မြန်မာနိုင်ငံက တွင်းထွက် သယံဇာတ တူးဖေါ်မှုတွေမှာ ကြုံတွေ့ရတဲ့ အန္တရာယ်တွေ အကြောင်းကို ဒီတပတ်မှာ ပြောပြပါရစေ
မြန်မာနိုင်ငံမှာ တွင်းထွက် သယံဇာတ အမျိုးပေါင်း များစွာကို တွေ့နိုင်ပါတယ်။ ဒီအထဲမှာ စီးပွါးဖြစ် တူးဖေါ်နိုင်တဲ့ တွင်းထွက်တွေကို ခေတ်အဆက်ဆက်မှာ အစိုးရပိုင်းကရော ပုဂ္ဂလိက ပိုင်းကပါ တူးဖေါ်ခဲ့ကြတာပါ။ လက်ရှိတည်ဆဲ ဥပဒေအရ သတ္တုတူးဖေါ်တဲ့ မိုင်းလုပ်ငန်းကို အမျိုးအစား သုံးမျိုး ခွဲထားတယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ဦးစိုးသူရထွန်းက ပြောပါတယ်
"တွေ့ရသမျှနဲ့ ဆိုရင်တော့ အများသိတဲ့အတိုင်း ကျောက်စိမ်းတို့ ပတ္တမြားနီလာတို့ကတော့ မြန်မာပြည်က ပစ္စည်းက ကမ္ဘာ့ဈေးကွက်မှာ နံမယ်ရှိတဲ့ ပစ္စည်းတွေပေါ့လေ။ နောက်ကျွန်တော်တို့ နိုင်ငံမှာ များများစားစား အတန်အသင့်ရှိတယ် ဆိုတာကတော့ သဘာဝဓါတ်ငွေ့ပေါ့။ ကျန်တဲ့ သတ္တုတွေထဲမှာ ဆိုရင် ခဲမဖြူ အဖြိုက်နက် လိုဟာမျိုး နောက်ကြေးနီ ပေါ့ အခုထုတ်နေကြတာ။ နောက် နီကယ် ခရိုမီယန်နဲ့ အခု ထပ်တွေ့လာတာက ခနောက်စိမ်းတို့ ဆိုရင်တော့ မြန်မာပြည်မှာ အတန်အသင့် ရှိတယ်လို့ ပြောရမှာပါ။ ကျန်တဲ့ ဓါတ်သတ္တုတွေ၊ ရေနံတို့တွေက မြန်မာပြည်မှာ ရှိတာက ကမ္ဘာ့ အထွက်နှုံးနဲ့ ကြည့်ရင်တော့၊ သိပ်များလှတယ် လို့ မဆိုသာပါဘူး။
ဒီထဲမှာမှ ကျွန်တော်တို့က မြန်မာပြည်မှာ များများစားစား ထွက်တယ်၊ ထုတ်တယ်လို့ ပြောတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့က သတ္တုတွင်းတွေ အနေနဲ့ တူးဖေါ်ကြတယ်။ မိုင်းလုပ်ကြတယ်ပေါ့။
သတ္တုတွင်းတွေကို ကျွန်တော်တို့ ဆီမှာ ဥပဒေအရ၊ မြန်မာပြည်ရဲ့ တည်ဆဲ ဓါတ်သတ္တု တူးဖေါ်တဲ့ ဥပဒေ ပေါ့လေ၊ Mining Law အရဆိုရင် အကြီးစား တူးဖေါ်တယ်ပေါ့၊ နောက်တခါ အငယ်စားတူးဖေါ်တဲ့ Small Scale Mines တွေ၊ နောက် တခါ အိမ်တွင်းအဆင့်ပေါ့ လက်နဲ့ လုပ်နိုင်တဲ့ အသေးစား မိုင်းတွေ ဆိုပြီးတော့ ခွဲလို့ ရပါတယ်။
ဒီမှာ သူတို့က ထပ်ခွဲတာက အကြီးစားမိုင်းတွေ ဆိုတာက တကယ့် ငွေအရင်းနှီး ကြီးကြီးမားမား ထည့်ရတဲ့ အမျိုးအစားတွေဖြစ်မယ်။ နောက်တခါ တကယ့် အဆင့်မြင့် နည်းပညာတွေလိုမယ်။ သူကနေပြီးတော့ process လို့ခေါ်တဲ့ စက်ရုံတွေနဲ့ သန့်စင်ပြီးတော့ ထုတ်ရတဲ့ မိုင်းမျိုးတွေပေါ့။ ဆိုတော့ ကျန်တဲ့ အမျိုးအစားတွေ ကိုတော့ အငယ်စားမိုင်းအနေနဲ့ အိမ်တွင်းအဆင့် မိုင်းတွေလို့ ခွဲလို့ရပါတယ်"
ဒီလိုမိုင်းတွေကို တူးဖေါ်ရာမှာ မိုင်းတွေမှာ ရှိသင့်တယ်လို့ သတ်မှတ်ထားတဲ့ စံမျိုး မမှီရင် အသက်အန္တရာယ်ပါ ကြုံတွေ့ရနိုင်တာပါ
“အထူးသဖြင့် ကျနော်တို့တူးနေကြတာက မြေအောက်မိုင်းပေါ့၊ Underground Mine လို့ခေါ်ပါတယ်။ သူက အပေါ်ကနေ ရေတွင်းလိုပုံစံဖောက်ထားပြီးတော့မှ ပြီးမှ ဘေးတိုက်ပေါ့- level လို့ခေါ်တဲ့ အဆင့်အနေနဲ့ ဂူတွေလိုပုံစံမျိုးနဲ့ ဖောက်ကြတဲ့ အမျိုးအစားပေါ့။ နောက်တမျိုးကတော့ တောင်စောင်းကနေ ဘေးတိုက်ပဲ Adit ခေါ်တဲ့အတိုင်း တောင်စောင်းကနေ ဖောက်တယ်ပေါ့။ ဒီလိုဖောက်ပြီး တူးသွားတဲ့အခါမှာ ကမ္ဘာ့မိုင်း တွေမှာ ရှိသင့်တဲ့ စံချိန်ပေါ့။ လိုအပ်တဲ့အမြင့်ရှိရမယ်။ လူတွေအတွက် လုံလောက်တဲ့ လေကောင်းလေသန့် ဝင်နိုင်အောင်ပေါ့။ ကွန်ပရက်ဆာနဲ့ ventilation လေဝင်လေထွက် စံနစ် တွေ ထားပေးရပါမယ်။ နောက်တခါ သူတို့ကို တော်ရုံတန်ရုံလည်း ပြိုမကျနိုင်အောင်ထောက်တဲ့စနစ်ပေါ့။ မိုင်းကို ကျနော်တို့ stopping လို့ခေါ်တဲ့ ခိုင်ခံ့တဲ့တုတ်ချောင်းတွေ၊ ကွန်ကရစ်တိုင်တွေနဲ့ထောက်ပြီးတော့ ထားရမယ်ပေါ့။ ဒီလိုဟာမျိုးတွေကို ကျနော်တို့ လက်တွေ့မှာ များသောအားဖြင့် မကျင့်သုံးနိုင်ကြတော့တာကို တွေ့ရတယ်ပေါ့”
ဆိုတော့- Underground mine မှာ အထူးသတိထားရမယ့် အချက်တွေပေါ့။
“ဟုတ်ကဲ့၊ underground mine မှာ အဓိကတူးကြတာက ကျနော်တို့နိုင်ငံမှာ ရွှေပေါ့၊ နောက်တခါ လူသိများ တဲ့ထဲကဆို ခရိုမီယံလို သတ္ထုမျိုးလည်း underground နဲ့တူးကြတယ်။ နောက်တခါ ပတ္တမြား၊ နီလာ ဆိုရင်လည်း underground mine နဲ့တူးတယ်ပေါ့။ အစိုးရနဲ့ ဟိုးခေတ် ကတည်းက တူးနေခဲ့တဲ့ နမ္မတူ ဘော်တွင်းလိုမျိုး- ခဲ၊ သွပ် ငွေမိုင်းတွေမှာလည်း underground mine နဲ့တူးတယ်ပေါ့။ ဆိုတော့ အရင် အစဉ်အဆက် ကတည်းက အစိုးရနဲ့တူးခဲ့တဲ့ တွင်းတွေ၊ နိုင်ငံခြားကုမ္ပဏီတွေက တူးခဲ့တဲ့ မိုင်းတွေမှာတော့ အတန်အသင့်လုံလောက်တဲ့ ပြင်ဆင်မှုစနစ်တွေ ရှိပါတယ်။
ပုဂ္ဂလိကအနေနဲ့တူးကြတဲ့အခါကျတော့ ရွှေတွင်းတွေတူးကြတဲ့အခါ ဂူပေါက်တွေဖောက်သလို လှိုဏ်ခေါင်းတွေ လျှောက်ပြီးတော့ ဖောက်တယ်ကြတယ်ပေါ့။ ဖောက်ကြတော့ သူတို့အတွက် လုံလောက်တဲ့ ပြင်ဆင်ထားမှုကို ဘယ်လိုမှ သူတို့ ဂရုမစိုက်နိုင်ပါဘူး။ သာမန်အခြေအနေပဲ သူတို့ ပြိုမကျရုံလောက် ထောက်ကြတယ်ပေါ့။ ဆိုတော့ တကယ်လို့ အရေးပေါ် အခြေအနေ ဖြစ်လာ တယ်ပေါ့။ တနေရာကနေ စပြိုကျတယ်ဆိုရင် ကျန်တဲ့နေရာတွေမှာပါ ဆက်ပြီးတော့ ထိခိုက်တာမျိုးတွေ တွေ့ရပါတယ်။
