သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MoU နဲ့ ပြည်ပထွက်အလုပ်လုပ်နေတဲ့  မြန်မာတွေ စစ်မှုထမ်းဖို့လိုရင်ပြန်လာဖို့ စစ်ကောင်စီဖိအားပေး


MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ
MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ

ပြည်ပကို နှစ်နိုင်ငံသဘောတူညီမှု အလုပ်သမားစာချုပ် ဒါမှမဟုတ် MoU စနစ်အောက်ကသွားတဲ့ အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့လိုအပ်တယ်ဆိုရင် စာချုပ်သက်တမ်းပြည့်တာနဲ့ နေရပ်ပြန်လာပြီး စစ်မှုထမ်းရမယ်ဆိုတဲ့သဘောတူညီမှုကို အလုပ်သမားစာချုပ်မှာ အသစ်ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။ လူငယ်အများစုဟာ စစ်မှုထမ်းဥပဒေကိုစိုးရိမ်လို့၊ ပြည်တွင်းမှာ စားဝတ်နေရေး ကျပ်တည်းလာလို့စတဲ့အချက်တွေကြောင့် ပြည်ပကို တရားဝင်ရော၊တရားမဝင်ရော ထွက်ခွာနေကြချိန် မြန်မာပြည် ပြန်လာပြီး စစ်မှုထမ်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သုံးသပ်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြည်ပကို အလုပ်သမားစာချုပ်နဲ့ တရားဝင်အလုပ်သွားလုပ်ကြမယ့် အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်ဆိုရင် စာချုပ်ပြည့်တာနဲ့ ပြန်လာပြီး တာဝန်ထမ်းဆောင်ရမယ်လို့ မြန်မာအလုပ်သမားရေးဌာနက ပြောပါတယ်။ ဒီစည်းကမ်းချက်ကို အလုပ်ရှင်-အလုပ်သမား စာချုပ် သဘောတူညီမှုမှာ အသစ်ဖြည့်စွက်လိုက်တာပါ။

စာချုပ်ပါ အတိအကျဆိုရင် သွားတဲ့အလုပ်သမားတိုင်းကို စစ်မှုထမ်းရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ "လိုအပ်လို့ ခေါ်ယူတယ်ဆိုရင်" ဆိုတဲ့ စကားလုံးကို အသုံးပြုထားတာဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။

"စာချုပ်သက်တမ်းပြည့်တဲ့အချိန်မှာ တကယ်လို့ if necessary ပေါ့၊ လိုအပ်ခဲ့ရင်ပေါ့၊ အဲလိုပြောတာ။ Must တော့မဟုတ်ဘူး။ သွားတဲ့အလုပ်သမားတိုင်းက must return and စစ်မှုထမ်းရမယ်လို့ မဟုတ်ဘူး။ ကျနော်တို့ သက်ဆိုင်ရာအေဂျင်စီတွေကနေပြီး ဟိုဘက်ကအလုပ်ရှင်ရယ်၊ အလုပ်သမားတွေရယ်ကို ပြန်လာဖို့အတွက်ကို ကျနော်တို့က ညှိနှိုင်းဆောင်ရွက်ပေးရမယ်ပေါ့ သူတို့စာရဲ့ အတိအကျဆိုရင်။"

လက်ရှိမှာ ပြည်ပကို တရားဝင်ရော၊ တရားမဝင်ရော ထွက်ခွာနေတဲ့ လူငယ်အများစုဟာ စစ်မှုထမ်း ဥပဒေကို စိုးရိမ်ကြလို့ ဖြစ်ပါတယ်။ နောက်တခုကတော့ ပြည်တွင်းမှာ စားဝတ်နေရေး ကျပ်တည်း လာလို့ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ပြန်လာပြီး စစ်မှုထမ်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက ဗွီအိုအေကို ပြောပါတယ်။

"ပြည်တွင်းထဲကို မဖြစ်မနေ ပြန်ဝင်ရမယ်ဆိုရင်တောင်မှ ကျမတို့ အလုပ်သမားတွေဟာ ပြည်ပကို နည်းမျိုးစုံနဲ့ပြန်လည် ထွက်ကြမှာပဲပေါ့၊ ကြိုးစားကြမယ်။ ဘာလို့လဲဆိုတော့ စားဝတ်နေရေး အတွက်ကို ရုန်းကန်နေရတဲ့အလုပ်သမားတွေဟာ စစ်မှုထမ်းဖို့ကတော့ လုံးဝ ဖြစ်လာမှာမဟုတ်ဘူး ပေါ့။ ပြည်သူတွေထဲမှာလည်း အလုပ်သမားထုက (အင်အား) အများဆုံးဖြစ်တယ်ပေါ့။ ဒါကြောင့်လည်း စစ်ကောင်စီ ဝန်ကြီးဌာနကနေ အလုပ်သမားတွေ စစ်မှုထမ်းဥပဒေမှာ ပါလာဖို့ နည်းမျိုးစုံနဲ့ ခေါ်နေတာပေါ့။ လက်ရှိအခြေအနေထက် ဒီထက်ဆိုးတဲ့ အခြေအနေတွေ ကျမတို့ရောက်သွားနိုင် တယ်။ အတင်းအကျပ် ဖိအားပေးတာမျိုးတွေ ရှိလာနိုင်ပါတယ်။"

တကယ်လို့ ပြည်ပမှာ တရားဝင်စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ စာချုပ်ပြည့်ချိန် စစ်မှုထမ်းဖို့ ပြန်မလာဘူးဆိုရင် တာဝန်ခံပြီးပို့ပေးခဲ့တဲ့ အလုပ်သမားပို့ဆောင်ရေး အေဂျင်စီက တာဝန်ယူရမှာဖြစ်ပြီးပြန်မခေါ်ပေးနိုင်တဲ့သက်ဆိုင်ရာ အေဂျင်စီကို ဒဏ်ကြေးဆောင် ခိုင်းတာ၊ အလုပ်ခေါ်ခွင့်ပိတ်ပင်တာ၊ ဆိုင်းငံ့တာအေဂျင်စီလိုင်စင်ပိတ်သိမ်းတာ အမည်ပျက်စာရင်း ကြေညာတာ စတဲ့အဆင့်ဆင့်အရေးယူခံရမယ်ဆိုတာကိုလည်းသတိပေးပြောဆိုထားတာပါ။ ဒီလိုမျိုး စစ်ကောင်စီအနေနဲ့ ပြည်ပနိုင်ငံထွက်မယ့် မြန်မာတွေကို စစ်မှုလာပြန်ထမ်းဆောင်ဖို့ ဖိအားတွေ ပေးနေပေမဲ့လည်း အများစုကတော့ ပြန်လာနိုင်မယ့်အခြေအနေမရှိဘူးလို့လည်း အလုပ်သမားရေး ဆောင်ရွက်သူတွေက သုံးသပ်ပြောနေကြပါတယ်။

ဒါ့အပြင် မြန်မာအလုပ်သမားရေးဌာနဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ဘဏ်စနစ်ကနေ ငွေပြန်လွှဲကြဖို့လည်း တိုက်တွန်း ထားပါတယ်။ အလုပ်လုပ်ဖို့ဆောင်ရွက်ပေးတဲ့ အေဂျင်စီအနေနဲ့ လည်း မိမိတာဝန်ယူစေလွှတ်လိုက်တဲ့ အလုပ်သမားတွေ မိသားစုဆီ တရားဝင်ငွေပြန်ပို့ပေးဖို့ကိုလည်း တာဝန်ယူခိုင်းထားတာပါ။ ဘဏ်စနစ်က သတ်မှတ်ထားတဲ့ ငွေလွှဲနှုန်းဟာ ပြင်ပပေါက်ဈေးထက် အဆမတန် နည်းနေတဲ့အခါ အလုပ်သမားအများစုက ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေနဲ့ပဲ လွှဲလေ့ရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စာရင်းအရဆိုရင် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားက အများဆုံးဖြစ်ပြီး၂သန်းနီးပါးရှိပါတယ်။ ဒါပေမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်လုပ်နေနဲ့ အရေအတွက်ကလည်း ဒီပမာဏလောက် ရှိနိုင်မယ်လို့လည်း တချို့က ခန့်မှန်းပါတယ်။ နောက်ထပ် မြန်မာအများဆုံးရှိတဲ့ နေရာကတော့ မလေးရှားဖြစ်ပါတယ်။ UNHCR ရဲ့ အောက်တိုဘာလစာရင်းအရ ၂ သိန်းနီးပါးရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG