သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ ကထိန်ပွဲကျင်းပချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး 


လူလေးဦးသေဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာမှာ ကထိန်ပွဲကျင်းပပြီးချိန် လေကြောင်းတိုက်ခိုက်ခံရတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၆၊ ၂၀၂၄/Crd: CJ)
လူလေးဦးသေဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာမှာ ကထိန်ပွဲကျင်းပပြီးချိန် လေကြောင်းတိုက်ခိုက်ခံရတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၆၊ ၂၀၂၄/Crd: CJ)

စစ်ကိုင်းတိုင်းအတွင်း ကထိန်ပွဲတွေကျင်းပတဲ့ နယ်မြေတချို့မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါ တယ်။

ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာမှာ ကထိန်ပွဲကျင်းပပြီးချိန် လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာမှာလည်း ကထိန်အလှူပွဲအတွက်ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် အဆောက်အဦးတွေအပြင် စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တာပါ။ စစ်ကိုင်းတိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

နိုဝင်ဘာ ၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ် အိုင်းမကျေးရွာ ကို စစ်တပ်ဘက်က လေကြောင်းကဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တာပါ။ တောင်ပေါ် အိုင်းမကျေးရွာမှာ မနက်ပိုင်း ကထိန်အလှူပွဲ ကျင်းပပြီးချိန် ကျေးရွာအနီ တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်ခိုက်ခံရတာလို့ လေကြောင်းတိုက်ခိုက်မှု အခြေအနေကိုသိတဲ့ ဒေသခံတွေက ပြောပါတယ်။

တောင်ပေါ် အိုင်းမကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးပြောတာကတော့-

"တောင်ပေါ် အိုင်းမပေါ့။ အိုင်းမကနှစ်ရွာရှိတယ်။ ညနေ ၃ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခံလိုက်ရ တယ်ခင်ဗျ။ ပထမဆုံးသေသွားတာကတော့ ၃ ယောက်ခင်ဗျ။ ကုသမှုခံယူဖို့သွားရင်းနဲ့ လမ်းမှာ တယောက်ဆုံးရှုံးတယ်။ ၄ ယောက်သေသွားတယ်လို့ သိထားပါတယ်။ ဒဏ်ရာရတာကတော့ ၅ ယောက်ခင်ဗျ။ အိမ်ပျက်စီးတာက သေချာပျက်စီးတာ ၂ လုံးလောက်ပေါ့။ အကုန်လုံးဆို ၅ လုံး လောက်တော့ ပျက်စီးမှာပေါ့။ အကုန်လုံးဆို ဘေးပတ်ဝန်းကျင် အိမ်တွေကောပေါ့။ အိုင်းမရွာက ကထိန်ပွဲ ကျင်းပနေတာလို့ သိထားပါတယ်။ ကထိန်ပွဲကတော့ မနက်ခင်းမနက် ကျင်းပနေတာပေါ့။ ဒါဆို တောင်ပေါ်ဒေသမှာ လာရောက် စစ်ကြောင်းထိုးခြင်း၊ ဖိုက်တာနဲ့ပစ်ခြင်းတို့ဆိုတာ လုံးဝမရှိဘူး။ ဒီမှာ ဒလန်ရှိတဲ့အတိုင်းတာကြောင့်လား၊ ဘာလားဆိုတာ စဉ်းစားရခက်နေတာပေါ့။ ကထိန်ရှိတဲ့အချိန်ဆို မနည်းဘူး၊ ဆုံးရှုံးသွားနိုင်တာပေါ့။ သေနိုင်တာပေါ့။"

စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြဲချခဲ့တဲ့ ဗုံးသုံးလုံးမှာ နှစ်လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတလုံးက ကျေးရွာထဲမှာကျန်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာမှာလည်း နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ကထိန်အလှူပွဲ ပြင်ဆင်နေချိန် စစ်တပ်ဘက်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အလှူပွဲကို ဖျက်သိမ်းပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဇီးပေါက်ကျေးရွာသားတဦးက အခုလို ပြောပါတယ်။

"ဒီကနေ့မှ ကျနော်တို့က ကထိန်လုပ်မှာကိုအလှူလုပ်ပြီး ကထိန်လုပ်မယ့်ကြားပေါ့ဗျာ။ ညအဲ့အချိန်မှာ ပစ်သွားတာ။ ကထိန်ကတော့ မလုပ်ရတော့ဘူးပေါ့ဗျာ။ လူတွေက ကြောက်ပြီးတော့ ရွာထဲ တယောက်မှ မရှိကြတော့ဘူး အကုန်ပြေးကုန်ကြပြီ။"

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးတာမရှိခဲ့ပေမယ့် အိမ်မွေးတိရစ္ဆာန်အချို့သေဆုံးကာ ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးပေါက်ကျေးရွာဟာ အရင်က လေကြောင်းတိုက်ခိုက်ခံရမှု မရှိခဲ့ပေမယ့် စစ်တပ်ရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေကြောင့် ဒေသခံတွေဟာ မကြာခဏ ကျေးရွာကို စွန့်ခွါ ထွက်ပြေးရတာတွေ ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ဇီးပေါက်ကျေးရွာသား ၂ ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

အခုလို စစ်ကိုင်းတိုင်း ဘက်က ကျေးရွာတွေမှာ ကထိန်အလှူပွဲတွေကျင်းပနေချိန်မှာ စစ်ကောင်စီ ဘက်က တိုက်ပွဲမရှဘဲ လေကြောင်းတိုက်ခိုက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာတော့ မရှိသေးပေမဲ့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က အကြောင်းပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG