[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ချင်းတွင်းမြစ်တလျှောက်သွားလာ ကင်းလှည့်နေတဲ့ စစ်ရေယာဉ်တွေပေါ်ကနေ ကမ်းပေါ်က ရွာတွေရှိရာဘက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် ကျေးရွာ ၇ ခုထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ အိုင်တောင်ကျေးရွာပေါ် သောကြာနေ့ညက လက်နက် ကြီးကျည်ကျလို့ ဒေသခံတွေ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ကနီနယ်ဘက်ကအခြေအနေတွေကို နန်းလောဝ်က တင်ပြပေးထားပါတယ်။
ကနီမြို့နယ်ထဲက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ အိုင်တောင်ကျေး ရွာဘက်ကို ချင်းတွင်းမြစ်ထဲ သွားလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ သောကြာနေ့က ပစ်ခတ်လို့ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ညလုံးပေါက် လက်နက်တွေနဲ့ ပစ်ခတ်လို့ နေအိမ် ၁ လုံး မီးလောင်ခဲ့တဲ့အပြင် အိမ် ၇ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
“လက်နက်ကြီးကျည်ကျရောက်ပြီးတော့မှ ထိခိုက်ဒဏ်ရာရသွားတဲ့ ပြည်သူက ၃ ဦးပါ။ တယောက်ကကျတော့ လက်ဖျံပေ့ါနော် ထိခိုက်သွားတယ်၊ တယောက်က လက်ချောင်းကို လက်နက်ကြီးမှန်သွားတယ်၊ နောက်တယောက်ကတော့ ထိခိုက် သွားတယ်။ ၃ ယောက်ရှိတယ်။ နောက် နွားအဖြူတကောင်လည်း လက်နက်ကြီးမှန်ပြီးတော့မှ ဒီနွားရဲ့ဘယ်ဘက်ခြမ်း အတော်လေး ထိခိုက်မှုဖြစ်သွားတယ်။ ဒါအခုမနက်ကို သေဆုံးသွားတယ်လို့လည်း အကြောင်းကြားလာတယ်။”
သောကြာနေ့အစောပိုင်းက ချင်းတွင်းမြစ်ထဲ သွားလာနေတဲ့ စစ်တပ်ရေယာဉ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တဲ့အတွက် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပြီးနောက် ညဘက်မှာ စစ်တပ်ဘက်က ချင်းတွင်းမြစ်ကမ်းပေါ်က ရွာဘက်ကို လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်တယ်လို့ ဒေသခံက ပြောပြပါတယ်။
“ဘယ်လိုကြောင့်ထုတာလဲဆိုတော့ သူတို့က ဟိုဘက်ကလည်း ထုတဲ့အဖွဲ့ရှိတဲ့အခါကျတော့ ကျနော်တို့ရွာနဲ့ တည့်တည့်မှာ အိပ်ပြီး ညကျတော့ သူက တောက်လျှောက်ပစ်တော့တာလေ၊ ကျနော်တို့ ဒီဘက်က ပြန်ထုမယ့်ပုံစံမျိုး ထင်ပြီး သူတို့ မရပ်မနားပစ်တော့တာပဲ။ ညနေပိုင်းလောက်မှာ တိုက်ပွဲ အဲ့နားဖြစ်လိုက်သေးတာလေ။ အဲ့ဒီ အနီးအနားပေါ့ အိုင်တောင်ရွာရဲ့ အနီးအနားလေးတွေဖြစ်တာ။”
ဒီဇင်ဘာ ၁၈ ရက် စနေနေ့မနက်ပိုင်းကလည်း အိုင်တောင်ရွာတောင်ဘက် ၃ မိုင် အကွာလောက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။ ကနီနယ်ဘက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတာကြောင့် စစ်တပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။ ခုလို ချင်းတွင်းမြစ်ထဲကနေ စစ်တပ်က ပစ်ခတ်နေတဲ့အတွက် အိုင်တောင်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံတွေ ဘေးကင်းရာဘက် ထွက်ပြေးခဲ့ကြပါတယ်။ ချင်းတွင်းမြစ်ထဲ သွားလာနေတ့ စစ်ကောင်စီ ရေယာဉ်တွေ အခုလို ကျေးရွာတွေရှိရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရတာ ၈ ကြိမ်ထက်မနည်း ရှိသွားပြီးလို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။
“သူတို့စုန်တိုင်း ဆန်တိုင်း ကျနော်တို့တောက်လျှောက်ပဲ ပြေးနေရတယ်၊ ၇ ကြိမ် ၈ ကြိမ်လောက် ရှိနေပြီ။ သူတို့ဆန်တိုင်း စုန်တိုင်း ကျနော်တို့က အဲ့လိုတွေ ပြေးနေရတာ၊ အခု တကယ်ထိသွားတဲ့ အိမ်တွေကျတော့ ပြန်လည်ထူထောင်ဖို့ကျ အတော် ခဲယဉ်းတယ်။ အလုပ်အကိုင်ကအစ အကုန်လုံးခဲယဉ်းနေတော့လေ၊ အခုမီးလောင် တဲ့အိမ်တို့ ပြန်လည်ပြုပြင်ရေးကျတော့ အတော်လေးကို အခက်အခဲဖြစ်နေတယ်။”
အခုလို ဘေးလွတ်ရာ ထွက်ပြေးရတဲ့ ဒေသခံတွေ နေရပ်မပြန်ခင်မပေါက်ကွဲသေး တဲ့ လက်နက်ကြီးကျည်တွေ၊ ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ရှင်းလင်းရေးကိုလည်း ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလုပ်ပေးနေကြပါတယ်။ အန္တရာယ်ကင်းပြီလို့ ယူဆရတဲ့ ကျေးရွာတချို့ပြန်နိုင်ပေမယ့် ကနီနဲ့ ယင်းမာပင် နယ်စပ်ဘက်မှာ စစ်ကောင်စီကဘက် စစ်ကြောင်း ၃ ကြောင်း တက်လာတဲ့အတွက် ထိုးစစ်ဆင်လာမှာ စိုးရိမ်ပြီး ဒေသခံတွေ ဒီနေ့အထိ တိမ်းရှောင် ထွက်ပေးနေကြပါတယ်။
“အန္တရာယ်ကင်းတဲ့ ကျေးရွာတွေကို ကျနော်တို့ပြန်လည်ပြီးတော့မှ ဝင်ခွင့်ပြုထားပါပြီ။ သို့ပေမယ့် အခုလက်ရှိ ကနီနယ်စပ်မှာလည်း ဒီစစ်ကြောင်းက နယ်မြေ သုံးကြောင်း သုံးနေရာကနေပြီးတော့မှ ဒီဘက်ကို ထိုးစစ်ဆင်လာတဲ့ အခုလက်ရှိအနေအထားမှာ ရှိနေတဲ့အတွက်လည်း အဲ့ဒီထိုးစစ်ဆင်တဲ့ လမ်းကြောင်း ဦးတည်ချက် မှာရှိတဲ့ ကျေးရွာတွေပေါ့နော် ယင်းမာပင်နဲ့ကနီနယ်စပ်က ကျေးရွာတွေက ဒေသခံပြည်သူလူထုက ဝင်ရောက်လာတဲ့အတွက် ကျနော်တို့ သူတို့နေရာချထားနိုင်မှုကိစ္စတွေ... ဒါတွေကိုတော့ ကျနော်တို့ ဖြန့်ကျက်ပြီးတော့ ပြန်လည်ပြီးတော့ စီစဉ်နေပါတယ်။”
ဘေးလွတ်ရာ လာနေကြသူတွေကို ကူညီပေးနေသူ ပြောပြတာပါ။ ခုလို ထွက်ပြေးနေကြတဲ့ ဒုက္ခသည်ထောင်ချီရှိနေတဲ့အတွက် နေရေး စားရေး အဆင်မပြေမှုတွေရှိနေပါတယ်။
================
[[Unicode]]
#MyanmarMilitary #MyanmarViolence #KaniFighting #VOABurmese
================