သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဇုံ (၄) ထဲက မြစ်ဆုံ


ငလျင်ဇုံ (၄) ထဲက မြစ်ဆုံ
ငလျင်ဇုံ (၄) ထဲက မြစ်ဆုံ

မြစ်ဆုံဒေသတဝိုက်က ရွေ့လျားနေတဲ့ စစ်ကိုင်းပြတ်ရွေ့အပါအဝင် မြေထုလှုပ်ရှားမှု အနေအထားနဲ့ ဒီဒေသတွင်း ဆောက်လုပ်မယ့် ကြီးမားတဲ့ရေကာတာကြီးတွေအပေါ် သက်ရောက်နိုင်ချေတွေကို သိရဖို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အတွင်းရေးမှုး ဦးစိုးသူရထွန်း ကိုမေးမြန်းပြီးတင်ပြပေးပါရစေ။

မြန်မာနိုင်ငံမှာ တောင်မြောက်နီးပါးတန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီးကနေ ငလျင်လှုပ်ခတ်မှုတွေ ပေါ်ပေါက်နေတယ်ဆိုတာ သိထားကြတာမို့ အခု မြစ်ဆုံဆည် တည်ဆောက်မယ့် နေရာနဲ့ ဒီစစ်ကိုင်းပြတ်ရွေ့ ဘယ်လောက်ဝေးသလဲ ကြည့်ရအောင်ပါ

" စစ်ကိုင်းပြတ်ရွေ့က မြစ်ဆုံရဲ့ အနောက်ဖက်တည့်တည့်လောက်မှာခင်ဗျ အကြမ်းဖျင်းဆိုရင် ၁၅မိုင်ကနေ ၁၆မိုင်လောက်ပဲဝေးပါတယ်။ တောက်လျှောက် ကျွန်တော်တို့ စစ်ကိုင်းပြတ်ရွေ့ကို လေ့လာခဲ့တာတော့ အများကြီးပေါ့လေ။ အဲဒီနေရာလေးအတွက်တော့ အသေးစိတ် လေ့လာထားတာတော့ မရှိသေးပါဘူး။ ဒီစစ်ကိုင်းပြတ်ရွေ့ကြီးတခုလုံးက လှုပ်ရှားနေတာ အမြဲမပြတ်ရှိနေတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက ကျွန်တော်တို့ မြန်မာ့ရေနံနဲ့ တခြားအဖွဲ့တွေနဲ့ပါပူးပေါင်းပြီး GPS လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ သူကအမြဲတမ်း လှုပ်ရှားနေတယ် ဆိုတာကတော့ အထောက်အထားတွေ အများကြီးရှိတယ်ပေါ့။ နောက်တခါ ငလျင်မှတ်တမ်းအရဆိုရင် လည်း ၁၉၄၆ လောက်ကတကြိမ် ၁၉၃၀လောက်က တကြိမ် ငလျင်ပြင်းအား ၇အထက်ကျော်တဲ့ ငလျင်ကြီးတွေ လှုပ်ခဲ့ဘူးတယ်။ ဒီမြစ်ကြီးနားတဝိုက်မှာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အဲဒီအပိုင်းက လှုပ်တယ်လို့ ကျွန်တော်တို့ လေ့လာထားခဲ့လို့ သိရပါတယ်"

မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အတွင်းရေးမှုး ဦးစိုးသူရထွန်းပါ။ ကမ္ဘာ့ငလျင်ရပ်ဝန်းကြီး ၂ခုထဲက အယ်လ်ပိုဒ် Alpide လို့ခေါ်တဲ့ ငလျင်ရပ်ဝန်းထဲမှာ ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရတဲ့ အဓိကအကြောင်းရင်းဟာ ၂ခုရှိတယ်လို့ဆိုပါတယ်