နွယ်ရုံချောင်းကြီးဘက်မှာလည်း ရွှေတူးတဲ့အခါမှာ အဲလိုမျိုး ပြိုကျတာတွေ ရှိပါတယ်။ တွင်းကြီးတခု ပြိုကျသွားပြီဆိုရင် အဲဒါကို ရေတွေကို စုတ်ထုတ်ပြီးတော့ ဆယ်ဖို့ကြိုးစားကြပေမယ့် တကယ့်တကယ် မှာတော့ ထိထိရောက်ရောက် အောင်မြင်တယ်ဆိုတာ သိပ်ပြီးတော့ မရှိပါဘူး ”
တောင်စောင်း ဖောက်တဲ့နည်းကျတော့ရော-
“တောင်စောင်းဖောက်တဲ့နည်းကတော့ မြေအောက်ကိုဆင်းပြီးမှ ပြန်ဖောက်တာလောက် တိုက်ရိုက် အန္တရာယ်မများဘူးလို့ ဆိုရမှာပေါ့။ ဒါပေမယ့် သူလည်း အတူတူပါပဲ တောင်စောင်း ဖောက်တာနဲ့ဲ။ သူက မြွေလိမ်မြွေကောက် အထဲမှာ ဆက်ဖောက်သွားကြတယ်။ ဖောက်တဲ့အခါမှာ စနစ်တကျ ကျနော်တို့ လေကောင်းလေသန့်ဝင်အောင်လည်း လုပ်မပေးနိုင်ဘူးပေါ့။ နောက်တခါ ကလည်း ခိုင်ခံ့တဲ့ အစီအမံ တွေလည်း မထားတဲ့အခါကျတော့ အန္တရာယ်အများကြီး ဖိတ်ခေါ်နေသလိုဖြစ်ပါတယ်”
တူးဖော်ချိန်မှာသာ နိုင်ငံတကာသတ်မှတ်ထားတဲ့ စံနှုန်းရှိဖို့လိုတာမဟုတ်ဘဲ ဆက်ပြီးမတူးတော့ဘဲ ပိတ်တော့မယ် ဆိုရင်လည်း စံနစ်တကျ ပိတ်ပစ်ဖို့လိုပါတယ်။
“တူးဖော်ပြီးပြန်တော့လည်း သတ္ထုတွင်းဥပဒေအရ တွင်းတူးထားတဲ့တွင်းတွေဆိုတာ အကုန်လုံးက လုပ်ငန်းပြီးသွားရင် သူတို့က ပြန်ဖို့ပေးခဲ့ရမယ်။ ဒီနေရာမှာ တွင်းရှိခဲ့ရင် ထင်ရှားတဲ့ အမှတ်အသား ပြရမယ်ပေါ့။ အဲဒါကိုလည်း ကျနော်တို့က လက်တွေ့မှာ မလုပ်နိုင်တာပဲ များပါတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ တခြားသတ္တဝါတွေ ကျပြီးတော့ သေတာတို့ အဲဒီလို ထိခိုက်မှုမျိုးတွေလည်း ရှိပါတယ်။
ဒီသတ္ထုတွင်းကို ပြန်ဖို့တဲ့အခါမှာ အတွင်းကို ဖောက်ထားတဲ့အပိုင်းတွေ အထိကိုပဲ သူတို့က ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် ပြန်ဖို့ရပါတယ်။ အဲလိုမဖို့ထားလို့ရှိရင် ရေရှည်မှာ မြေအောက်ရေတွေဝင်လာပြီး နောက်ပိုင်းမှာ တောင်ပြိုဆင်းတာတွေတို့ ချိုင့်ဝှမ်းကြီးလောက် ပြိုကျသွားတာတွေတို့ ဖြစ်ခဲ့ဖူးပါတယ်။ ဗမာပြည်မှာ ထင်ထင်ရှားရှားတွေ့နေရတာတော့ သပိတ်ကျင်းမြို့နယ်တွေမှာ တူးတဲ့ဟာတွေမှာ ဖြစ်တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။
နောက်တခါ ကျနော်တို့ မိုးကုတ် ကျောက်တူးတဲ့နေရာတွေမှာလည်း အဲလိုပဲ အစုလိုက်အပြုံလိုက် ပြိုကျသွားပြီးတော့ တောင်ပြိုသလို ကျောက်လုံးကြီးတွေ ကျလာတာမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်”
အခုလို မိုင်းတူးဖော်မှုမျိုးနဲ့ဆက်နွယ်နေတဲ့ ပြဿနာတွေကို အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကြုံတွေ့ နေရပေမယ့် ငွေရင်းကြီးကြီးမားမားစိုက်ထုတ်တဲ့ ကုမ္ပဏီတွေက တာဝန်ယူပြီး တူးဖော် ရင်တော့ အန္တရာယ်ဖြစ်မှု နည်းပါးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
“အမှန်ကို ပြောရမယ်ဆိုရင်တော့ အနားပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေမှာလည်း ဒီလို အလားတူ ဖြစ်ရပ်တွေ ဖြစ်တယ်လို့ ကျနော်တို့ ကြားဖူးပါတယ်။ အထူးသဖြင့်တော့ တရုတ်နိုင်ငံပေါ့။ မကြာခဏ ကြားဖူးနေကျဖြစ်တဲ့ ကျောက်မီးသွေးမိုင်းတွေမှာ ဒီလိုပြိုကျတဲ့ အဖြစ်အပျက်မျိုးတွေက ခဏခဏ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရှေ့အာရှနိုင်ငံတွေမှာ ဒါနဲ့ပတ်သက်ပြီး အားနည်းချက်ရှိနေတယ် ဆိုတာကို တော်တော်လေးကို ထင်ရှားတဲ့သဘောပါပဲ။
လာအိုမှာတော့ ရွှေအကြီးအကျယ်တူးတဲ့ မိုင်းကြီးတွေ ရှိတယ်ပေါ့။ ထိုင်းမှာလည်းရှိတယ်။ သူတို့မှာ ကျတော့ အတန်အသင့် စနစ်ရှိတယ်လို့ သိရတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ မိုင်းတွေ တူးဖော်တာကလည်း တကယ့် investers ပေါ့၊ ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း တော်တော်လေးကို အရင်းအနှီးများတယ်။ များတော့ သူတို့ကလည်း နောက်က ဘဏ်တွေကနေတဆင့် ချေးငှားပြီး လုပ်တဲ့အတွက်ကြောင့် စနစ်ဇယား အတော်လေး တိတိကျကျလုပ်တယ်လို့ သိရပါတယ်”
မြန်မာနိုင်ငံမှာ သတ္ထုတွင်းဥပဒေအရဆိုရင် သဘာဝပတ်ဝန်းကျင်မပျက်အောင် အဓိက သတ်မှတ်ထားတဲ့ အချက်လေး ပြောပြပေးပါလား။
“သတ္ထုတွင်းဥပဒေကတော့ အတန်အသင့် အကာအကွယ်ပေးထားတယ်ခင်ဗျ။ ဒါပေမယ့် safety ပေါ့။ ကျန်းမာရေးနဲ့လုံခြုံမှုကိုရော၊ သဘာဝပတ်ဝန်းကျင်ကိုရော ကာကွယ်ပေးတာကို ကျနော်တို့ တွေ့ရ သလောက် တော့ မူဝါဒအားဖြင့်ပဲ ရေးထားတာကို တွေ့ရတယ်။ ဆိုလိုတာက စနစ်တကျ လူတွေရဲ့ ကျန်းမာရေး၊ သူတို့ရဲ့ စား၊ ဝတ်၊ နေရေးနဲ့ အညစ်အကြေးစွန့်ပစ်တဲ့ဟာ၊ နောက် လုံခြုံမှုစနစ်တွေကို သေချာ လုပ်ထားရမယ် ဆိုတဲ့ ဥပဒေစာပိုဒ်မျိုး ရှိပါတယ်။ နောက်တခါလည်း ဒီပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး တော့ သူ့ကြောင့် ဖြစ်လာတဲ့ အပိုင်းလိုက်ဖြစ်လာမယ့် အဖြစ်အပျက်အားလုံးကိုလည်း တာဝန်ယူနိုင်တဲ့ အစီအမံတွေ ထားရှိရမယ်ဆိုတဲ့ ဥပဒေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီဟာတွေမှာ အသေးစိတ်ပေါ့၊ ဥပမာဆိုရင် တချက်ခြင်း တချက်ခြင်း ဘာလုပ်ရမယ် ဘာလုပ်ရမယ်ဆိုတဲ့ အချက်မျိုးကို rules and regulations ကိုတော့ သိပ်ခိုင်ခိုင်ခံ့ခံ့ ရှိတယ်လို့ ကျနော်မသိဘူးခင်ဗျ”
ဦးစိုးသူရထွန်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။