်းနစ်ချန်ပီယံ Dominic Thiem တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ်အရွယ် Nadal က ကမ္ဘာ့အဆင့် ၁ နေရာမှာရှိပြီး အသက် ၂၄ နှစ်အရွယ် Thiem က ကမ္ဘာ့အဆင့် ၄ နေရာမှာ အသီးသီး ရှိနေကြပါတယ်။
ဒီ ပြင်သစ်အိုးပင်းန် တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အမျိုးသား အမျိုးသမီး တင်းနစ် ချန်ပီယံတွေဟာ တဦးကို ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂.၆ သန်း နီးပါးစီ ရကြမှာဖြစ်ပါတယ်။
ဒုတိယဆုရသူတွေကတော့ တဦးကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁.၃ သန်း နီးပါးစီ ရကြမှာဖြစ်ပါတယ်။