သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးတွေကို အဆိပ်သင့်စေတဲ ရွှေဖမ်းတဲ့ပြဒါး


ငါးတွေကို အဆိပ်သင့်စေတဲ ရွှေဖမ်းတဲ့ပြဒါး
ငါးတွေကို အဆိပ်သင့်စေတဲ ရွှေဖမ်းတဲ့ပြဒါး

ရွှေသယံဇာတ ရှာဖွေတူးဖေါ်မှုတွေမှာ သုံးလေ့ရှိတဲ့ ဓါတုပစ္စည်းတွေကြောင့် မြန်မာနိုင်ငံ မြစ်ချောင်းတွေထဲက ငါးသယံဇာတတွေ ဆုံးရှုံးရမယ့် အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ကြဖို့ ပြောပြပါရစေ

မြန်မာနိုင်ငံဟာ ငါးသယံဇာတ ဖူလုံပေါများသလို ရွှေသယံဇာတလည်း ကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြောင်း တလျှောက် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်း အတွင်းမှာ ရှိနေတဲ့ ဧက ၂၀ ရွှေတူး ဖေါ်တဲ့ လုပ်ကွက်ပေါင်း ၁၄၀ကို သက်တမ်းကုန်ရင် ဆက်ပြီး ခွင့်ပြုတော့မှာ မဟုတ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး က စက်တင်ဘာလထဲမှာ ပြောခဲ့သလို ကချင်ပြည်နယ် ဥရုချောင်းတကြောက ခွင့်ပြု ထားတဲ့ လုပ်ကွက်တွေကိုလည်း လျှော့ချသွားမယ်လို့ ဆိုပါတယ်။

ဒီလို တားမြစ်မှုတွေ ရှိနေပေမယ့် တနိုင်တပိုင် ရွှေရှာဖွေ တူးဖေါ်နေသူတွေကို မြန်မာနိုင်ငံအနှံ့မှာ တွေ့နေရ တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းတွေအတွက် စောင့်ကြည့် လေ့လာနေတဲ့ အရင် ငါးလုပ်ငန်းဦးစီးဌာနက အကြီးအကဲဟောင်း တဦး ဖြစ်တဲ့ ဦးညွန့်လှိုင်ကပြောပါတယ်။

“ ရွှေကျင်တဲ့ ဥစ္စာက နေရာတကာမှာပဲတွေ့ရပါတယ်။ မြန်မာပြည်တပြည်လုံးမှာ ၂၂၇ နေရာမှာတောင်ပဲ ဒီရွှေကျင်တာတွေက လုပ်တယ်လေ။ ကျွန်တော်တို့ ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ ဆိုရင် နေရာတကာ မှာကိုပဲ တွေ့နေရတယ်။ မင်းဘူးတို့ မကွေးတို့ လို သဲသောင်ရှိတဲ့ နေရာမှန်သမျှမှာ ရွှေတွေကျင်ကြတယ်။ ဧရာဝတီမြစ်ရယ်၊ ချင်းတွင်းမြစ်ရယ်ရဲ့ အဖျားမှာဆို အခု မေခနဲ့ မလိခရဲ့ ကြားမှာ ရွှေကို အကြီးအကျယ် ကျင်ကြတယ်။ ရွှေကျင်ဖို့ အတွက် သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပစ်လိုက်တယ်။ တောင်တွေကိုလည်း ရေပိုက်ကြီးတွေနဲ့ တောင်ကတုံး ဖြစ်အောင်ထိုးပြီး၊ အဲဒီက ကျလာတဲ့ မြေစာတွေကို ရွှေကျင်တာမှာ အပေါ်က လောင်းချပြီးတော့ ရွှေမှုန့်လေးတွေကို တဆင့်တဆင့်ယူကြတယ်”

၂၀၀၈ခုနှစ် အတွင်းက ရမည်းသင်း အရှေ့ဘက် မိုင် ၃၀လောက်အကွာမှာ ရှိတဲ့ ချောင်းမြောင်းတွေထဲမှာ ရွှေရှာဖွေသူ သိန်းနဲ့ချီ ရှိခဲ့ သလို ကုမ္ပဏီပေါင်းက ၆၀လောက် ရှိခဲ့ပါတယ်။ ရွှေရှာဖွေသူတွေ သုံးစွဲခဲ့ကြတဲ့ ပြဒါး၊ ဆိုင်ယာနိုက်နဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ ကြောင့် ဝန်းကျင်တဝိုက်က ပေါင်းလောင်းမြစ်ကြီး အပါအဝင် ချောင်းမြောင်းတွေ ထဲမှာတင်မကပဲ ရမည်းသင်းမြို့နယ် ကြေးနီရေကန်နဲ့ တကွ ရေတွင်းရေကန်တွေမှာပါ အဆိပ်သင့်ခဲ့ ရပါတယ်။

အဆိပ်သင့်ရေ သုံးစွဲမိသူတွေ အတွက်ပါ အန္တရာယ်ကြီးစေတာ မဟုတ်ပဲ ရေထဲမှာ ရှင်သန် ကျက်စားကြတဲ့ ငါးတွေ အတွက်ပါ အလွန် အန္တရာယ် ကြီးစေတာပါ။ ဧရာဝတီ မြစ်ကြောင်းထဲမှာ ပြဒါးဆိပ် သင့်မှုဟာ သတ်မှတ် စံချိန်ထက် အဆပေါင်းများစွာ ပိုနေတာ တွေ့ရတယ်လို့ ဦးညွန့်လှိုင်က ပြောပါတယ်။

“ကမ္ဘာမှာ သတ်မှတ်ထားတာ ရှိပါတယ်။ ဝ.၀၀၅ ပီပီအမ် ဆိုရင် ပြဒါးရဲ့ အဆိပ်သင့်မှုဟာ ဘာမှ အန္တရာယ် မရှိဘူးလို့ အမေရိကန်စံနစ်အရ ကမ္ဘာမှာ သတ်မှတ်ထားတယ်။ အခု ကျွန်တော်တို့ ဧရာဝတီမြစ်ထဲမှာရှိတဲ့ ငါးတွေကို ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ ၅ ပီပီအမ်လောက်တောင် ရှိနေတယ်။ အဆပေါင်းများစွာ ဒီငါးတွေထဲမှာ ပြဒါးအဆိပ်သင့်နေတာ တွေ့ရှိရတယ်။ ဒီ ဝ.၀၀၅ ဆိုရင်တော့ မာကျူရီရဲ့ ပါဝင်နှုံးဟာ လူတွေကို အန္တရာယ် မဖြစ်ဖူး။ အခုက ၅ပီပီအမ်ဆိုတော့ တော်တော် များတယ်လေ”

မျက်စိနဲ့ မမြင်နိုင်တဲ့ ပြဒါးအဆိပ် ငါးတွေဆီကို ဘယ်လို ရောက်သွားတယ် ဆိုတာ ကြည့်ရအောင်ပါ

“ရလာတဲ့ ရွှေမှုန်ကလေးတွေကို သူတို့က ပြဒါးနဲ့ဖမ်းတယ်။ ပြဒါးနဲ့ ဖမ်းတဲ့အခါမှာ လုပ်တဲ့သူတွေက နည်းစံနစ်နားမလည်တဲ့အတွက် ပြဒါးနဲ့ဖမ်းထားတဲ့ ရွှေတွေကို သူတို့က ပြန်ကျိုတဲ့အခါ တွေ့ရာ ဒန်အိုး ဒန်ချိုင့်တွေ ဒယ်အိုးတွေနဲ့ပေါ့။ အပေါ်က အဖုံးမရှိပဲ မီးနဲ့တိုက်ပြီး ပြန်ကျိုလိုက်တဲ့ အတွက် ဒီပြဒါးတွေက အငွေ့ပျံပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့ညစ်ညမ်းစေတယ်။ နောက်တခါ ကိုင်တဲ့လူတွေက လက်တွေကို လက်အိပ်လို အကာအကွယ်တွေ မရှိပဲနဲ့ ကိုင်တွယ်တဲ့အတွက် လူတွေရဲ့ ကိုယ်ခန္ဓာတွေမှာပါ ပြဒါးအဆိပ်သင့်ကြတယ်။ ဒါတွေကို အဲဒီလုပ်သားတွေ ကလည်း မသိကြဘူး။ ရွှေကျင်တဲ့ သူဌေးတွေကလည်း ဒါတွေကို အကာ အကွယ်လုပ်ဖို့ လိုတယ်ဆိုတာ မပြောကြဘူး။ နောက်ပြီး သူတို့က ဒီခွက်တွေကို ဧရာဝတီမြစ်ရေနဲ့ ဆေးတဲ့ အခါကျတော့ အဲဒီ ပြဒါးရဲ့ မော်လီကျူး အသေးလေးတွေက ရေထဲကို ရောက်သွားပြီး ငါးတွေရဲ့ အစားအစာ ဖြစ်တဲ့ Plankton ပလန်တွန်ပေါ့နော်၊ ဒီ ဆိုင်တိုပလန်တွန်နဲ့ ဇူးပလန်တွန် တွေကို အဆိပ်သင့်စေတယ်”

ပလန်တွန်ဆိုတာ ဘာကိုခေါ်တာပါလဲ

“ပလန်တွန်ဆိုတာ မြန်မာလိုဆိုရင်တော့ “မျှောလေး” လို့ ခေါ်ပါတယ်။ သူတို့က မျက်စိနဲ့ မမြင်နိုင်တဲ့ ဆိုင်ကလော့ပ်စ်တို့ နောက်၊ မျက်စိနဲ့မမြင်နိုင်တဲ့ အပင်လေးတွေက ရေထဲမှာပေါက်ပွါးနေတာ။ သတ္တဝါ လေးတွေပေါ့။ ဆိုင်တိုပလန်တွန်နဲ့ ဇူးပလန်တွန်ပါ။ အဲဒါက ငါးတွေရဲ့ အဓိက အစားအစာပါ။ သူတို့က ပြဒါးအဆိပ်သင့် လိုက်တဲ့အခါ၊ အဆိပ်သင့်တာက အလွန်အင်မတန်မှ နဲတဲ့ ပမာဏနဲ့ အဆိပ်သင့်ပေမယ့် ဒီ ဆိုင်တိုပလန်တွန်ကို ဇူးပလန်တွန် ကစားလိုက်တဲ့အတွက် ဇူးပလန်တွန် ထဲမှာ ပြဒါးရဲ့ ရာခိုင်နှုံးဟာ ၂ဆ ဖြစ်လာတယ်။ အဲဒီ ဇူးပလန်တွန်ဟာ ငါးရဲ့ အဓိကအစားအစာပဲ အဲဒါ ကိုမှ ငါးကထပ်စားလိုက်တဲ့အခါ ငါးဆီရောက်တဲ့ အခါမှာ သုံးဆလောက်ဖြစ်သွားတယ်”

အခုလို ငါးတွေ အတွက်ပါ အန္တရာယ်ရှိစေတာ မဟုတ်ပဲ ဒီအဆိပ်သင့် ရေသတ္တဝါတွေကို စားသုံးမိသူ တွေမှာပါ အစာအဆိပ် သင့်ပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါလို ဝေဒနာတွေ ခံစားရနိုင်တဲ့ အပြင် ကလေးငယ်နဲ့ သန္ဓေသားလောင်း တွေ အတွက်ပါ အန္တရာယ် ကြီးလှပါတယ်။

ရွှေတူးဖေါ်မှုအပြင် မြန်မာနိုင်ငံ စက်မှုဇုံတွေကနေ စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကြောင့် မြစ်ချောင်းအင်းအိုင် တွေမှာ ရေထု ညစ်ညမ်းမှုနဲ့ အတူ ဆိုးဝါးတဲ့ အနံ့အသက်တွေရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်နေရတာပါ။ မြန်မာ နိုင်ငံမှာ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ ပြဌာန်းထားပေမယ့် ဒါတွေကို အမှန် တကယ် လေးစားလိုက်နာဖို့ လိုနေပါသေးတယ်။

“ပြဒါးတွေက ကျွန်တော်တို့ရဲ့ ငါးတွေထဲမှာ အခုလို အဆိပ်သင့် တာမျိုးဟာ နောင်တချိန်မှာ ပိုပြီး ဆိုးဝါး လာမှာကို စိုးရိမ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြစ်တွေရဲ့ ဘေးတွေမှာ ဓါတုဗေဒ စက်ရုံ တွေ ပေါ်လာမယ်။ အခုဆိုရင် ပုသိမ်နဲ့ သိပ်မဝေးတဲ့ သာပေါင်းမှာ ပျော့ဖတ်စက်ရုံ ပေါ်တယ်ပေါ့နော်။ အဲဒီက ဓါတုပစ္စည်းတွေ ဒီအတိုင်းပဲ မြစ်ထဲကို စွန့်ပစ်တဲ့ အတွက် ညစ်ညမ်းပြီး (water pollution) ဖြစ်လာပြီး ငါးတွေ အုပ်စုလိုက်သေတာကို မကြာခဏတွေ့နေရတယ်။ ပြီးခဲ့တဲ့ လ ၁၄ရက်လောက်ကဆိုရင် ပုဇွန်တောင်ချောင်း ထဲမှာ ငါးဇင်ရိုင်းတွေ သေတာတွေ့တယ်။ အဲဒီလို ရေညစ်ညမ်းမှုကြောင့် ဖြစ်ရတာတွေ နောင်တချိန်မှာ မရှိအောင်၊ ဆင်ဆင်ချင်ချင်နဲ့ ကြိုတင်တွက်ဆပြီး စက်ရုံတွေ ဆောက်မယ်ဖို့၊ ဧရာဝတီ မြစ်ကြီး ညစ်ညမ်း မသွားအောင်၊ ငါးတွေကိုလည်း မထိခိုက်အောင် စဉ်းစားကြဖို့ လိုပါတယ်”

ဦးညွန့်လှိုင်ကပြောသွားတာပါ။

XS
SM
MD
LG