(Zawgyi / Unicode)
ရုရှားနိုင်ငံမှာရှိတဲ့ Great Vasyugan ရွှံ့နွံတောကြီးဟာ ဆွစ်ဇာလန်နိုင်ငံထက် အရွယ်အစား ပိုကြီးပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ မျှမျှတတဖြစ်အောင် ထိန်းညှိပေးတဲ့နေရာမှာ သစ်တောကြီးတွေလိုပဲ နွံတောတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါလှပါတယ်။ ခုတော့ တောမီးတွေ ပိုပြီး လောင်ကျွမ်းလာတာကြောင့်ရော လူ့လုပ်ရပ်ကြောင့် ကမ္ဘာကြီး ပိုပြီးပူနွေးလာတဲ့ အခြားအချက်တွေကြောင့်ပါ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ သိုလှောင်ပေးထားတဲ့ နွံတောတွေ ပျက်စီးမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။
ကမ္ဘာ့မြောက်ခြမ်းဒေသမှာ အရွယ်အစား အကြီးဆုံးဖြစ်တဲ့ The Great Vasyugan နွံတောကြီးဟာ မိုင်ပေါင်း ၃၂,၉၃၂ မိုင် ပတ်လည်အကျယ်ရှိပြီး ဆွစ်ဇာလန်နိုင်ငံထက်တောင် ပိုကြီးပါတယ်။ Siberia ဒေသ အနောက်ပိုင်းနယ်မြေ ၄၀ ရာခိုင်နှုန်းလောက်ကို နေရာယူထားတဲ့ ဒီလို နွံတောကြီးမျိုး ကမ္ဘာ့ဘယ်နေရာမှာမှ မတွေ့မြင်နိုင်ပါဘူး။ ဥတုရာသီပြောင်းလဲမှု ပြင်းထန်လာတဲ့ ခုလိုကာလကြီးမှာ နွံတောတွေရဲ့ အခန်းကဏ္ဍ၊ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ လေ့လာရေးလုပ်ငန်းတွေ သိပ်ကို အရေးကြီးလာပြီလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
ကမ္ဘာ့ အပူအအေး မျှတအောင် ထိန်းညှိပေးနိုင်ဖို့ သစ်တောကြီးတွေလိုပဲ နွံတောတွေလည်း အလွန့်ကို အရေးပါပါတယ်။ ကမ္ဘာကို ပိုပြီးပူနွေးလာစေတဲ့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို နွံတောတွေက စုပ်ယူပေးနေပါတယ်။ မြေဆွေးတွေ၊ သစ်ရွက်ဆွေးတွေ အဖြစ်နဲ့လည်း အဲဒီ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို နှစ်ပေါင်း ထောင်နဲ့ချီ သိုလှောင်ပေးထားကြပါတယ်။ Tomsk ပြည်နယ်တက္ကသိုလ် ထိပ်တန်း ဇီဝဗေဒပညာရှင် Sergey Kirpotin ကတော့ Great Vasyugan နွံတောကြီးကို ကာဗွန်သိုလှောင်ပေးတဲ့ စက်ရုံကြီး၊ ကမ္ဘာ့ရေခဲသေတ္တာကြီးလို့ တင်စားခေါ်ဝေါ်ပါတယ်။
“ကမ္ဘာ့မြေမျက်နှာပြင်ကို ၃ ရာခိုင်နှုန်းလောက်ကို ဖုံးလွှမ်းထားတဲ့ Peatlands လို့လည်းခေါ်တဲ့ စိမ့်မြေတောတွေ၊ နွံတောတွေဟာ ကမ္ဘာတဝန်း သစ်တောတွေက စုပ်ယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏရဲ့ နှစ်ဆလောက်ကို စုပ်ယူပေးထားပါတယ်။ သူတို့ စုပ်ယူသိုလှောင်ပေးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့က မြေကြီးတွေထဲမှာ ရှိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။”
အပူချိန်တိုးလာပြီး တောမီးတွေ ပိုလောင်ကျွမ်းလာတာကြောင့် သစ်တောတွေရဲ့ သိုလှောင်နိုင်မှု အားနည်းလာတဲ့အတွက် နွံတောတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာတယ်လို့ Kirpotin က ပြောပါတယ်။ ဒါပေမယ့်လည်း နွံတောတွေ၊ စိမ့်မြေတောတွေကို အနီးကပ် ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ လိုတယ်လို့လည်း သတိပေးပါတယ်။ West Siberian နွံတောတွေကို တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ အဲဒီနွံတောတွေကလည်း ဥတုရာသီ ပြောင်းလဲမှုအတွက် ကွဲပြားတဲ့ အခန်းကဏ္ဍမှာ နေရာယူထားကြတာပါ။
မြောက်ပိုင်း နွံတောတွေမှာတော့ အေးခဲနက်ရှိုင်း မြေလွှာတွေကြောင့် Methane နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ လေထုထဲ ရောက်မလာအောင် ထိန်းထားနိုင်ပါတယ်။ Noyabrsk မြို့အနီးက အေးခဲနေတဲ့ ဒီနွံတောတွေက ဆိုင်ဘေးရီးယားဒေသ Uvals တောင်ကုန်းတွေပေါ်မှာ ရှိတာပါ။
Tomsk ပြည်နယ်တက္ကသိုလ် ထိပ်တန်း ဇီဝဗေဒပညာရှင် Sergey Kirpotin က အခုလို ဆက်ပြောပါတယ်။
“ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အနုတ်လက္ခဏာအရ ပြောရရင်တော့ ဆိုင်ဘေးရီးယားမြောက်ပိုင်းက နွံတောတွေထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အတော်များများ ရှိနေပါတယ်။ မီသိန်းဓာတ်ငွေ့ အများကြီး သိုလှောင်ထားတဲ့ အန္တရာယ်ကြီးတဲ့ နေရာတခုလို့လည်း ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မီသိန်းဓာတ်ငွေ့တွေက အန္တရာယ် သိပ်ကြီးပါတယ်။ သူ့ရဲ့သက်ရောက်မှုက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထက် အဆ ၃၀ ပိုပြင်းထန်ပါတယ်။”
Western Siberia က နွံတောတွေမှာ မီသိန်းဓာတ်ငွေ့တန်ချိန် သန်းပေါင်း ၇၀ လောက် သိုလှောင်ထားတယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ ခုတော့ ကမ္ဘာ့ပူနွေးမှုကြောင့် ရေတွေခဲနေတဲ့ အဲဒီနွံတောတွေလည်း အကြီးအကျယ် စပြီး အရည်ပျော်လာနေပါပြီ။ ရေတွေ အရည်ပျော်လာတဲ့ နေရာတွေမှာ အပေါက်တွေပေါ်လာပြီး ရေကန်သစ်တွေလည်း ပေါ်ထွက်လာသလို ရေကန်ဟောင်းတွေလည်း အရွယ်အစား ကြီးလာပါတယ်။ ဒါတင်မကသေးပါဘူး၊ ဆိုင်ဘေးရီးယားက နွံတောတွေ အရည်ပျော်မှုနှုန်းက အခြားနေရာတွေထက် ပိုပြီး မြန်ဆန်နေတယ်လို့ Kirpotin က ပြောပါတယ်။
“ရုရှားနိုင်ငံမှာ နှစ်တိုင်းတက်လာတဲ့ အပူချိန်က အခြား ကမ္ဘာ့ဒေသတွေထက် ၂ ဆကနေ ၂ ဆခွဲလောက် ပိုများပါတယ်။ ဆိုင်ဘေးရီးယားနဲ့ ဆိုင်ဘေးရီးယား အာတိတ်စက်ဝိုင်းဘက်မှာဆိုရင် အခြားနေရာတွေထက် ၄ ဆလောက် ပိုများပါတယ်။ ဒါကြောင့် အဲဒီနေရာဟာ ဥတုရာသီပြောင်းလဲမှု အဆိုးဆိုးနေရာကလို့ ဆိုရမယ့်နေရာလို့ ပြောရမှာပါ။”
The Great Vasyugan နွံတောအပါအဝင် West Siberian တောင်ဘက်ပိုင်း နွံတောတွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုထက် စုပ်ယူမှုက ပိုများပါတယ်။ ဒါကြောင့်လည်း ဥတုရာသီ ပြောင်းလဲမှုကို ထိန်းပေးနေတဲ့ ဒီနေရာကို ကမ္ဘာ့ရေခဲသေတ္တာကြီးလို့ တင်စားခေါ်ဝေါ်ကြတာပါ။ ဒါကြောင့်လည်း ဒီနွံတောကြီးတွေကို လေ့လာဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီးနေပြီလို့ ဒေသတွင်း သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။0
“West Siberian နွံတောတွေကို မထိခိုက်ဖို့ ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံး သတိပြုစေချင်ပါတယ်။ ဒီနေရာဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကိုလည်း စုပ်ယူပေးနေတဲ့နေရာလည်း ဖြစ်သလို ကမ္ဘာ့အပူအအေး ထိန်းညှိပေးတဲ့နေရာမှာ အရေးပါလှတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။”
ဒီနွံတောတွေဟာ သဘာဝအတိုင်း တည်ရှိနေတဲ့ ကမ္ဘာပေါ်က ကျန်နေသေးတဲ့ အဖိုးတန် ရှားပါးနေရာတခုလည်း ဖြစ်ပါတယ်။ ဥရောပတိုက်ဘက်ပိုင်းက ရုရှားနယ်နိမိတ်ထဲမှာရော ဥရောပတိုက်ထဲက နွံတောအများစုမှာပါ ရေတွေစုပ်ထုတ်ပြီး နေအိမ်အဆောက်အအုံတွေ ဖန်တီးဖို့နဲ့ တွင်းထွက်လောင်စာ ထုတ်ယူဖို့ ရေတွေစုပ်ထုတ်ပြီး နယ်မြေချဲ့ထွင်နေကြပါတယ်။ အဲဒီလိုနေရာတွေဟာ ခုတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေလည်း အများအပြား ထွက်တဲ့နေရာတွေ ဖြစ်လာပါတယ်။
ရေအောက်မှာရှိတဲ့ သစ်ရွက်ဆွေးတွေက ဖန်လုံအိမ်ဓာတ်ငွေ့တွေကို နှစ်ပေါင်းထောင်နဲ့ချီ စုပ်ယူသိုလှောင်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လတ်တလော ဥတုရာသီ ပြောင်းလဲမှုတွေကြောင့် အဲဒီသဘာဝတရားကြီးရဲ့ အနေအထားတွေ ဆက်ထိန်းထားဖို့ ခက်ခဲလာစေပါတယ်။
Russian Academy of Sciences ဥတုရာသီဆိုင်ရာ ဇီဝဂေဟဌာနက သုတေသီ Egor Dyukarev က အခုလိုပြောပါတယ်။
“လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပိုထုတ်လွှတ်နေမယ်၊ ဇီဝဂေဟစနစ်ကြီးက အဲဒီဓာတ်ငွေ့တွေ စုပ်ယူနေမယ်၊ အရာရာတိုင်းက ပုံမှန်အတိုင်း သွားနေတယ်လို့ ထင်မြင်စရာ ရှိပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ လုပ်ရပ်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သိပ်များလာတဲ့အတွက် ဂေဟစနစ်ကြီးဘက်က အလျင်မီ စုပ်ယူမပေးနိုင်အောင် ဖြစ်လာသလို အကျိုးဆက်တွေလည်း ပိုများလာပါတယ်။”
သစ်ရွက်ဆွေးတွေ မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ သစ်ရွက်ဆွေးတွေ မီးလောင်ရင်တော့ ကမ္ဘာ့လေထုထဲ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အဆမတန် ရောက်လာမှာပါ။ ပူပြင်းခြောက်သွေ့လှတဲ့ နွေရာသီတွေ တနှစ်ပြီးတနှစ် ဆက်လာမယ်ဆိုရင်တော့ နွံတောတွေလည်း ရေခန်းခြောက်လာနိုင်ပြီး လူသားတွေအတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သုတေသီ Dyukarev က သတိပေးပါတယ်။
“နွံတောတွေထဲက ရေတွေခန်းလာမယ်၊ အနယ်တွေကျလာမယ် ဆိုရင်တော့ မီးဘေးအန္တရာယ်လည်း ပိုကြီးလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ခြောက်သွေ့နေတဲ့ သစ်ရွက်ခြောက်ကွင်းကြီး ပေါ်လာပါလိမ့်မယ်။ လူသားတွေရဲ့ အပြုအမူကြောင့်ပဲဖြစ်ဖြစ်၊ မိုးကြိုးပစ်တာမျိုးလို သဘာဝတရားကြောင့်ပဲဖြစ်ဖြစ် တောမီးတွေ စတင်လောင်ကျွမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ အကြီးအကျယ် တိုးလာပါလိမ့်မယ်။”
ရုရှားနိုင်ငံမှာ မနှစ်က အရွယ်အစား သိပ်မကြီးဘူးလို့ ဆိုရမယ့် သစ်ရွက်ဆွေးကွင်းတခု တောမီးလောင်ခဲ့တာမှာ အနီးပတ်ဝန်းကျင်က မြို့ရွာတချို့ မီးခိုးတွေ ပိတ်ဖုံးသွားခဲ့ပါတယ်။ ဆိုင်ဘေးရီးယားဒေသမှာ လောင်သွားတဲ့ အဲဒီတောမီးက သိပ်မကြီးဘူးလို့ ပြောနိုင်ပေမယ့် နောင်မှာ ဒေသတွင်းအတွက်ရော ကမ္ဘာအတွက်ပါ ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ခုလက်ရှိချိန်ထိတော့ Great Vasyugan နွံတောကြီးက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ဆက်ပြီး သိုလှောင်ထားပြီး ဒီအတိုင်း အနည်းဆုံး နှစ် ၁၀၀ လောက်ထိ မပြောင်းအလဲ ရှိနေဦးမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့်လည်း နယ်မြေချဲ့ထွင်တာ၊ သစ်တောပြုန်းတီးစေတာ စတဲ့လုပ်ရပ်တွေ မရပ်ဘူးဆိုရင်တော့ အဲဒီအခြေအနေတွေ ပြောင်းသွားနိုင်တယ်လို့ သုတေသီ Dyukarev က ပြောပါတယ်။
“လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ တိုးလာရတာဟာ သဘာဝတရားကြီး ပြောင်းလဲသွားလို့ မဟုတ်ပါဘူး။ ရေ၊ မြေ၊ လေ စတဲ့ ဂေဟစနစ်ကြီး ပြောင်းလဲသွားစေတဲ့ လူတွေရဲ့လုပ်ရပ်ကြောင့် ဖြစ်ပါတယ်။ စွမ်းအင်အတွက် ကျောက်မီးသွေးတွေ ထုတ်ယူတာ၊ တွင်းထွက်လောင်စာတွေ လောင်ကျွမ်းရာက ထွက်လာတဲ့ ညစ်ညမ်းလေထုက လေထုထဲ ရောက်လာတာ ဖြစ်ပါတယ်။”
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး နိုင်ငံစုံ ကြိုးပမ်းနေပေမယ့် ကမ္ဘာတဝန်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျော့ကျမသွားသလို ဥတုရာသီပြောင်းလဲမှု အကျိုးဆက်အဖြစ် သဘာဝကပ်ဘေးဒဏ်တွေ တနေ့တခြား ပိုဆိုးရွား ပြင်းထန်လာနေတာပါ။ တချိန်တည်းမှာပဲ ဆိုင်ဘေးရီးယား နွံတောကြီးတွေကလည်း သဘာဝအတိုင်း သူ့အလုပ်သူ ဆက်လုပ်နေပြီး လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငေ့ွတွေ ဆက်လက်စုပ်ယူနေတယ် ဆိုပေမယ့် လက်ရှိကြုံနေရတဲ့ ဘေးအန္တရာယ်ကနေ ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ဇီဝဗေဒပညာရှင် Kirpotin က ပြောပါတယ်။ ဒါကြောင့်လည်း လူသားတွေအနေနဲ့ ဥတုရာသီ ပြောင်းလဲဖောက်ပြန်လာစေတဲ့ လုပ်ရပ်မျိုးတွေ ရပ်ပစ်မှဖြစ်လိမ့်မယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေး တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
----------------------
(Unicode)
ကမ်ဘာ့ကာဗှနျတှေ စုပျယူပေးတဲ့ ဆိုကျဘေးရီးယား နှံတောကွီး