သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ကို ခေတ်မှီအောင်ပြင်ဖို့ အပိုင်း ၅


မြန်မာနိုင်ငံ လူဦးရေရဲ့ ဆယ်ပုံတပုံ နေထိုင်တဲ့ ရန်ကုန်မြို့မှာ သောက်သုံးရေကို ဘယ်လို ဖြန့်ဝေပေးနေတယ် ဆိုတာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ အကြံပေး ဖြစ်တဲ့မြို့ပြ စီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ပြောပြမှာပါ

" အခုလက်ရှိအားဖြင့်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီးတော့ နေ့စဉ် ဂါလံ သန်း ပေါင်း ၁၆၀ ပေးဝေနေပါတယ်။ အဲဒီလိုပေးေ၀ နေပေမယ့်လည်း တကယ်ဆို လူတယောက်ကို အကြမ်းအားဖြင့် တနေ့ ဂါလံ ၃၀ နှုံးနဲ့ တွက်မယ် ဆိုလို့ ရှိရင် သန်းပေါင်း ၁၅၀ နဲ့ လောက်ပဲ ကုန်မှာပါ။ အခု သန်းေးပါင်း ၁၆၀ ပေးဝေနေတယ် ဆိုတော့ ကျွန်တော်တို့ ရန်ကုန်မြို့ အနေနဲ့ ပေးဝေနေတဲ့ ရေက လောက်တယ်လို့ အကြမ်းအားဖြင့် တော့ မှန်းလို့ ရပါတယ်။

ဒါပေမယ့်လည်းပဲ အခက်အခဲ တခုက ရှိတာက ကျွန်တော်တို့ သုံးနေတဲ့ ပိုက်တွေက ရှေးတုန်းက ပိုက်တွေ ဖြစ်နေတာက တကြောင်း၊ လူတွေကလည်းပဲ သိပ်ပြီး စည်းကမ်းမရှိတာလည်း တကြောင်း၊ နောက်တခါ ပေးဝေတဲ့ စံနစ်မှာလည်းပဲ အားနဲချက်ရှိတာ တွေကလည်း တကြောင်း ကြောင့် ရန်ကုန်မြို့ လူဦးရေ အားလုံးကို ကျွန်တော်တို့ မပေးနိုင်သေးပါဘူး။ မပေးနိုင် တဲ့အပြင် ဒီဂါလံ သန်းပေါင်း ၁၆၀ ကလည်း ကုန်သွားပါတယ်။ အလေအလွင့်ပေါ့နော်။ wastage လို့ခေါ်ပါတယ်။ နောက်တခါ လူတွေက တရားမဝင်ဖေါက်ယူကြတာ ပေါ့။ စသည်ဖြင့် အကုန်လုံးကို ပေါင်းလိုက်လို့ ရှိရင် ပညာရပ် ဆိုင်ရာကတော့ unaccounted ပေါ့လေ။ ဘာကြောင့်မှန်း မသိသော ဆိုပြီးတော့ ခေါ်ကြပါတယ်။ အဲဒီ unaccounted က အတော်လေး များနေပါတယ်။ အဲဒါကို အခု ဂျိုက်ကာက ဂျပန်ကျွမ်းကျင်သူတွေက ဝင်ပြီးတော့ ကူပါ့မယ် လုပ်ပါ့မယ် ပြောတော့ သူတို့နဲ့ ပေါင်းပြီးတော့ ဘယ်နေရာမှာ ဘယ်လို wastage အလေအလွင့်တွေ များနေသလဲ၊ ဒါကို ဘယ်လိုပြုပြင် ကြမလဲ ဆိုတာကို ဝိုင်းပြီးတော့ စဉ်းစားကြမှာပါ"

မြို့တော် စည်ပင်သာယာကနေ ရေ တနေ့ကို ဂါလံ သန်းပေါင်း ၁၆၀ ဖြန့်ဖြူးပေးနေတာမို့ ဒီလို ဆက်ပြီး ပေးဝေနိုင်ဖို့ရာ လုံလောက်တဲ့ ရေအရင်းအမြစ် ရှိပါရဲ့လား၊ ဘယ်နေရာတွေကနေ ဖြန့်ဖြူးပေးနေတာပါလဲ

"Resources လို့ခေါ်တဲ့ ရေအရင်းအမြစ် တွေကရှိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀လောက် တုန်းက ကျွန်တော် တို့ စ ဆောက်ခဲ့တဲ့ ငမိုးရိပ်ရေလှောင်ကန်က ရေအရင်းအမြစ် ရှိပါတယ်။ အဲ ပိုက်တွေတော့ ထပ်ပြီးတော့ တိုးဖို့ ပြင်ဖို့ လိုပါသေးတယ်။ ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ရေလှောင်ကန် ကြီးတွေကတော့ လှော်ကားကန်က အင်္ဂလိပ်လက်ထက် ကတဲက ၁၉၃၀ လောက်မှာ တူးသွားတာ ဖြစ်ပါတယ်။ နောက် ဂျိုးဖြူရေလှောင်ကန် ကလည်း ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ကပ်ပြီးတော့ တူးသွားတာ ဖြစ်ပါတယ်။ ဖူးကြီး ရေလှောင်ကန် ကတော့ ၁၉၆၀ လောက်မှာ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ ၁၉၉၀ ပတ်ဝန်းကျင် လောက်မှာ ငမိုးရိပ် ရေလှောင် ကန်ကို တည်ဆောက်ခဲ့ပါတယ်။ ငမိုးရိပ် ရေလှောင်ကန်က အခု ရေအများကြီး ရှိပါတယ်။

အဲဒါကတော့ ကျွန်တော်မြို့ ရေပေးရေးစံနစ်ရော၊ စိုက်ပျိုးရေးက အသုံးပြုတဲ့ ရေအတွက်ရော ၂ခုလုံး ပေါင်းပြီး လုပ်တာဖြစ်ပါတယ်။ အဲဒီက ရေကလည်းပဲ တော်တော်လေး များများ ရှိပါတယ်။ နောက်ရှိပါသေးတယ်ခင်ဗျ။ ကျွန်တော်တို့ ရန်ကုန်ရဲ့ အရှေ့မြောက်ဘက်မှာ၊ နောက် တိုက်ကြီးဘက် တဝိုက်မှာလည်း ရှိပါတယ်။ ရေအရင်းအမြစ်တွေ ကတော့ ရန်ကုန်မြို့မှာ နောက်ထပ် နှစ်ပေါင်းများစွာ အတွက်ကို လုံလုံလောက်လောက် ရှိပါသေးတယ်"

ဒီရေအရင်းအမြစ်အတွက် ရန်ကုန်မြို့က စိတ်ပူစရာမရှိဘူး ပေါ့နော်။

"မရှိပါဘူးခင်ဗျ"

ဒီရေအရင်းအမြစ်နဲ့ ပါတ်သက်ပြီးတော့ ခွဲပြီးပြောပြပေးပါဆရာ၊ ရေလှောင်ကန်က ရေပေးဝေနေတဲ့ အခြေနေနဲ့ မြေအောက်ရေ သုံးတဲ့ အနေထားတွေကို ပြောပြပေးပါ

"ရန်ကုန်မြို့ကတော့ ဟိုရှေး အင်္ဂလိပ် လက်ထက် ကတဲကနေ အဓိက အားဖြင့်တော့ ရေလှောင် ကန်ကို သုံးပါတယ်။ ကန်တော်ကြီးတို့ အင်းယားကန်တို့ ဆိုတာ အင်္ဂလိပ် လက်ထက် တုန်းက ရေလှောင်ကန်အဖြစ်နဲ့ သုံးသွားတဲ့ ကန်ကြီးတွေပါ။ အခုတော့ မသုံးတော့ ပါဘူး။ နောက်ပိုင်း ကျတော့ အင်္ဂလိပ်လက်ထက်က သုံးသွားတဲ့ ရေလှောင်ကန်ကြီးတွေ ထဲမှာ ဆိုရင် လှော်ကားကန် ရှိပါတယ်။ ဂျိုးဖြူကန် ရှိပါတယ်။ နောက်ပိုင်း ၁၉၆၀ ပတ်ဝန်းကျင်လောက်မှာ ဖူးကြီး ရေလှောင်ကန် ဆိုပြီးတော့ ထပ်ပြီး တိုးပါတယ်။ မကြာခင် ကပဲ ငမိုးရိပ် ရေလှောင်ကန် ပေါ့လေ။

