ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ SSA မြောက်ပိုင်းတပ်နဲ့ အစိုးရတပ် အနည်းဆုံး တိုက်ပွဲ ၅နေရာဖြစ်ပွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒီလတစ်ရက်နေ့မှာ ကျေးသီးမြို့နယ် တာ့ဖာဆောင်စခန်းက ရှမ်းတပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ အကြောင်းကြားပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ စတင်ဖြစ်လာတာပါ။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရတပ်နဲ့ SSA မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းတပ်ဖွဲ့တို့အကြားမှာ ကြာသပတေးနေ့ က ကျေးသီးမြို့နယ်အတွင်း နေရာ ၅နေရာလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တာ့ဖာဆောင်တံတားအနီးမှာ တရက်နဲ့ တညလုံးလိုလို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရှမ်းတပ်ဖွဲ့ဖက်က သူ့တို့စခန်းကို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလို ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးစပ်ခွန်ဆိုင်က အခုလို ပြောပါတယ်။
" ကျနော်တို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ရဲ့ ဗဟိုကော်မတီ အစည်းအဝေး အရေးပေါ် အစည်းအဝေး ထိုင်ပြီးတော့ ကျနော်တို့ ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့ တပ်ကို ဆုတ်ဖို့ ညွှန်ကြားလိုက်ပြီ။ ကနေ့မနက်ပိုင်းပါပဲ ကနေ့မနက်ပိုင်း အစည်းအဝေး လုပ်တယ်လေ။
အစည်းအဝေးလုပ်ပြီး တပ်တွေကို ညွှန်ကြားပြီး ဆုတ်လိုက်ပါပြီ။
တပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးဖို့ ဆွေးနွေးပွဲကို သွားနိုင်ဖို့ ဒါကို အဓိက ရည်မှန်းပါတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ မဖြစ်အောင် ကြိုးစားမယ်။"
ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဖက်က တပ်ရင်း ၉ရင်း၊ လူအင်အား တစ်ထောင်ကျော် အပြင် လက်နက်ကြီး တပ်ဖွဲ့တွေ ပါဝင်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီကနေ့အထိ ရှမ်းတပ်ဖွဲ့ဘက်က ၂ ဦးကျဆုံးပြီး အစိုးရတပ်ဖက်က ၅ဦး ကျဆုံးကြောင်း ဦးစဝ်ခွန်ဆိုင်ဝ်က ပြောပါတယ်။
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက တာဝန်ရှိသူတဦး ကတော့ SSA မြောက်ပိုင်း တပ်ဖွဲ့က ပေးပို့လာတဲ့သတင်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို ဆက်လက် တင်ပြထားတယ်လို့ ပြောပါတယ်။
" သူတို့ တံတားကနေ ဖယ်ပေးလိုက်ပြီလို့ ကျနော်တို့ဆီလည်း သတင်းပို့တယ်။ သတင်းပို့တော့ ကျနော်တို့ လည်း တပ်ဘက်ရော ဒီဘက်ရော အကြောင်းကြား ထားပါတယ်။ သက်ဆိုင်ရာ ဗဟိုကော်မတီကို တင်ပြထားပါတယ်။ သူတို့ဆက်လုပ်ပါလိမ့်မယ်နော်။"
လောလောဆယ်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာလေးရွာက ဒေသခံပြည်သူတွေ ဟာ ဖာဆောင်ရွာ အနီးက ဝမ်ဝပ်ရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးနေ တယ်လို့ ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်း က ပြောပါတယ်။
" ရွာသားတွေကတော့ ဗမာဘုန်းကြီးကျောင်းမှာပဲ ပြန်ခိုနေကြတယ်။ တိုက်ပွဲက တအားပြင်းထန်နေတဲ့အခါကျတော့ တိုက်ပွဲနဲ့ နီးတဲ့ဟာ ဝမ်ဝပ်တို့ ဖာဆောင်ရွာတို့ပေါ့ လေးရွာ၊ ငါးရွာလောက် ပုန်းခိုနေရတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ တိုက်ပွဲကဖြစ်တဲ့အခါကျတော့ ဘယ်နှစ်ယောက် လာမှန်း မသိရဘူး။
ရှမ်းတပ်ဖွဲ့ဖက်က ဆုတ်ခွာလိုက်ပြီဆိုပေမဲ့ တာ့ဖာဆောင် တံတား အနီးမှာ ဒီကနေ့ နေ့ခင်းပိုင်း အထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။