ရှမ်းပြည်နယ် နမ္မတူမြို့နယ်အတွင်းမှာ TNLA တအန်း (ပလောင်) တပ်နဲ့ RCSS/SSA တောင်ပိုင်း ရှမ်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူ ၅၀၀ နီးပါးလောက် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ လောလောဆယ်မှာလည်း နှစ်ဘက်တပ်တွေ အကြား တင်းမာမှုတွေ ဆက်ရှိနေတဲ့အတွက် စိုးရိမ်ထိတ်လန့်ပြီး ထပ်မံတိမ်းရှောင်သူတွေလည်း ရှိနေပါတယ် ။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရတပ်မတော်က ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းရှိ စစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းဖို့ ကြေညာထားချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ဒီရက်ပိုင်းတွေအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံရွာအနီးမှာ TNLA တအန်း (ပလောင်) တပ် နဲ့ RCSS/SSA တောင်ပိုင်း ရှမ်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူ စိုင်းရန်ပြေက ပြောပါတယ်။
“ ၃၁ ရက်နေ့ ညနေပိုင်းကနေ စဖြစ်တာ။ မန်စံရွာရဲ့ မြောက်ဘက်ကနေ ဖြစ်တာ။ မန်စံရွာရဲ့ မြောက်ဘက်မှာ နားဟန်းကျေးရွာရှိတယ်။ အဲဒီနားဟန်းမှာဖြစ်တယ်။ နောက်တနေ့ကျတော့ မန်ဝါမှာဖြစ်တယ်။ နမ္မတူမြို့နယ် မန်ဝါမှာဖြစ်တယ်။ နားဟန်းရွာနဲ့ မန်ဝါရွာ အဓိက အဲဒီနားတဝှိုက်မှာ ပိုဖြစ်တယ်။”
တိုက်ပွဲဖြစ်တာကြောင့် အနီးအနားမှာရှိတဲ့ နားငူး၊ နားဟန်း၊ နောင်အော့၊ နားကျိုင်းနဲ့ မန်ဝါ စတဲ့ကျေးရွာတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်အများစုဟာ နမ္မတူမြို့နဲ့ မန်စံရွာတွေဆီကို တိမ်းရှောင်နေကြပါတယ်။
မန်ဝါရွာကနေ နမ္မတူမြို့က ပုဗ္ဗါရုံကျောင်းကို ဒီကနေ့ ရောက်ရှိလာတဲ့ စစ်ရှောင်တစ်ဦးက သူကြုံတွေ့ရတဲ့အခြေအနေကို အခုလို ပြောပါတယ်။
“ တစ်နေ့က တစ်ခါ တိုက်ပွဲဖြစ်ပြီ။ ဘယ်လောက်မှ မဝေးဘူး။ ရွာထဲမှာတောင် ထိတယ်လေ။ ကျွဲ ၃ ကောင်တောင် ထိတယ်။ မနေ့က မဖြစ်ဘူး။ ဒီနေ့လည်း တိုက်ပွဲဖြစ်မှာ ကြောက်တယ်လေ။ ပလောင်စစ်သားလည်း ရှိတယ်လေ။ ရှမ်းစစ်သားလည်း လာမယ်ပြောတယ်။ ခုနကလည်း လာပြီလေ။ ”
ရွာသူရွာသားတွေ ထိခိုက်တာတော့ မရှိကြောင်း သူက ပြောပါတယ်။
နမ္မတူမြို့ ပုဗ္ဗါရုံဘုန်းကြီးကျောင်းနဲ့ မန်စံရွာကို စစ်ရှောင်တွေ တိမ်းရှောင်လာတဲ့အခြေအနေကို စိုင်းရန်ပြေက အခုလို ပြောပါတယ်။
“ပုဗ္ဗါရုံကျောင်းမှာ ပထမဆုံးရောက်တာကတော့ အိမ်ထောင်စု ၁၀စု၊ အခုလေးတင်ပဲ ထပ်ဝင်လာတော့ ကျနော်ကြည့်ရတာ အိမ်ထောင်စု ၄- ၅ အိမ်ထောင်စုလောက်ရှိမယ်။ အခုဆိုရင်တော့ ၁၅ အိမ်ထောင်စုလောက် ဝင်ပါလိမ့်မယ်၊ ခန့်မှန်းပေါ့နော်။ ဟို မန်စံကျတော့ အစပထမတော့ အိမ်ထောင်စုက ၄၄စု၊ အခုအိမ်ထောင်စု ၉၁စုရှိပြီ၊ ရွာက ၅ရွာနဲ့ လူဦးရေက ၃၃၆ယောက်ပါ။ ”
ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဝင်းထွဋ်က မန်စံရွာက မန်ဟောင်ဘုန်းကြီးကျောင်းမှာ ထပ်မံရောက်လာသူတွေရှိပြီး သူတို့ဌာနက တစ်ပတ်စာဆန်ဖိုး ထောက်ပံ့ ထားကြောင်း ပြောပါတယ်။
“မန်ဟောင်ဘုန်းတော်ကြီးကျောင်းမှာ ပထမက အိမ်ထောင်စု ၇၇၊ လူဦးရေ ၃၃၂။ ညက တိုးတာ ၅၉ဆိုတော့ ၃၉၁။ လူဦးရေပေါ့။ ထပ်တိုးတာကျ ဇန်နဝါရီလ ၃ရက်ပေါ့။ ဒီမနက်ကမှ ရတယ်။ အခု လောလောဆည် ကျနော်တို့ တစ်ပတ်စာ ဆန်ဖိုးပဲ ထောက်ပံ့တာရှိတယ်။ တစ်ပတ်စာပေါ့နော်။ လူတစ်ဦးကို တစ်နေ့ကို နို့ဆီ နှစ်လုံးနှုန်းနဲ့ ကျနော်တို့ နို့ဆီတစ်လုံး ၁၅၀နှုန်းနဲ့ တစ်နေ့ ၃၀၀ဆိုတော့ တစ်ပတ်ကို ၂၁၀၀ နှုန်းပေါ့။ ”
ဒီကနေ့မှာ လားရှိုးမြို့က Relief International ကူညီရေးအဖွဲ့က နမ္မတူမှာ ရောက်နေတဲ့ စစ်ရှောင်တွေကို အနွေးထည်တွေ လာရောက်ထောက်ပံ့တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့လ ၂၄ရက်နဲ့ ၂၅ရက်နေ့တွေကလည်း သီပေါမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် လူ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ ၃၀ရက်နေ့မှာတော့ နယ်မြေအခြေအနေ ငြိမ်သက်သွားတာကြောင့် သူတု့ိနေရပ်မှာ ပြန်လည် နေထိုင်နေကြပြီဖြစ်ပါတယ်။