သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းနယ်မြေရှင်းလင်းရေး ဒေသခံတွေ ဒုက္ခရောက်


ရေဦး ဒီပဲယင်းနယ်စပ် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရ (သြဂုတ် ၁၊ ၂၀၂၃)
ရေဦး ဒီပဲယင်းနယ်စပ် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရ (သြဂုတ် ၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲကကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းနေတဲ့အတွက် ဒေသခံအများအပြား မိုးထဲရေထဲတိမ်းရှောင်နေရပြီး ဖျားနာသူတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း နယ်မြေရှင်းလင်းဖို့ ပြင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေပါတယ်။ စစ်ကိုင်းတိုင်းထဲက ရေဦးနဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေအခြေအနေကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၁ ရက် မနက်ပိုင်းကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ရေဦးမြို့နယ်ထဲက ကျေးရွာ ၇ ရွာလောက်က လူဦးရေ ၁ သောင်းနီးပါးက စစ်ဘေးတိမ်းရှောင်နေရတာပါ။

စစ်ဘေးရှောင်တွေဟာ မိုးရွာထဲတိမ်းရှောင်နေရတဲ့အတွက် ဖျားနာသူတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဦးက ပြောပါတယ်။

“၇ ရွာ ၈ ရွာပေါ့နော်။ အဲ့မှာ ၈ ရွာလောက်ရှောင်နေရတယ်။ လူဦးရေက ၁ သောင်းနီးပါးလောက်ပေါ့။ မိုးတွေရွာနေတယ်။ မိုးတလျှောက်လုံးရွာနေတာ မိုးရွာထဲမှာ ရှောင်နေကြရတာ။တချို့ဆိုရင် ထော်လာဂျီနဲ့ ထွက်လာပြီးတော့ မိုးကာပါမလာဘူးပေါ့နော်။ အဲ့ဒါမျိုးတွေ လူတွေလည်း တော်တော် ဒုက္ခရောက်တယ်။ နောက်ပြီး ရာသီဥတုက တုပ်ကွေးရာသီဆိုတော့ တော်တော်ဖျားကြ နာကြတာတွေရှိတယ်။ သက်ကြီးရွယ်အိုတွေကော ကလေးငယ်တွေကော။”

စစ်တပ်ဟာ သြဂုတ် ၂၀ ရက် ညနေပိုင်းကတည်းက ရေဦးနယ်ထဲကို နယ်မြေရှင်းလင်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး သြဂုတ် ၂၁ ရက်မှာတော့ ဒီပဲယင်းရဲစခန်းကနေ ရေဦးမြို့နယ်ထဲက ကျေးရွာတွေဆီကို ဝင်ရောက်လာတာပါ။ စစ်တပ်က နယ်မြေရှင်းလင်းရေးအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမျိုး မရှိပေမယ့် မိုင်းဆွဲတိုက်ခိုက်တာတွေတော့ ရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ရေဦးနဲ့ ကပ်လျက် ခင်ဦးမြို့နယ်ထဲမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပြီး တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်နေပါတယ်။ လယ်ယာလုပ်ငန်းခွင် ဝင်တဲ့ရာသီမှာ စစ်တပ်က နယ်မြေရှင်းလင်းနေတာကြောင့် စိုက်ပျိုးဖို့ ခက်ခဲနေတာတွေလည်းရှိနေပါတယ်။

ရေဦးမြို့နယ်ထဲက ကျေးရွာတွေအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဥိးက

“(စစ်တပ်က) အရှေ့ထွက်တယ်ဆို အရှေ့ကရွာတွေပြေးရ အနောက်ထွက်တယ်ဆို အနောက်ကရွာတွေပြေးရ။ ဟိုလိုလိုဒီလိုလိုဆိုတော့ အကုန်လုံးပြေးကြရတာပေါ့။ ညလည်းမအိပ်ရဘူးပေါ့ဗျာ။ အထုပ်ကလေးတွေ ဆိုင်ကယ်ပေါ် လှည်းပေါ် တခါတည်း တင်ထားရတာပေါ့။ မီးရှို့ခံထားရတဲ့ရွာလေးတွေဆိုရင် အထုပ်လေးတွေပဲရှိတာကို၊ အဲ့အထုပ်လေးတွေ ဆိုင်ကယ်ပေါ် လှည်းပေါ် တခါတည်းတင်ထားရတယ်။ စိုးရိမ်စိတ်ကတော့ ပြောမနေနဲ့ ညလည်းမအိပ်ကြရဘူး။ ၃ ညရှိပြီ။ ပြေးကြရတာက ဒီရက်ပိုင်းက ကောက်စိုက် ပျိုးနှုတ်ခါဆိုတော့ ပျိုးနှုတ်တွေကော ကောက်စိုက်တွေကော တောင်သူမလုပ်နိုင်ဘဲ ပြေးကြရတာ။ ကောက်စိုက်တွေလည်းခေါ်မရဘူး။ ပျိုးနှုတ်လည်းခေါ်မရဘူး။ စိုက်ရတဲ့ကောက်စိုက်တွေပျိုးနှုတ်တွေကလည်း လယ်ထဲစိုက်ရင်းတန်းလန်းပြေးကြရတယ်။ သူတို့က ကင်းချတယ်။သူတို့က ရိုးရိုး ကင်းချတော့ ရွာတွေကတော့ ဘယ်ဘက်ထွက်တာလဲ ဘယ်ဘက်လှုပ်တာလည်းဆိုပြီး ပြေးကြရပြီ။”

သြဂုတ်လ ၁၇ ရက်ကလည်း ခင်ဦးမြို့ပေါ် ရပ်ကွက်နေအိမ် တအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်တဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၁ ဦးလည်း သေဆုံးခဲ့ပါသေးတယ်။ ခင်ဦးမြို့နယ်ဟာ စစ်တပ်ရဲ့ မကြာခဏ နယ်မြေရှင်းလင်းခြင်းခံရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့တမြို့ဖြစ်ပြီး ထောင်နဲ့ချီတဲ့နေအိမ်တွေ မီးရှို့ခံထားရတဲ့ မြို့လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG