မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel ရဲ့ ၃ရက်ကြာ ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာ သံအမတ်ကြီးဟာ တွေ့ဆုံစဉ်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့လက်နက်ကိုင် တိုက်ပွဲတွေ အဆုံးသတ်ရေးကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးဝေဖန်သုံးသပ်သူတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။
သံအမတ်ကြီး Scot Marciel ဟာ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြည်နယ်အစိုးရ အပါအဝင် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုအသင်းအဖွဲ့တွေ ၊ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး၊ ကချင်ပြည်နယ်ကိုအကူအညီပေးရေးကိစ္စရပ်တွေကို အဓိကဆွေးနွေးခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့နဲ့တွေ့ဆုံပြီး တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် အားပေးကြောင်းဆွေးနွေးခဲ့ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ပြောရေး ဆိုခွင့်ရှိသူ က ပြောပါတယ်။
“သံအမတ်ကြီး မာစီရဲလ်ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ အထောက် အကူပြု အဖွဲ့နဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်ရေး အားပေးကြောင်းလည်း သံအမတ်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းကျ ဖယ်ဒရယ်တိုင်းပြည်တခု ထူထောင်ရာမှာ KIO နဲ့ ကချင်လူထု အပြည့်အ၀ ပူးပေါင်းပါဝင်ရေးဟာ အရေးကြီးကြောင်းလည်း သံအမတ်ကြီးက အလေးထား ပြောဆိုခဲ့ပါတယ်။”
ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်ခမ်းကတော့ အခုလို လာရောက်တာ ကို ကြိုဆိုပြီး ကချင်ပြည်နယ်အခြေအနေကို အစဉ်တစိုက်စောင့်ကြည့်လေ့လာဖို့ လိုအပ်ကြောင်း အခုလို ပြောဆိုပါတယ်။
“အမေရိကန်အစိုးရကော အမေရိကန်သံအမတ်ရော ဒီကချင်ဒေသရဲ့အခြေအနေ ကိုတော့ အမြဲတမ်းလေ့လာဖို့တော့လိုတယ်လို့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်ဆန်းစုကြည် အမေရိကန်ကိုသွားနေတဲ့အချိန်မှာရော ဒီမှာ စစ်ပွဲတွေကို ထိုးစစ်ဆင်နေတယ်ဆိုတော့ အစိုးရနဲ့ ဒီစစ်တပ်ရဲ့ ဆက်ဆံရေးကလည်း ဘယ်လိုမျိုးဖြစ်သလဲ။ ဒီမိုကရေစီ နိုင်ငံတည်ဆောက် မယ်ဆိုတဲ့ဟာမျိုးကို ဘယ်လိုမျိုး အကျိုးသက်ရောက်မှုဖြစ်မလဲဆိုတာကိုတော့ အမြဲတမ်းသုံးသပ်ဖို့လိုအပ်တယ်လို့တော့ ကျနော်မြင်ပါတယ်။ အမေရိကန်တွေရဲ့ Sanction ပယ်ဖျက်တဲ့ဟာတွေကိုတော့ အထူးသဖြင့်အမေရိကန်အစိုးရအနေနဲ့ သုံးသပ်သင့်တယ်လို့တော့ ကျနော်အဲလိုပဲမြင်ပါတယ်။”
အမေရိကန်သံအမတ်အနေနဲ့ အခုလို အခြေခံ ပြည်သူလူထုတွေနဲ့ ကချင်ပြည်နယ်ရဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့သလိုလက်တွေ့ကျတဲ့အကူအညီတွေ ပေးနိုင်ဖို့လည်း ကြိုးစားသင့်ကြောင်း ဦးအောင်ခမ်းက ပြောပါတယ်။
တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အမေရိကန် သံအမတ်ကြီးရဲ့ ကချင်ပြည်နယ်ခရီးစဉ်အပေါ် အခုလို ပြောဆိုပါတယ်။
“အခုက အမေရိကန်ရော တရုတ်ကော ဒီ အာရှနိုင်ငံက နိုင်ငံငယ်တွေနဲ့ ဆက်ဆံရေး ကို အပြန်အလှန် အပြိုင်အဆိုင်ပေါ့လေ ကြိုးစားနေတာပဲ။ ကျမတို့ မြန်မာပြန်အနေနဲ့ တိုင်းကြီးပြည်ကြီးတွေကြားမှာ ညှပ်နေတဲ့ နိုင်ငံလည်းဖြစ်တယ်။ ကျမတို့ နေတတ်၊ ထိုင်တတ်ရင်လည်း ကျမတို့အတွက် အများကြီးအကျိုးရှိတဲ့ ပထဝီနိုင်ငံရေးအနေအထားဖြစ်တယ်။ အခု NLD အစိုးရခေတ်မှာဆိုရင် တရုတ်နဲ့ ဆက်ဆံရေးလည်းကောင်းလာတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးလည်းကောင်းလာတယ်။ အိန္ဒိယနဲ့ ဆက်ဆံရေးလည်းကောင်းလာတယ်၊ ဂျပန်နဲ့ ဆက်ဆံရေးလည်းကောင်းတယ်။ အဲလိုအင်အားကြီးနိုင်ငံတွေရဲ့ အင်အားချိန်ခွင်တာကို ကျမတို့ ညှိပြီးနေတတ်ထိုင်တတ်မယ်ဆိုရင် ကျမတို့ တိုင်းပြည်အတွက်အကျိုးရှိမယ်လို့ ထင်ပါတယ်။”
အမေရိကန်သံအမတ်ရဲ့ခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန်ရဲ့မဟာမိတ်တွေအကြား သံတမန်ရေးတင်းမာနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အပေါ် တရုတ်အစိုးရဖက်က ဘယ်လို သဘောထားနိုင်မလဲ ဆိုတာကို ဒေါက်တာလှကျော်ဇောက အခုလို သုံးသပ်ပါတယ်။
“စိုးရိမ်စရာတော့ သိပ်ရှိမယ်မထင်ဘူး၊ တရုတ်ရဲ့ အခုလုပ်ပုံကိုင်ပုံကိုကြည့်မယ်ဆိုရင် အခုခေတ်သူတို့ စဉ်းစားနည်းက Global governance လို့ ခေါ်တာပေါ့နော်၊ ကမ္ဘာကြီးတခုလုံးကို အင်အားကြီးနိုင်ငံတွေက စနစ်တကျမျှဝေပြီးတော့ တာဝန်ယူမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီးအကျိုးရှိမယ်လို့ သူကလည်း တွက်တာကို။ ဟိုနအဖ ခေတ်ကတည်းကပေါ့နော် တရုတ်က နအဖ အစိုးရနဲ့ အမေရိကန်အစိုးရကြားမှာ အောင်သွယ်တောင်လုပ်ပေးဖူးတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်အနေနဲ့ အမေရိကန်အစိုးရနဲ့ ဒီလို တစုံတရာ ဆက်ဆံရေးကောင်းလာတာ သူတို့အနေနဲ့ စိတ်ပူစရာမရှိဘူး။”
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ ကချင်ပြည်နယ် ခရီးစဉ်ဟာ ဒီတကြိမ်ဟာ ပထမဆုံးလည်းဖြစ်ပါတယ်။ အရင် သံအမတ်ကြီးဖြစ်တဲ့ Derek Mitchell တာဝန်ထမ်းဆောင်စဉ်ကလည်း ကချင်ပြည်နယ်ကို အနည်းဆုံး ၃ကြိမ်သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရအပါအဝင် လူထုလူတန်းစား အသီးသီးနဲ့တွေ့ဆုံဆွေးနွေး တာတွေ ရှိခဲ့ဖူးပါတယ်။