ဆိုတော့ လှော်ကားရယ်၊ ဂျိုးဖြူရယ်၊ ဖူးကြီးရယ်၊ ငမိုးရိပ်ရယ် အဲဒီရေလှောင်ကန်တွေ ကနေပဲ အဓိက ကျွန်တော်တို့ ရေတွေကို ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။ နောက် စမ်းချောင်း ဘက်မှာကတော့ underground water လို့ခေါ်တဲ့ မြေအောက်ရေကို သုံးနေပါတယ်။ သို့သော် ရာခိုင်နှုံးအားဖြင့် ကတော့ မြေအောက်ရေကို သုံးနေတာ အတော်လေး နဲပါတယ်။ တခြားသော မြို့ကြီးတွေ ဥပမာ မက်ဆီကို တို့ ဘန်ကောက်တို့နဲ့ စာလို့ ရှိရင် တော့ မြေအောက်ရေကို သုံးတာ အတော်လေး နဲပါတယ်။ မြေအောက်ရေကို သုံးတာ များလို့ရှိရင် groundwater level မြေအောက်ရေရဲ့ မျက်နှာပြင်က နိမ့်သွားတယ် ဆိုတာတော့ အခု ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း မှာတော့ မတွေ့ရှိရ သေးပါဘူး။ အဲဒီ စမ်းချောင်းနား တဝိုက်မှာတော့ မြေအောက်ရေကို ရန်ကုန် စည်ပင် ကပဲ တူးပြီးတော့ အဲဒီ ဖြန့်ဝေတဲ့ အထဲထဲမှာ ထည့်ပြီးတော့ သုံးပါတယ်"

ရန်ကုန်မြို့ထဲက တချို့ အိမ်တွေက ပြောကြပါတယ် ဆရာ။ ပေးတဲ့ ရေတွေက သံဂျီးစော်တွေ နံတယ်။ နောက်တယ်။ နောက် ပိုးကောင်တွေ ပါတယ်။ ဒါမျိုးတွေ ပြောတာ ကြားရပါတယ်။ ဆိုတော့ ဒီရေသန့် သောက်ရေသန့် ရဖို့ အတွက်ကို ဆရာတို့ ဘယ်လိုစီစဉ်ပါလဲ

"မှန်တာ ပြောရရင်တော့ ရန်ကုန်မြို့က ဖြန့်ဝေတဲ့ ရေထဲမှာ သောက်ရေ အနေနဲ့တော့ တော်တော် များများ နေရာမှာ မသင့်ဘူးလို့ပဲ ပြောရမှာပေါ့။ သံချေးပါတယ် ဆိုတဲ့ ကိစ္စကတော့ အဓိက အားဖြင့် ပိုက်တွေမှာ ဖြစ်တာပါ။ ပိုက်တွေက ကြာလာတယ်၊ ဟောင်းလာတယ်၊ ပေါက်လာတယ် ပေါ့နော်။ ဆိုတော့ အဲဒီကိစ္စက လည်းပဲ အခု ကျွန်တော်တို့ အဲဒီ ဂျပန် ပညာရှင် အဖွဲ့နဲ့ ပူးပေါင်း ပြီးတော့ ပြန်ပြီးလေ့လာ ကြမယ်။ ကျွန်တော်တို့ လူတွေလည်းပဲ သူတို့လည်း လေ့လာနေ ကြ ပါတယ်။ အဲဒီလိုလေ့လာကြမယ် ဆိုလို့ ရှိရင်တော့ နောက်ထပ် ၆လ တနှစ်လောက် ဆိုရင်တော့ ဒီအဖြေ တွေကို သိပြီးတော့ ဘာဆက်လုပ်ကြမလဲ ဆိုတာ တိတိကျကျ ရလာမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် အဲဒီ ပေးဝေရေး စံနစ်နဲ့ ပိုက်စံနစ်နဲ့ အဲဒါတွေကိုတော့ အများကြီး ပြုပြင်ဖို့ လိုအပ် နေပါတယ်။

နောက်တခါ ရန်ကုန်မြို့မှာ တချို့နေရာတွေ မှာတော့ ရေမီတာတွေ တပ်ကြပါပြီ။ အဲ တချိုု့ နေရာတွေမှာ မတပ်သေးတော့ တချို့ရေမီတာ မရှိတဲ့ သူက ပိုသုံးကြတာတို့ ရေမီတာ တပ်တဲ့သူ ကတော့ အတိအကျလောက် သုံးတာတို့ ပေါ့လေ။ အဲဒီ ပြဿနာလေး တွေလည်း အများကြီး ရှိပါသေးတယ်"

ကမ္ဘာနဲ့ အဝှမ်း သောက်သုံးရေ ပြဿနာ ကြုံနေရ ချိန်မှာ ရန်ကုန်မြို့ဟာ ရေအရင်း အမြစ်ကြွယ်ဝတဲ့ နေရာမှာ တည်ရှိနေတာမို့ ဒါကို ရေရှည်သုံးနိုင်အောင် တလေးတစား တန်ဖိုးထား နားလည်ဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG