သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေသူများ


NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could
NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could

ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ဝင်းသာထွေးက ပြောပြပေးမှာပါ။

"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။ ဒါပေမယ့်လို့ နေမိသားစု အပြင်ဘက်မှာ လူတွေနေနိုင်မလား သက်ရှိသတ္တဝါတွေ ရှင်သန် နေထိုင်နိုင်မလား ဆိုတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ ရှာကြတယ်"

ဒီအာကာသပညာရှင်တွေ လိုက်ရှာနေတာက လူတွေ နေထိုင်နိုင်လောက်တဲ့ အနေထားရှိတဲ့ ဂြိုဟ်တွေကို ရှာတာပေါ့နော်

"လူတွေထက် သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ နယ်ပယ်ထဲမှာ ရှိမယ့် ဂြိုဟ်တွေကို ရှာတာပါ။ အဓိက အားဖြင့်တော့ အပူရှိန်ပေါ့။ နေနဲ့ သိပ်နီးတယ် ဆိုရင်လည်း ပူလွန်းအားကြီးတယ်။ သိပ်ဝေးရင်လည်း အေးလွန်းအားကြီးတယ်။ ဆိုတော့ ကျွန်တော်တို့ ကမ္ဘာနဲ့ ခပ်ဆင်ဆင်တူတဲ့ အပူချိန်ရှိတဲ့ နေရာကို ရှာတာပေါ့။ ကမ္ဘာကတော့ ၇၀- ၈၀ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ်ရင်လည်း ၂၃- ၂၅ ဒီဂရီ Celcius ပေါ့။ ဒီနေရာတွေ မှာက အပူရှိန်အားဖြင့်ကလည်း သင့်တော်တယ်။ ပြီးတော့ လေထုကလည်း ရှိနေရမယ်။ နောက် ရေကလည်း ရှိနေရမယ်ဆိုတဲ့ နေရာမျိုးကို ရှာရမှာပါ"

အဲဒီလိုနေရာမျိုး ဘယ်နှစ်ခုလောက် အခုလောလောဆယ်မှာ တွေ့ထားပြီလဲ

"လောလောဆယ် အားဖြင့်တော့ နာဆာ NASA ကတွေ့ထားတာ ဖြစ်နိုင်တဲ့ ဂြိုဟ် ၂၆ လုံးရှိတယ်။ ဒါပေမယ့် ကမ္ဘာနဲ့ အဆင်တူဆုံး ကတော့ ကက်ပလာ ၂၂ သူက ကမ္ဘာနဲ့ တော်တော့်ကို တူူတယ် ဆိုပြီးတော့ ကောက်ချက် ချထားပါတယ်။ ဥရောပကတော့ ၂ခု တွေ့ထားတယ်။ ဥရောပ တောင်ပိုင်းမှာ ရှိတဲ့အဖွဲ့က ၃.၆ မီတာရှိတဲ့ မှန်ပြောင်းကြီးကို ချီလီနိုင်ငံ လာဆီးလားမြို့ La Silla တောင်ပေါ် တင်ထားပါတယ်။ သူက ကျတော့ နဂါးငွေ့တန်း အထဲထဲမှာ ရှိနေတဲ့ ကြယ်စုတွေကို လေ့လာနေပါတယ်။ ဒီကြယ်စုတွေထဲမှာ အများဆုံး ရှိနေတာက red dwarf လို့ခေါ်တဲ့ နေအသေး ဆုံးလေးတွေပေါ့။ အဲဒါတွေက ၈၀%လောက်က နဂါးငွေ့တန်းထဲမှာ ရှိနေတယ်။ သူက အဓိက အားဖြင့် red dwarf လို့ခေါ်တဲ့ နေအသေးစားလေးတွေမှာ ပတ်နေတဲ့ ဂြိုဟ်တွေကို လိုက်ရှာ ကြတာပေါ့။ ဂြိုဟ် ၂ခုကတော့ ကမ္ဘာနဲ့ တော်တော်လေးဆင်ဆင် တူတာ တွေ့ထား တာတော့ ရှိတယ်"

နာဆာက တွေ့ထားတဲ့ လူတွေ နေတဲ့ ကမ္ဘာနဲ့ တော်တော် လေးကို တူတယ် ဆိုတဲ့ ဂြိုဟ်က ဘယ်နားမှာ ရှိပါသလဲ

"ကျွန်တော်တို့ မြောက်ပိုင်း အာကာသပြင်ကို ကြည့်လိုက်မယ် ဆိုလို့ ရှိရင် Northern Cross လို့ ခေါ်ပါတယ်။ ကြက်ခြေခတ် ပုံသဏာန် ရှိနေတဲ့ ကြယ်စုထဲမှာ ရှိပါတယ်။ အပူရှိန်ကလည်း ၇၁ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ် ၂၃ ဒီဂရီ Celcius ဆိုတော့ ကမ္ဘာနဲ့ တော်တော်လေး ဆင်တူတာ တွေ့တယ်။ ဒါပေမယ့် သူက ကမ္ဘာထက် ၂ဆခွဲလောက် ပိုကြီးတဲ့ ဂြိုဟ်ပါ"

အဲဒီနေရာက ကမ္ဘာကနေ ဘယ်လောက်ဝေးပါလဲ

"အဲဒါက အလင်းနှစ်ပေါင်း ၆၀၀ ဝေးပါတယ်။ အလင်းနှစ် ဆိုတာက အလင်းရောင် တနှစ်မှာ ဘယ်လောက် သွားသလဲ ဆိုတဲ့ အကွာဝေးကို အလင်းနှစ် တနှစ် လို့ ခေါ်တာကိုး။ ဆိုတော့ အလင်းရဲ့ အလျင်နဲ့သွားရင် နှစ် ၆၀၀ ကြာမှ အဲဒီနေရာကို ရောက်မှာပါ"

နေမိသားစု ထဲမှာ ဘယ်ဂြိုဟ်တွေ ပါပါသလဲ

"နေမိသားးစုက ခုနပြောသလိုပဲ ဂြိုဟ်ကြီး ၉လုံး ရှိတာကိုး။ မာကျူရီကနေ ဗီးနပ်စ်တို့၊ ကမ္ဘာတို့ အင်္ဂါဂြိုဟ်တို့ ကြာသပတေးဂြိုဟ်တို့ ဟိုးနောက်ဆုံး ပလူတို အထိပါတယ်။ ဒါပေမယ့် ပလူတို ကျတော့ စာရင်းထဲကနေ ပယ်ထားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ သိပ်သည်းခြင်းက နဲတဲ့ အတွက်ကြောင့် မို့ပါ။ ပြီးတော့ သူက အစိုင်အခဲ တခုအနေမဟုတ်ပဲနဲ့ ဓါတ်ငွေ့ အစိုင်အခဲအနေနဲ့ ရှိတယ်ဆိုပြီးတော့ သိပံပညာရှင်တွေက ဒီစာရင်းထဲကနေ ပယ်ထားတယ်။ ဂြိုဟ်သိမ် ဂြိုဟ်မွှား စာရင်းထဲကို ထည့်လိုက်တာပါ။ ဒီအတောအတွင်းမှာ ထပ်ပြီးတော့ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေး ဂြိုဟ်ကြားထဲမှာ ရှိတဲ့ ဥက္ကာပျံ အစိုင်အခဲတွေ ကြားထဲမှာ တော်တော်လေး ကြီးတဲ့ ဂြိုဟ် တခု တွေ့ ထားတယ်။ အဲဒါက ဂြိုဟ်သိမ်ဂြိုဟ်မွှား ပေါ့လေ။ ဆဲလ်စ် လို့ ခေါ်တယ်။ နောက်တခါ ပလူတို ပတ်ဝန်းကျင် မှာ ကျတော့ မာကီမာကီတို့၊ ဟာမီဟူး မေးယားတို့ လို ဂြိုဟ်လေးတွေ ထပ်တွေ့သေးတယ်။ တခြား ဂြိုဟ်သိမ် ဂြိုဟ်မွှား လေးတွေလည်း တော်တော်များများ တွေ့ထားတာ ရှိပါသေးတယ်"

နေမိသားစုထဲမှာ ဂြိုဟ်သစ်တွေ တွေ့ခဲ့တာပါ။ နေမိသားစုရဲ့ အပြင်ဘက်မှာရော

"နေမိသားစုမှာ ပလူတိုဆိုတဲ့ ဂြိုဟ်ပတ်ဝန်းကျင်က ဟာကို ကျတော့ Kiper belt လို့ခေါ်တာကိုး။ ဘာလို့လဲ ဆိုတော့ သူက ရေခဲမှုန်တွေ များနေတဲ့ ပတ်လမ်းကြီးပေါ့။ အဲဒီအပြင် နေနဲ့ ကမ္ဘာရဲ့ အကွာအဝေး ထက် အဆပေါင်း တသောင်း ၅ထောင် လောက်ဝေးတဲ့နေရာ လောက်မှာ ကြယ်တံခွန် လို့ခေါ်တဲ့ comet တွေ ချည်းပဲ ပြည့်နေတာ။ သူက ဘီလျံနဲ့ ချီပြီးတော့ ရှိနေတာ သန်းထောင်ပေါင်းများစွာ ရှိနေတာ။ အဲဒီမှာ ကျတော့ ဂျူပီတာထက် ဒြဗ်ထု လေးဆလောက်ရှိတဲ့ ဂြိုဟ်တခု တွေ့တယ်လို့ လွန်ခဲ့တဲ့ ၂နှစ် လောက်က လူဝီစီယားနား ပြည်နယ်က ရူပဗေဒ ပညာရှင် တယောက်က အဆိုပြုထားပါတယ်။ အဲဒါကိုတော့ အခုထိ လေ့လာနေတုန်းပါပဲ"

red dwarf လို့ခေါ်တဲ့ နေအသေးလေးတွေကကို cool stars လို့လည်းခေါ်တာတွေ့ရပါတယ်။ ဘာဖြစ်လို့ပါလဲ

"HR diagram လို့ခေါ်တဲ့ နေတွေကို အတန်းအစား ခွဲတဲ့ အခါမှာ ကြီးတဲ့ ဂြိုဟ်တွေက ပိုပြီးတော့ အလင်းရောင် များတယ်။ ပိုပြီးတော့ ပူတယ်။ သေးတဲ့ ဂြိုဟ်တွေက အလင်းရောင်နဲတယ်၊ အေးတယ်။ ပြီးတော့ ကျွန်တော်တို့က သတ်မှတ်ထားတာက အပူချိန်ကို Kelvin ကယ်လ်ဗင် ဆိုတဲ့ absolute unit နဲ့ တိုင်းမယ် ဆိုရင် သေးတဲ့ ဂြိုဟ်တွေက ၂၀၀၀ ကယ်လ်ဗင်ကနေပြီးတော့ အများဆုံးကြယ်က ၂သောင်း ကယ်လ်ဗင် အထိသွားတယ်။ ကျွန်တော်တို့ရဲ့ နေကြီးက ကယ်လ်ဗင် ၅၈၀၀ အပူချိန် ရှိပြီးတော့ ဒီ red dwarf ကကျတော့ ၂၅၀၀ လောက် ပတ်ဝန်းကျင်လောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သေးလဲသေးတယ်။ အရောင်ကလည်း မှိန်တယ်။ ပြီးတော့ အပူချိန်ကလည်း တော်တော်လေး နဲပါတယ်။ ဒါကြောင့်မို့ အနီရောင် ကြယ်လေးတွေလို့ ခေါ်တာပါ

ဒီလိုမျိုး ဂြိုဟ်တွေ လိုက်ရှာနေတာဟာ အခုလောလောဆယ် လူသားတွေ အတွက် အကျိုး ဖြစ်ထွန်းပါ့မလား

ဥရောပ အဖွဲ့က တွေ့ထားတာမျိုးကျတော့ အလင်းနှစ် ၃၀ နေရာမှာ ရှိတဲ့ ဂြိုဟ် ၂ခုကို တွေ့ထားတာ။ ဆိုတဲ့ သဘောက ကျွန်တော်တို့ ဒီကနေ့ အလင်း အလျင်နဲ့ သွားမယ် ဆိုရင် အဲဒီနေရာကို အနှစ် ၃၀လောက်မှာ ရောက်မှာကိုး။ ဒါပေမယ့် တခုရှိတာက အဲဒီနေရာတွေကို သွားနိုင်ဖို့ ဖြစ်နိုင်တာက လောလောဆယ် ကျွန်တော်တို့မှာ ခုရှိတဲ့ နည်းပညာအရနဲ့ ရော သက်တမ်းအရ ဆိုရင် အခက်အခဲလေးတွေ ရှိနေသေးတယ်။ ဒါပေမယ့်လို့ မကြာခင်မှာတော့ ဒီထက် ပိုကောင်းတဲ့ နည်းပညာတွေ ရလို့ ရှိရင် နောက် ကျွန်တော်တို့ ဒီ့ထက် ပိုပြီး နေနိုင်မယ် ဆိုရင်တော့ သွားနိုင်မယ့် အခြေနေတွေ ရှိတာပေါ့"

ဒီလို ကမ္ဘာသစ်တွေ ဂြိုဟ်သစ်တွေ ရှာတာ ဘာလုပ်ဖို့ ပါလဲ

ကျွန်တော်တို့က စူးစမ်းချင်တဲ့ စိတ်တွေ ရှိနေတာကိုး။ စင်္ကြာဝဠာထဲမှာ လူသားတွေ ချည်းပဲ ရှိတာလား။ တခြား ဂြိုဟ်သားတွေရော မရှိနိုင်ဘူးလား။ ဒါကစူးစမ်း ချင်တဲ့ စိတ်တွေနဲ့ ကျွန်တော်တို့ ရှာတာပါ။ နာဆာကနေပြီးတော့ ရေဒီယို တယ်လီ စကုပ်တွေနဲ့ ကြည့်နေပါတယ်။ ဘယ်ဂြိုဟ်ကများ အချက်ပြ အဆက်အသွယ်တွေ လုပ်မလဲ ဆိုပြီးတော့ ကျွန်တော်တို့ အခု လေ့လာနေတယ်။ တော်တော်လေး ကြာနေပါပြီ။ ဒီအချိန်အထိ တခါမှ မတွေ့ဘူးသေးပါဘူး။ ကျွန်တော်တို့က ရှိမျုား ရှိမလား ဆိုပြီး ရှာနေကြတုန်းပါပဲ

ဘယ်နှစ်နှစ်လောက်ရှိပြီလဲ ဆရာ ခန့်မှန်းခြေဆိုရင်

ဟာ ဒါဟာ ကြာပြီ။ ၁၈နှစ်လောက် ရှိနေပါပြီ။ သူတို့ ရှာနေကြတာ။ ဆက်တီလို့ ခေါ်ပါတယ်။ ဒီ ဆက်တီ ဆိုတဲ့ အစီအစဉ်က စင်္ကြာဝဠာ ကနေပြီးတော့ လာနေတဲ့ ရေဒီယို အဆက်အသွယ် အချက်ပြတွေကို ဖမ်းယူနေတယ်။ ဒါပေမယ့် ဒီ အချိန်အထိ တခါမှ မတွေ့သေးပါဘူး

ဆရာပြောသလို တော်တော် အလှမ်းဝေးနေလို့ ဖြစ်မယ်

"ဟုတ်မယ့် တော်တော် ဝေးမှာပေါ့။ တကယ်လို့ ခုနပြောသလိုပေါ့။ ကျွန်တော်တို့တွေ့ထားတဲ့ ဂြိုဟ်သစ် တလုံးက အလင်းနှစ် ၃၀ အကွာမှာ ရှိတယ် ဆိုရင် ကျွန်တော်တို့ ဒီကနေ့ သူတို့ ဆီကို နေကောင်းလား ဆိုပြီးတော့ signal ပို့လိုက်မယ် ဆိုရင် အနှစ် ၃၀ နေပြီးမှ သူတို့ ဆီကိုရောက်မယ်။ ရောက်ပြီး သူတို့ ကလည်း သိပ်သဘောကောင်း ပြီးတော့ သိပ်ပြီးတော့လည်း မိတ်ဆွေ ဖြစ်ချင်တယ် ဆို ချက်ချင်းပြန် ပို့လိုက်ရင် နောက်ထပ် အနှစ် ၃၀ နေပြီးမှ ကျွန်တော်တို့ ဆီ ပြန်ရောက်လာမှာဖြစ်ပါတယ်"

ဒေါက်တာဝင်းသာထွေးပါ။

XS
SM
MD
LG