သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကြေးစားတပ် ယူကရိန်းရှေ့တန်းက ဆုတ်ခွာဖို့ကြေညာ


ရုရှားကြေးစားတပ်ဖွဲ့ Wagner
ရုရှားကြေးစားတပ်ဖွဲ့ Wagner

ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်က ယူကရိန်း ရှေ့တန်းမှာ တိုက်နေတဲ့ တပ်ဖွဲ့တွေအတွက် ကျည်ဆံမလုံလောက်တာကြောင့် ပြန်ဆုတ်တော့မယ်လို့ ပြောလိုက်ပါတယ်။

Wagner တပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က ရှေ့အပတ် ဗုဒ္ဓဟူးနေ့ မေလ ၁၀ ရက်ကျရင်၊ Bakhmut က သူတို့တပ်နေရာတွေကို ကာကွယ်ရေးဝန်ကြီးဌာန တပ်တွေဆီ လွှဲပေးပြီး၊ နောက်တန်းမှာ ဒဏ်ရာတွေ ကုစားရဦးမယ်လို့ Telegram မှာ ဒီနေ့ ကြေညာလိုက်ပါတယ်။

ယူကရိန်းတပ်တွေအနေနဲ့ ဒီ Bakhmut မြို.မှာ လချီ ကြံကြံခံပြီး ပြင်းထန်တဲ့ ရုရှားထိုးစစ်ကို ခုခံခဲ့ကာ၊ အခု တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်နေတယ်လို့ပြောလာချိန်မှာ Wagner တပ်ခေါင်းဆောင်က ကျည်ပြတ်လို့ အဓိပ္ပါယ်မဲ့ အသက်ပေးနေရတယ်လို့ ထုတ်ပြောလာတာပါ။

ဒါပေမဲ့လည်း ဆုတ်ခွာနိုင်ဖို့ အထက်အမိန့်ကို စောင့်နေရတယ်လို့ Wagner တပ်ခေါင်းဆောင်က ထည့်ပြောခဲ့တဲ့အပေါ်၊ ရုရှား ကျုးကျော်စစ်ထဲ အကြာဆုံးနဲ့ ကျဆုံးမှုအများဆုံး ဒေသကနေ၊ ရုရှားကြည်းတပ်ဦးစီးချုပ်ကို ဖိအားပေးလိုက်တာလို့ သုံးသပ်နေကြပါတယ်။

အစောပိုင်းမှာလည်း Wagner တပ်ဖွဲ့ဝင်တွေလို့ဆိုတဲ့ အလောင်းတွေ အများအပြားနဲ့အတူ အဖွဲ့ခေါင်းဆောင်က ကျည်ဆံခဲယမ်း မလုံလောက်တာကြောင့် သေကြေထိခိုက်မှုတွေ များပြားခဲ့ရကြောင်း ရုရှားစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရိုင်းရိုင်းပြပြ ဝေဖန်ပြောဆိုခဲ့တဲ့ ဗွီဒီယိုတခုကိုလည်း အွန်လိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအချိန်မှာ တူရကီမှာ ကျင်းပခဲ့တဲ့ ပင်လယ်နက်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံထဲ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေအကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်လာပါတယ်။

ညီလာခံအဝမှာ ရုရှား အရာရှိတွေ အင်တာဗျူးပေးနေချိန်မှာ အနောက်မှာပေါ်လာတဲ့ ယူကရိန်းအလံကို ယူကရိန်းကိုယ်စားလှယ်လက်ထဲက ရုရှားဘက်က ဆွဲယူခဲ့တာကြောင့် အပြန်အလှန် ထိုးကြိတ်ခဲ့အပြီး အခုလို ညီလာခံထဲမှာပါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။

တချိန်ထဲမှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းနယ်စပ်က ရုရှား ရထားလိုင်း မကြာခင်က မတော်တဆမှုနဲ့ပတ်သတ်ပြီး ဘယ်သူဘယ်ဝါမသိရသေးသူတွေက လုပ်ကြံတိုက်ခိုက်တာဖြစ်တယ်လို့ တွစ်တာကနေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ခုလိုအချိန်မှာ ယူကရိန်းမြို့တော် Kyiv မြို့လယ်ခေါင်မှာ မနေ့က ဒရုန်းယာဉ်တစီး စက်ချို့ယွင်းမှုဖြစ်ခဲ့တာမှာ စစချင်း ယူကရိန်း ဒရုန်းမှန်းမသိဘဲ စိုးရိမ်ခဲ့တာကနေ၊ နောက်ပိုင်းမှာ အမှန်အတိုင်းသိခဲ့ပြီး ကိုယ့်ဟာကိုယ် ပြန်ပစ်ချခဲ့ရပါသေးတယ်။

တချိန်ထဲမှာ ရုရှား သမ္မတနန်းတော် Kremlin ကို ဒရုန်းနဲ့တိုက်ခိုက်မှုထဲ အမေရိကန် စီစဉ်ပေးခဲ့တယ်လို့ ရုရှားပြောခွင့်ရ Dmitry Pescov က မနေ့က စွပ်စွဲခဲ့တာကို အမေရိကန် နိုင်ငံတော်လုံခြုံရေးဆိုင်ရာပြောခွင့်ရ John Kirby က ငြင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG