သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းထောက်လှမ်းမှုကြောင့် ကရင်နီဒေသခံတွေစိုးရိမ်


လွိုင်ကော်မြို့အတွင်း မီးလောင်ပျက်စီးနေသည့် လူနေအိမ်များကို အပေါ်စီးမှ တွေ့ရစဉ် (ဇူလိုင် ၂၇၊ ၂၀၂၄)
လွိုင်ကော်မြို့အတွင်း မီးလောင်ပျက်စီးနေသည့် လူနေအိမ်များကို အပေါ်စီးမှ တွေ့ရစဉ် (ဇူလိုင် ၂၇၊ ၂၀၂၄)

ထိုင်း-ကရင်နီနယ်စပ်နဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ် တိုက်လေယာဉ်တွေနဲ့ ဒရုန်းထောက်လှမ်းမှုတွေ ခပ်စိပ်စိပ် စေလွှတ်ထောက်လှမ်းလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီ လာထောက်လှမ်းနေတဲ့ နေရာတွေက နှစ်ဖက်တိုက်ပွဲငြိမ်သက်နေပြီး စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ ခိုလှုံနေကြတဲ့ နေရာတွေဖြစ်လို့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ကြား စစ်ရေးပြင်းထန်ခဲ့တဲ့ ကရင်နီဒေသတခွင်မှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ကင်းထောက်လေယာဉ်နဲ့ ဒရုန်းထောက်လှမ်းမှုတွေ အခုရက်ပိုင်း ခပ်စိပ်စိပ် စေလွှတ်ထောက်လှမ်းလာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

အထူးသဖြင့် စစ်ဘေးဒုက္ခသည်ခိုလှုံနေကြတဲ့ ထိုင်း-ကရင်နီနယ်စပ်နဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ လေကြောင်းကနေ ထောက်လှမ်းမှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ခုလို ပြောပါတယ်။

“လေယာဉ်ပျံဝဲတာတွေ ဒရုန်းဝဲတာတော့လေ အခုနောက်ပိုင်းတော့ များလာပါတယ်။ ကျနော်တို့ နယ်စပ်မကဘူးပေါ့နော်၊ ကျနော်တို့ ဒီးမော့ဆို၊ ဖရုဆို၊ ဘယ်ဘက်ပြောပြောပေါ့နော်၊ စစ်ကောင်စီရဲ့ ဒရုန်းတွေ လေယာဉ်တွေ ကင်းထောက်တွေကတော့ ပုံမှန်နီးပါးရှိတယ်ပေါ့နော်။ နယ်စပ်တကျောကလည်း လေယာဉ်နဲ့တော့ ပိုများတယ်ပေါ့နော် ဒရုန်းနဲ့က နည်းနည်းဝေးတယ်ပေါ့နော် သူတို့ကင်းထောက်ဖို့က၊ အထူးသဖြင့် မယ်စဲ့ဆိုရင် သူတို့ကင်းထောက်ဖို့ အခက်အခဲရှိတယ်ပေါ့၊ ဘာဖြစ်ဆို မိုင်တအားဝေးသွားတယ် သူတို့အခုပျံသန်းနေတဲ့ ရိုးရိုးဒရုန်းနဲ့က မရောက်နိုင်ဘူးပေါ့နော်။ ဒါပေမယ့်လည်း တချို့အဆင့်တဲ့ ဒရုန်းတွေနဲ့ သူတို့သွားတာတော့ တချို့သတိထားမိတာရှိတယ်ပေ့ါနော်။”

စစ်ကောင်စီဘက်က ဘာရည်ရွယ်နဲ့ အခုလို လေကြောင်းကနေ ထောက်လှမ်းရေး စေလွှတ်နေသလဲဆိုတာကတော့ ဒေသခံကာကွယ်ရေးတပ်တွေဘက်က သတိနဲ့စောင့်ကြည့်နေကြပါတယ်။ ကရင်နီဒုက္ခသည်တွေ ယာယီစစ်ရှောင်စခန်းရှိရာနေရာတွေကို အခုလို ကင်းထောက်လေယာဉ်နဲ့ ဒရုန်းထောက်လှမ်းရေးတွေ ပျံသန်းနေတာကြောင့် အခုလို ဒရုန်းပျံဝဲမှုတွေအပေါ် စစ်ဘေးဒုက္ခသည်တွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

အခု စစ်ကောင်စီတပ်က လေကြောင်းကင်းထောင့် စေလွှတ်တဲ့ နေရာတွေမှာ ယာယီစစ်ရှောင်စခန်း ဆယ်ဂဏန်းလောက်နဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ မယ်စဲ့တခွင်မှာတော့ အနည်းဆုံးပေါ့နော် ကျနော်တို့ လူဦးရေပေါ့ စစ်ရှောင်ဦးရေတော့ ကျနော်တို့ တစ်သောင်းကျော်လေးရှိသလို စခန်းကတော့ တော်တော်များပါတယ်၊ ၁၂ ခု ၁၃ ခုထိ ရှိတယ်ပေါ့နော်။ အဲ့ဒါ ရွာသစ်တို့ဖက်ကနေ စစ်ရှောင်လည်း ရှိတယ်ပေါ့နော် ကျနော်တို့ မယ်စဲ့ မြို့နယ်ထဲမှာပေါ့နော်၊ နောက်ပြီးဒီဖက် ရှားတော့မြို့နယ်ထဲမှာလည်း ထိုင်းနိုင်ငံနယ်စပ်နဲ့ပေါ့နော် စစ်ရှောင်စခန်း ၁ခု ၂ခုရှိပါတယ်ဟုတ်။”

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၂ နေ့တုန်းက ထိုင်းနယ်စပ်အနီး ဒေါနိုးကူစစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁ဦးသေ၊ ၃ဦးထက်မနည်း ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ ဒီလို အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စိုးရိမ်တကြီးဖြစ်နေရတာပါ။

လွိုင်ကော်မြို့အပါအဝင် ကယားပြည်နယ်ကို ပြန်လည်ထူးထောင်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေ ရောက်အောင် လုပ်မယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလ ၄ရက်နေ့တုန်းက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်ခရီးမှာ ပြောထားပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ရန်သူသဖွယ်သတ်မှတ်ပြီး တိုက်ခိုက်လေ့ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“စစ်ကောင်စီကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေရဲ့ အပြင်ဘက်ကို ရှိတဲ့နယ်မြေအားလုံးကို သူက ရန်သူသဖွယ်ပဲ သတ်မှတ်နေတယ်နော်။ အဲ့ကြောင့်မို့လို့ ရန်သူသဖွယ်သတ်မှတ်ပြီးတော့ လိုအပ်တဲ့ တိုက်ခိုက်မှုတွေတော့ သူတို့လုပ်မယ်၊ ရှင်းရှင်းလင်းလင်းပြောထားပြီးသားပဲလေနော် သူတို့ကတော့ ပြည်သူလူထုတွေ အေးချမ်းတည်ငြိမ်အောင် နေနိုင်ဖို့အတွက်ကတော့ သူတို့ ခွင့်ပြုမှာမဟုတ်ဆိုတဲ့ဟာလည်း ကျနော်တို့ အားလုံးသိထားပြီးသားပဲလေနော်၊ အဲ့ကြောင့်မို့သူတို့ နယ်မြေမှာ သူတို့အုပ်ချုပ်လို့မရတဲ့အတွက်ကြောင့်မို့ ကျနော်တို့ နယ်မြေကိုလည်း ပျက်စီးအောင်လုပ်မယ် မတည်မငြိမ်အောင်လုပ်မယ်ဆိုတဲ့ဟာကတော့ သူတို့ရဲ့ အကြီးအကဲမင်းအောင်လှိုင်ကိုက ပြောထားပြီးသားဖြစ်တော့လေနော် ကျနော်ထင်တာကတော့ ပြောတဲ့အတိုင်းပဲသူတို့လုပ်တယ်လို့ပဲ ကျနော်မြင်ပါတယ်ဟုတ်။”

စက်တင်ဘာလထဲမှာ ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် လေယာဉ်ဗုံးကြဲမှု ၄ကြိမ်ရှိခဲ့ပြီး ကျောင်းနေအရွယ်ကလေးငယ် ၇ဦးအပါအဝင် ၁၁ ဦး ထက်မနည်း သေဆုံး၊ ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လတ်တလော စစ်ကောင်စီဘက်က အခုလို လေကြောင်းလမ်းကနေ ကင်းထောက်စေလွှတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG