သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးသယံဇာတ ထိမ်းသိမ်းဖို့


ငါးသယံဇာတ ထိမ်းသိမ်းဖို့
ငါးသယံဇာတ ထိမ်းသိမ်းဖို့

မြန်မာ့ ငါးသယံဇာတ အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်က မြန်မာ့ရေပြင်ကို အုပ်စုဖွဲ့ပြီး လာတတ်ကြတဲ့ ပလာတူးလို ငါးတွေ ပြန်ပြီး ရောက်လာကြစေဖို့ ဘာတွေ လုပ်သင့်တယ် ဆိုတာတွေကို ပြောပြပါရစေ။

မြန်မာနိုင်ငံမှာ ငါးမျိုးပေါင်းများစွာ ကျင်လည်ကျက်စားကြပြီး ဒီအထဲက စီးပွါးဖြစ်ပါလို့ သတ်မှတ်နိုင်တဲ့ အမျိုးက ထောင်နဲ့ ချီပြီး ရှိနေတယ်လို့ မြန်မာ့ငါးလုပ်ငန်းဌာန အကြီးအကဲတဦးအဖြစ်နဲ့ တာဝန် ထမ်းဆောင် ခဲ့တဲ့ မစ္ဆဗေဒ ပညာရှင် ဦးညွန့်လှိုင်က ပြောပါတယ်။

“မြန်မာပြည်မှာက ငါးမျိုးပေါင်း မြောက်များစွာ ရှိတဲ့နေရာမှာ ရေငံရော ရေချိုရောမှာ ကျွန်တော်တို့ပြည်မှာ တန်ဖိုးရှိတဲ့ economically စီးပွါးဖြစ် commercial ဖြစ်တဲ့ ငါးက တထောင့်တရာလောက်တောင် ရှိတယ်။ ပင်လယ်မှာ ဆိုလို့ရှိရင်တော့ ကက္ကူရံတို့၊ ကက္ကတစ်တို့ ငါးသလောက်တို့လို ငါးတွေက အတော်တန်ကြေး ရှိတယ်။ ရေချိုမှာ ကျတော့လည်း အများကြီးပါပဲ။ ဒီငါးရံ့တို့ ငါးကျည်းတို့၊ ငါးကြင်းငါ့သိုင်း၊ ငါးထွေတို့လို အများကြီးပါ။ မြန်မာပြည်ရဲ့ ငါးလုပ်ငန်းကြီးတခုလုံးကို ၂ပိုင်းပိုင်းပြီးတော့ ကြည့်မယ်ဆိုရင် ရတယ်။ ရေချိုငါးလုပ်ငန်း နဲ့ ရေငံငါးလုပ်ငန်းပေါ့နော်”

ရေချိုငါးလုပ်ငန်း ရေပြင်ဟာ ငါးတွေ နေထိုင်ကျက်စား ခိုအောင်းပေါက်ဖွါးနိုင်တဲ့ နိုင်ငံတွင်းက ရေအိုင် မြစ်ချောင်း၊ အင်းအိုင်တွေ ဖြစ်ပါတယ်။ ဒီအထဲက အင်းတွေရဲ့ အနေထားကို ကြည့်ရအောင်ပါ။

“ကျွန်တော်တို့ မြန်မာနိုင်ငံက အင်းအိုင်တွေရော၊ ဘာတွေရော အလွန်အင်မတန် ပေါများတယ်။ တနိုင်ငံလုံးဆိုရင် အင်းပေါင်း ၃၇၀၀ကျော် ရှိတယ်။ ဧရာဝတီတိုင်း တတိုင်းထဲမှာတင် တထောင့် ခွန်နှစ်ရာနဲ့ ငါးဆယ်ရှိတယ်။ ပန်းတနော်မှာ ဆိုရင် အင်းကောင်းတွေ အများဆုံးပဲ။ အဲဒီမှာ ခနွဲခဖိုတို့ တော်ဇေယျတို့၊ တော်ဘရိုက်တို့ ဆိုတဲ့ အင်းကြီးတွေ၊ ကျုံပျော်မှာ ဆိုရင် အင်းရဲကြီးအင်း၊ အဲဒါတွေက အထင်ကရ အင်းကြီး တွေပဲ။ ကျွန်တော်တို့ လူတွေဖန်ဆင်းထား လို့်မရဘူး။ ဒီဥစ္စာတွေဟာ။ နတ်တို့ ဖန်ဆင်းထားတာ လို့ပဲ ပြောရမယ်။ အင်းကြီးတွေက သူ့ဟာသူ သဘာဝက ပေါက်ပေါ်လာပြီးတော့ သူ့ရဲ့ရေမြေ တောတောင်၊ ecology ပေါ့နော်။ အရင်ထဲက အဆင့်ဆင့် ဖြစ်ပေါ်လာတဲ့ မြစ်ချောင်းတွေ ပြောင်းလဲသွားတဲ့ အတွက် ပေါ်လာတဲ့ အင်းကြီးတွေ ဖြစ်တယ်။