"မြန်မာပြည်မှာ ငလျင်လှုပ်တဲ့ အဓိကအကြောင်းရင်းကတော့ ၂ခုပေါ့။ တခုကတော့ အိန္ဒိယတိုက်က ဒီဘက်က အာရှတိုက်ကို တိုက်တဲ့ဖြစ်စဉ်က လှုပ်ရှားနေတဲ့အတွက်ကြောင့် ဖြစ်နေတဲ့ အပိုင်းပေါ့ အဲဒါက ဘယ်မှာသွားတွေ့ရလဲဆိုရင် ကျွန်တော်တို့ မြန်မာပြည်အနောက်ပိုင်း စစ်တွေနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဒီစူမားတြား ကနေဆက်ပြီးတော့တက်လာတဲ့ မြေထုချပ်စိုက်ဝင်တဲ့ဇုံပေါ့။ Subduction Zone ပေါ့။ အဲဒီဇုံရဲ့ လှုပ်ရှားမှုကြီး တောက်လျှောက်ရှိနေတယ်ပေါ့။ နောက် တခုကတော့ အန်ဒမန်ပင်လယ်ပြင်မှာ ပင်လယ်ကြမ်းပြင် ပြန့်ကားတဲ့ဖြစ်စဉ်ပေါ့။ အဲဒီဖြစ်စဉ်ကြီးက မြန်မာပြည်ပါဝင် နေတဲ့မြေထုအပိုင်းက အထူးသဖြင့်တော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အနောက်ဖက်ခြမ်းမှာရှိတဲ့ မြန်မာမြေထုချပ်ဆိုတဲ့ အပိုင်းဟာ ခုနပြောတဲ့ မြေထုချပ်စိုက်ဝင်တာနဲ့ အန်ဒမန်က မြေထုချပ်ပြန့်ကားတဲ့ဖြစ်စဉ် ၂ခုကြောင့် မြောက်ဖက်ကို တဖြေးဖြေး သွားနေတယ်ပေါ့။ ဒီလိုသွားနေတဲ့ ဖြစ်စဉ်တွေကြောင့် အမြဲတမ်းလိုလို ငလျင်တွေ လှုပ်နေပါတယ် ခင်ဗျ။ ဆိုတော့မြန်မာပြည်မှာ ငလျင်ဖြစ်ရတဲ့ အကြောင်းရင်းအနေနဲ့ ကြည့်ရင်တော့ ဒီအကြောင်းကို အဓိကဦးစားပေးပြီးပြောရပါလိမ့်မယ်"

မြန်မာနိုင်ငံမှာ ငလျင်အန္တရာယ်ရှိတာမို့ ဒီငလျင်အတိုင်းအတာကို သတ်မှတ်တဲ့ ဇုံတွေခွဲခြားခဲ့ကြပြီး အဓိက ၅ခု သတ်မှတ်ထားပါတယ်။

"လွန်ခဲ့တဲ့ ၆နှစ်လောက်ပေါ့ ၂၀၀၅ခုနှစ်လောက်ထဲက ကျွန်တော်တို့ထဲက ခေါင်းဆောင်တွေဖြစ်တဲ့ ဆရာကြီး ဒေါက်တာဦးသိန်းတို့အဖွဲ့က ခွဲထားတာရ့ှိပါတယ်ခင်ဗျ။ အနိမ့်ဆုံး အားနဲဇုံ ဇုံ၁ကနေပြီး နောက်ဆုံး Destructive zone ဖျက်ဆီးမှုများတဲ့ ဇုံ ၅အထိ ဆိုပြီး ၅ပိုင်းခွဲထားတာရှိတယ်ခင်ဗျ။ ဒါတွေကို မာကယ်လီစကေးပေါ့ လူတွေကို ခံစားစေနိုင်တဲ့ သိနိုင်တဲ့စကေးနဲ့ ဆိုရင်တော့ အနိမ့်ဆုံး မာကယ်လီစကေး ၆လောက် ရနိုင်တဲ့ အနေထားကနေ ၉လောက်ထိ ပြင်းပြင်းထန်ထန်ခံရတဲ့အထိ ရှိတယ်ခင်ဗျ။ အဲတော့ ၅ပိုင်းလောက်ပိုင်းလို့ ရပါတယ်"