ဒီအင်းတွေကို အပိုင်းပိုင်းမယ် ဆိုရင်လည်း ဒီကနေ့အထိ ကျွန်တော်တို့ သိထားတဲ့ fishing manual လို့ခေါ်တဲ့ အင်းအိုင် ဥပဒေမှာ ပြဆိုထားတာက အင်းတွေကို လေးခုခွဲလို့ ရတယ်။ ပထမ တခုက အငှါး သယံချထားတဲ့အင်း၊ နောက် protective fishery ကန့်သတ်အင်းပေါ့နော်။ နောက်တခုက reserved fishery သီးသန့်အင်း၊ နောက်ပြီး open fishery ဘုံငါးဖမ်းကွက်ပေါ့။ အဲဒီလိုရှိတယ်”

ရေချိုငါးလုပ်ငန်း လုပ်ကွက်တွေတင် ပေါများတာ မဟုတ်ပဲ ရေငံငါးလုပ်ငန်း အတွက်လည်း သဘာဝက ဘာတွေ ပေးထားပါသလဲ

“ကျွန်တော်တို့ နိုင်ငံမှာ အင်မတန် ပေါကြွယ်ဝတဲ့ marine fishery ရေငံငါးလုပ်ငန်းပေါ့လေ။ ကျွန်တော်တို့ ဆီမှာ သဘာဝက ပေးထားတဲ့ ဘယ်လောက်ကျယ်ပြောတဲ့ ပင်လယ်ကြီးကို ပိုင်ဆိုင်သလဲ ဆိုရင် ရခိုင်ဘက်က နတ်မြစ်ဝပေါ့ နတ်မြစ် မေယုတို့၊ ကုလားတန်တို့ မေယုတို့ အဲဒီကနေစပြီး ဒီဘက်ကို ဆင်းလာလို့ ရှိရင် ဧရာဝတီ တိုင်းရှိတယ်။ ပြီးတော့ မွန်ပြည်နယ်၊ တနင်္သာရီ ကော့သောင်းအထိ။ မိုင်ပေါင်း ၁၅၀၀ လောက်ရှိတယ်။ marine fishery က ကမ်းနီးဆိုတာ တပိုင်းရှိတယ်။ ကမ်းဝေးဆိုတာ တပိုင်းရှိတယ်။ ကမ်းနီးဆိုတာ ကျွန်တော်တို့ ကမ်းစပ်ကနေ ဆယ်မိုင်အတွင်း ဖြစ်မယ်။ နေ့ချင်းပြန် သင်္ဘောနဲ့ သွားပြီး အလုပ်လုပ်လို့ ရတဲ့ လုပ်ငန်းတွေ အားလုံးကို ကမ်းနီးငါးဖမ်းလုပ်ငန်းလို့ ခေါ်တယ်။ ကမ်းဝေးမှာ ကျတော့ များသောအားဖြင့် ရက်ပေါင်း လေးငါးခြောက်ရက် သွားပြီးတော့ လုပ်ရတဲ့ ဆယ်မိုင်ထက်ကျော်တဲ့ နေရာတွေမှာ သင်္ဘောကြီးတွေနဲ့ သွားပြီးလုပ်ရတဲ့ လုပ်ငန်းကို ခေါ်တယ်”

သဘာဝက မြန်မာနိုင်ငံတွက် ငါးသယံဇာတတွေ လိုလေသေးမရှိအောင် ပေးထားပေမယ့် ဒါကို စောင့်ရှောက်မှု မရှိရင်တော့ မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

“ကျွန်တော်တို့ ရေထဲမှာ ရှိတဲ့ငါး မျိုးတုန်းသွားတာကို တော်တော် တန်တန့်လူက မသိနိုင်ဘူး။ နှစ်ပေါင်းများစွာ ကြာတော့မှ ငါးတွေက တဖြေးဖြေး သေးလာတယ်။ ဥပမာ သာပေါင်းတို့ ရေကြည်တို့ နောက်ကျောက ထွက်တဲ့ ငါးးကျည်းတွေ ပေါ့နော်။ အရင်တုန်းက ငါးးကျည်းကျပ်တိုက် ဆိုတာ အကောင်ကြီးတွေက အကြီးကြီးတွေပဲ။ အလွန်အင်မတန့်ကို စားလို့ကောင်းတယ်။ အသားတွေလည်း အများကြီး။ အခု အသေးလေးတွေပဲ ရှိတော့တယ်။ လက်ညှိုးလက်မလောက် အကောင်လေးတွေကို ငါးကျည်း ကျပ်တိုက်လုပ် နေကြတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ငါးတွေက မျိုးတုန်းလာတာ။ ဒါကို အသိဉာဏ်နဲ့ သုတေသနကို စောစောစီးစီး သေသေချာချာ လုပ်ထားပြီးမှ ကာကွယ်ထားမှ conservation ပေါ့နော်။ လုပ်ထားမှ ရေရှည် အကျိုးရှိမှာ ဖြစ်တယ်”

သုတေသနနဲ့ လေ့လာမှု အားနဲခဲ့တဲ့ မြန်မာနိုင်ငံမှာ ဆုံးရှုံးခဲ့ရမှု တခုကို ကြည့်ရအောင်ပါ

“ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ၁၉၇၀ခုနှစ် မတိုင်ခင်က ပလာတူးစီမံကိန်း ဆိုပြီး လုပ်ကြတယ်။ ပလာတူးငါးတွေက ပထမတော့ အများကြီး မိတာပေါ့လေ။ ဒီငါးသေတ္တာ ငါးတွေက ပင်လယ်မှာ မိတဲ့ အခါကျတော့။ ဒီငါးတွေ အတွက်ကို စည်သွပ်ဘူးစက်ရုံတွေ ဘာတွေ ကျွန်တော်တို့ ဘိတ်၊ ကော့သောင်းတို့ဘက်မှာ ဆောက်ပြီးတဲ့ အခါကျတော့။ အများကြီး ဒီလိုပဲ နှစ်စဉ် ဆက်တိုက် ဆက်တိုက်ပဲ မိလိမ့်မယ်လို့ ထင်ပြီးတော့ ဆောက်လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ပလာတူးတွေက ရုတ်တရက် ကျွန်တော်တို့ဘက် ရေပြင်ဘက်ကို မလာတော့ဘူး။ ဒီဥစ္စာတွေဟာ ecology နဲ့ ဆိုင်တယ်။ ဒီငါးတွေရဲ့ နေမှုထိုင်မှုအားလုံးကို ဒီ အီကော်လော်ဂျီကို ကောင်းနေတဲ့ အချိန်မှာ ကျွန်တော်တို့ကလေ့လာဖို့ လိုတယ်။

ဒီပလာတူးငါးဆိုရင် သူတို့ ဘာ့ကြောင့်ပဲ ကျွန်တော်တို့ ရေပြင်ကို အရင်တုန်းက လာလည်းဆိုတဲ့၊ ဒီ migrate လုပ်လည်းဆိုတဲ့ ဟာကို ကျွန်တော်တို့က သူတို့လာတဲ့ အချိန်မှာ ကောင်းကောင်း research သုတေသန လုပ်ထားမယ် ဆိုလို့ရှိရင်၊ လိုလည်း လိုအပ်တယ် ဘာလို့လည်း ဆိုရင် သူတို့ လာတဲ့ အကြောင်းက salinity ဆားငံနှုံးကြောင့် သော်လည်းကောင်း၊ အပူချိန်ကြောင့် သော်လည်းကောင်း၊ နောက် plankton လို့ခေါ်တဲ့ သူတို့ စားတဲ့ အစားအစာ ၂ခုရှိတယ် ဆိုင်တိုပလန်တွန်နဲ့ ဇူးပလန်တွန် ဆိုတာ။ အဲဒီအစားအစာတွေကြောင့် လာတာလား။ လာတယ်ဆိုလို့ရှိရင်လည်း ဘယ်လို အခြေနေမျိုးမှာ လာတာလည်း။ အပူချိန်က ဘယ်လောက်မှာ ကြိုက်သလဲ၊ နောက် ပင်လယ်ထဲမှာ current လို့ခေါ်တဲ့ ရေစီးကြောင်း တွေရဲ့ ပြောင်းလဲမှုကြောင့်လား ဆိုတာကို သုတေသန လုပ်ဖို့ ကောင်းပါတယ်”

ဒီလို ပလာတူးငါးတွေရဲ့ အလေ့အထကို စံနစ်တကျ မလေ့လာမိခဲ့လို့ သူတို့နေပျော်တဲ့ အပူချိန်၊ ပင်လယ်ဆားငံနှုံး အချိုးအဆ၊ သူတို့နှစ်သက်တဲ့ အစားအစာ ဘာလဲဆိုတာ မသိခဲ့ပဲ သူတို့ များများ စားစား နေထိုင်ပျော်ပါးနိုင်တဲ့ ဝန်းကျင်မျိုး ကို မဖန်တီးပေး နိုင်ခဲ့တဲ့အတွက် ဆုံးရှုံးမှုကို ကြုံရတာပါ။ ဒီငါး သယံဇာတ ပေါများ လာဖို့နဲ့ မပြုန်းတီးစေဖို့ အတွက် သုတေသနတွေ လုပ်ဖို့ အပြင် ချမှတ်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး စံနစ်တကျ ထိမ်းသိမ်းကြဖို့ လိုပါတယ်။

“ရေချိုမှာ ဆိုရင် ရေချိုအင်းအိုင် ဥပဒေဆိုတာ ရှိတယ်။ ရေငံမှာ ဆိုလို့ ရှိရင်လည်း ရေငံနဲ့ ဆိုင်တဲ့ fishery manual တွေ ရှိတယ်။ law and direction ဥပဒေနဲ့ လမ်းညွှန်ချက်တွေပေါ့နော်။ အဲဒါတွေကို ကျွန်တော်တို့က လိုက်နာရုံပဲ။ နောက်ပြီးတော့ ကြီးကြပ်တဲ့ ငါးလုပ်ငန်း ဦးစီးဌာန ဆိုတာ အခုအချိန်မှာ ဆိုရင် အရင်တုန်းက ထက်စာရင် အများကြီး တက်လာပြီ။ ၈၄ခုနှစ်လောက်က ဧရာဝတီတိုင်း တတိုင်းထဲတင် ငါးလုပ်ငန်း ဦးစီးဌာနက ဖွင့်ထားတာ။ အခု ဆိုလို့ရှိရင် မွန်ပြည်နယ်မှာနဲ့ ကော့သောင်း အထိရှိတယ်။

ရေငံမှာ ဆိုလို့ရှိရင်လည်း ကမ်းနီး ကမ်းဝေး ငါးလုပ်ငန်းကနေ ကြီးကြပ်လို့ တော်တော်များများ ရနေပြီ။ အဲဒါကြောင့် ရေချို ငါးလုပ်ငန်း မှာပဲဖြစ်ဖြစ် ရေငံငါးလုပ်ငန်း မှာပဲဖြစ်ဖြစ် ဥပဒေတွေနဲ့ လုပ်မယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ရဲ့ ရေပြင်ဟာ တခြား နိုင်ငံတွေမှာ ရှိတဲ့ ရေပြင်နဲ့ မတူဘူး။ ရေချိုရော ရေငံရော၊ နောက်ပြီး ရေချိုရေငံကြားက brackish water fishes ငါးမျိုးတွေကလည်း ရှိသေးတယ်။

ကျွန်တော်တို့ မြန်မာပြည်က fishery ငါးဖမ်းကွက်တွေဟာ မတို့မထိရသေးဘူး။ ဒါ့တွေ အားလုံးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပိုင်ဆိုင်ထားတာ။ ဒီဥစ္စာတွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်”

မစ္ဆဗေဒ ပညာရှင် ဦးညွန့်လှိုင်ပါ။



XS
SM
MD
LG