ဒီလို ပိုင်းထားတဲ့ထဲက ဆည်ကြီးတွေ တည်ဆောက်ဖို့ လုပ်နေတဲ့ မြစ်ဆုံနေရာမှာ စိုးရိမ်စရာကောင်း တဲ့အနေအထား ပေါ့နော် ရှိလား မရှိဘူးလား သိပါရစေ

"အမြင့်ဆုံးဇုံ၅ပေါ့။ မာကယ်လီစကေး ၉လောက်အထိခံရနိုင်တဲ့ ဇုံအနေနဲ့တော့ ကချင်ပြည်နယ်မှာ တိုက်ရိုက်ကြီး အထူးသဖြင့် မြစ်ဆုံလိုနေရာမှာ တည့်တည့်ကြီးတော့ မကျဘူးခင်ဗျ။ သူ့ကနေ နောက်ထပ် တဆင့်နိမ့်သွားတဲ့ ဇုံ ၄ပေါ့ အဲဒီမှာကျနေပါတယ်။ သူကအထူးသဖြင့်တော့ မြစ်ဆုံနဲ့ နီးတဲ့ နေရာက စစ်ကိုင်းပြတ်ရွေ့နဲ့ သူ့ရဲ့ တွဲဖက်နေတဲ့ ပြတ်ရွေ့တွေကြောင့် ပြင်းပြင်းထန်ထန်လှုပ်နိုင်တာကိုး။ အဲဒီလိုလှုပ်နိုင်တာက မြစ်ဆုံပေါ်မှာ တည့်တည့်ကြီး မကျတဲ့ အတွက်ကြောင့် ဇုံ၄ပေါ့နော်။ ပြင်းထန်အား အနေနဲ့ဆိုရင် မာကယ်လီစကေး ပြင်းထန်အားက ၈လောက်ကနေ ၉လောက်ကြားမှာ ကျမယ်လို့ ကျွန်တော်တို့တွက်ချက်ထားပါတယ်ခင်ဗျ"

အဲဒီမာကယ်လီစကေးနဲ့ အများသိကြတဲ့ အများဆုံးတိုင်းတာပြီးပြောကြတဲ့ Ritchter scale ရစ်ချ်တာစကေးနဲ့ ဘာကွာလဲ။ ဘာလို့ အဲဒီမာကယ်လီစကေးနဲ့ သတ်မှတ်လဲ

"သူကဒီလိုပါ။ ရစ်ချ်တာစကေးရဲ့ သဘောက ငလျင်ရဲ့ ပမာဏပါ။ သူက ပိုသိပွ scientific ဆန်ပါတယ်။ ငလျင်တခုဖြစ်ပွါးတဲ့နေရာမှာ ထွက်လာတဲ့ စွမ်းအင်ပမာဏပေါ့ သူက ရစ်ချ်တာစကေးဆိုတာ သူက တိုက်ရိုက်တိုင်းတာလို့ ရတဲ့ စကေးပါ။ အမေရိကန် ငလျင်ဌာနတို့ဘာတို့က ပြန်တွက်ပြတာက movement megnitude mm ဆိုတဲ့ စာလုံးလဲရှိပါတယ်။ အဲဒါနဲ့လည်းတိုင်းလို့ရပါတယ်။ ဒါပေမယ့် အဲဒီလိုတိုင်းတဲ့ ဟာတွေအားလုံးက ငလျင်တခု ဖြစ်ပွါးတဲ့နေရာမှာ ဖြစ်တဲ့ ပြင်းထန်မှုကိုပဲ ပြတယ်ခင်ဗျ။ ရစ်ချ်တာစကေးက လူသိများပါတယ်။ ဥပမာ နောက်ဆုံး ဂျပန်ငလျင်ဆို ရစ်ချ်တာစကေး ၉ပေါ့လေ။ ဒါပေမယ့် အဲဒီလို ၉နဲ့လှုပ်တဲ့နေရာက ငလျင်လှုပ်တဲ့ ဖြစ်ပွါးတဲ့ ရပ်ဝန်းတဲ့တဲ့ပေါ့။ ငလျင်ဖြစ်ပွါးတဲ့ ပြတ်ရွေ့ကြီးမှာ ဖြစ်ခဲ့တဲ့ ပမာဏပါ။ ဒါပေမယ့် လူတွေက ခံစားရတာကျတော့ အဲဒီနေရာနဲ့ အနီးအဝေး အကွာအဝေး ပေါ်မှာလည်း တည်မယ်။ နောက်တခါ မြေရဲ့ ခံနိုင်မှုပေါ့ ခံနိုင်ရည် ပေါ်မှာလည်းတည်တယ်။ ဥပမာ ကျောက်ပေါ်မှာ တည်နေတာလား။ မြေအောက်ရေတွေ ပြည့်နေတဲ့ နှုံးမြေပေါ်တည်နေတာလား။ အဲဒါတွေပေါ်မူတည်ပြီးတော့ ခံရမှုတွေက တခုနဲ့တခု ကွာသွားပါတယ်။ အဲဒီတော့ အနီးဆုံး ဥပမာပြရရင် ရန်ကုန်နားမှာ အရှေ့ဘက် မှာ ရှိတဲ့ မိုင် ၂၀၀န်းကျင်လောက်က စစ်ကိုင်းပြတ်ရွေ့ပေါ့လေ။ အဲဒီမှာ ငလျင်ကြီး တခုက ဥပမာ ရစ်ချ်တာ စကေး ၇.၃နဲ့လှုပ်တယ်ဆိုရင် ရန်ကုန်မြို့ပေါ်မှာ ခံစားရမှုက တနေရာနဲ့ တနေရာ မတူညီနိုင်ပါဘူး ခင်ဗျ။ ဆိုလိုတာက ဒဂုံမြို့သစ်တို့လို နေရာမျိုးမှာ တမျိုးခံစားရမယ်။ မြို့လယ်ခေါင် ပြည်လမ်းတို့ ကမ္ဘာအေး ဘုရားလမ်းတို့မှာ ကျတမျိုး ခံစားရပါတယ်။ သူ့ရဲ့ အောက်ခံကျောက် အနေအထားနဲ့ မြေအနေထားကို လိုက်ပြီး ကွာခြားသွားတာကို ကျွန်တော်တို့က လူတွေခံစားရမှုကိုပဲ တိုက်ရိုက် စဉ်းစားပြီး တွက်တာပါ"

" ဒါက ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဒီလိုမြေငလျင်ဇုံပြတဲ့ မြေပုံတွေမှာ မာကယ်လီစကေး ဒါမှမဟုတ် နောက်တခုက အင်ဂျင်နီယာတွေ တိုက်ရိုက်သုံးနိုင်တဲ့ Ground Acceleration ပေါ့ မြေပြင် ငလျင်လှိုင်းသွား အရှိန်ပြ တန်ဖိုးတွေနဲ့ ပြလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူက ဥပမာအဆောက်အအုံ တခုဆောက်မယ် လူတွေနေထိုင်မယ်ဆိုရင် သူ့နေရာမှာ ငလျင်လှုပ်လိုက်လို့ အကျိုးသက်ရောက်မှု က ဘယ်လောက်အထိ အဆောက်အအုံပေါ်မှာ ဘယ်လိုအားမျိုးက သက်ရောက်မလဲဆိုတာကို တိုက်ရိုက်တွက်လို့ ရပါတယ်။ သူက ရစ်ချ်တာစကေးလို ငလျင်လှုပ်တဲ့နေရာမှာ ဖြစ်တဲ့ဟာနဲ့ပဲ မဆိုင်တော့ဘူး။ သူကလူတွေနေတဲ့ နေရာပေါ်မှာ တိုက်ရိုက်ခံစားရမှုကို ပြတဲ့အတွက်ကြောင့် အခုလို သုံးတာပါခင်ဗျ"

ဒီမာကယ်လီစကေးနဲ့ မြစ်ဆုံဒေသမှာ ဆောက်မယ့် တမံကြီးတွေအပေါ် အကျိုးသက်ရောက်မှုကို ဘယ်လိုတွက်လို့ ရပါသလဲ

"မာကယ်လီစကေးနဲ့ တိုက်ရိုက်ပြောမယ်ဆိုရင်တော့ သူက အင်ဂျင်နီယာရှုဒေါင့်က ဆိုရင် ကမ္ဘာ့ဆွဲအား တန်ဖိုးရဲ့ ဒဿမ ၃ ဆကနေ ဒဿမ ၄ဆပေါ့။ 0.3g to 0..4g အတွင်းမှာ ကျရောက်နေတယ်ပေါ့။ ဆိုလိုတာက ဒီနေရာမှာ အဆောက်အအုံတခုဆောက်မယ်ဆိုရင် အဲဒီ ပွိင့်သရီးနဲ့ ပွိင့်ဖိုးကြား လာမယ့် ငလျင်လှိုင်းဒဏ်ကို ခံနိုင်အောင် ဆောက်ရမယ်လို့ ကျွန်တော်တို့က ယေဘူယျ ညွှန်းပါတယ်။ ဆိုတော့ ငလျင်တခု ဖြစ်လာမယ်ဆိုရင် ဒီထက် အင်ဂျင်နီယာ ရှုဒေါင့်က ထပ်တွက်မယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့က အနားမှာရှိတယ်ဆိုရင် ငလျင် ရဲ့ ရင်းမြစ်က ဆည်ဆောက်မယ့်နေရာရဲ့ အနောက်တည့်တည့် မှာရှိတယ်ဆိုတော့ သူကနေ ဒေါင့်မှန်သော်လည်းကောင်း တခြားထောင့်တခုခုနဲ့သော်လည်းကောင်း လာတဲ့အခါမှာ ခုန ပြောတဲ့ ပွိင့်သရီးနဲ့ ပွိင့်ဖိုးကြားဂျီနဲ့လာမယ်ဆိုရင် သူ့ရဲ့ ငလျင်ဒဏ်ကိုခံရမယ့် အင်ဂျင်နီယာ အဆောက်အဦးက ဆည်ဆိုရင် ဆည်ဘောင်ရိုးပေါ့။ နောက်ရေလွှဲတံခါး နောက် တခြား အထောက်အကူပြု အင်ဂျင်နီယာ အဆောက်အအုံတွေကို ဘယ်လို ထိခိုက်မလဲဆိုတာကို စဉ်းစားပြီး ဒီဇိုင်းဆွဲပြီး ဆောက်ရပါတယ်ခင်ဗျ။ ငလျင်ဆိုတာက ယျေဘူယျပဲ ကြိုသိနိုင်တယ် ပမာဏက ဘယ်လောက်နဲ့ ဘယ်နေရာတွေမှာ လှုပ်မယ်ဆိုတာကို မသိတဲ့ အတွက်ကြောင့် သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းက ခုနလို အဆောက်အအုံတွေကို ဘယ်လိုခိုင်ခန့်အောင် ဆောက်ရမယ် ဆိုတာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က အဲဒီဆောက်လုပ်တဲ့ လူတွေအတွက် လမ်းကြောင်းရအောင် တိုက်ရိုက် တွက်ပေးတဲ့သဘောပါ"

ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းပါ။ ရှေ့တပတ်မှာတော့ ဒီငလျင်ဇုံ နံပါတ်၄ထဲမှာရှိတဲ့ ဒီမြစ်ဆုံဒေသထဲ ရေတမံကြီးတွေ တည်ဆောက်မယ်ဆိုရင် အန္တရာယ် အတိုင်းအတာကို ဘယ်လို တွက်မယ်ဆိုတာတွေကို ပြောပြပေးမှာပါ

XS
SM
MD
LG