ဒီ သီတင်းပတ်ထဲ ကျင်းပတဲ့ ရုရှားနိုင်ငံ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲပေးသူတွေက သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အာဏာရ ပါတီကို အကြီးအကျယ် ဆန်ု့ကျင်မဲပေးခဲ့ကြပါတယ်။ ဒီ ရွေးကောက်ပွဲ ကျင်းပရာ မော်စကိုမြို့မှာတော့ လမ်းပေါ် ဆန္ဒပြမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဓိကကျတဲ့ဒေသတွေမှာ သမ္မတပူတင်ရဲ့ ညီညွတ်သော ရုရှားပါတီ ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရတာကြောင့် သမ္မတပူတင်အနေနဲ့ မကျေမနပ်မှုတွေ တိုးပွားလာနေတဲ့ ဒီတိုင်းပြည်ကို ဘယ်လောက်ကြာကြာ ဦးဆောင်နိုင်မလဲဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။
VOA သတင်းထောက် Ricardo Marquina နဲ့ OlgaPavlova မော်စကိုကနေ သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။
ပြည်သူတွေရဲ့ မကျေမနပ်မှုတွေ တိုးပွားနေတာ ရောင်ပြန်ဟပ်လိမ့်မယ်လို့ အများ ယူဆထားကြတဲ့ ရုရှား ဒေသဆိုင်ရာ ရွေးကောက်ပွဲကို ရုရှား သမ္မတ Vladimir Putin ကိုယ်တိုင်လည်း သွားရောက်မဲပေးခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှုတွေ ရပ်တန့်နေတဲ့ အချက် အပေါ် အခြေခံပြီး ခန့်မှန်းခဲ့တာပါ။ ခန့်မှန်းထားတဲ့အတိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဒီ အဓိကကျတဲ့ ဒေသတွေမှာ သမ္မတ ပူတင်ရဲ့ ပါတီဟာ လူများစု အနေအထားကို ထိန်းထား နိုင်ရုံလောက်သာ ရှိပါတော့တယ်။
နိုင်ငံရေးလေ့လာသူ Boris Kagorlitsky က အခုလိုပြောပါတယ်။
“ရွေးကောက်ပွဲ ရလဒ်က အငြင်းပွားစရာလေ။ တစ်နည်းပြောရရင်လည်း မဲပေးသူတွေက အာဏာပိုင်တွေကို တော်တော်ကြီးကြီးကျယ်ကျယ်ပဲ ဆန့်ကျင်မဲပေးခဲ့ကြလို့ပါ။ မော်စကိုမှာ ကျွန်တော်တို့တွေ့ရတာက မဲဆန္ဒနယ် ၁၉ - ၂၀ လောက် အတိုက်အခံတွေ နိုင်သွားခဲ့တယ်။ ဒီအဖြစ်ကို နောက်ဆုံး အချိန်အထိ ရေရေရာရာ မသိခဲ့ရဘူး။ ပြောရရင် မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက်ပဲဗျ။ လူတွေ မကျေနပ်ဘူးဆိုတာကို ပြနေတာပဲ။”
ဒီ ရွေးကောက်ပွဲတွေမှာ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပါဝင် အရွေးခံခွင့် မပေးခဲ့တာကြောင့် ဆန္ဒပြပွဲတွေနဲ့ ရဲက နှိမ်နင်းတာတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါသေးတယ်။
အတိုက်အခံခေါင်းဆောင် Alexei Navalny က မဲဆန္ဒရှင်တွေကို ပူတင်ရဲ့ မဟာမိတ် ကိုယ်စားလှယ်တွေကို အနိုင်ရနိုင်ခြေ အများဆုံး ရှိတဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေကို မဲပေးဖို့ မဟာဗျူဟာကို ချပေးခဲ့ပါတယ်။ လေ့လာသူတွေက Nalvany ရဲ့ ဗျူဟာ အနိုင်ရတဲ့ပွဲလို့လည်း ခေါ်ဆိုခဲ့ပါတယ်။
အခုတော့ ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ရုရှား ပါလီမန် ရွေးကောက်ပွဲမှာလည်း ဒီ ဗျူဟာ အလုပ်ဖြစ် မဖြစ် ဆိုတာကို လူတွေအားလုံး စိတ်ဝင်တစား စောင့်ကြည့် နေကြလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူAndrei Kortunov က Duma လွှတ်တော် ရွေးကောက်ပွဲတွေအတွက် တဖြေးဖြေးစတင်ပြင်ဆင်နေကြပြီလို့ ပြောပါတယ်။
“မော်စကို ရွေးကောက်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ နိုင်ငံရေး အင်အားစုတွေဟာ Duma လွှတ်တော် ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေအတွက် တဖြည်းဖြည်း စတင်ပြင်ဆင်နေကြပါပြီ။ အဲဒီ မဲဆွယ်ပွဲတွေက ၂၀၂၁ ခုနှစ်မှာ စဖို့ရှိတယ်။ ၂ နှစ်ဆိုတော့ အချိန် လုံလုံလောက်လောက် ရှိလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်က မော်စကိုမှာ အခုဖြစ်ခဲ့တဲ့ဟာက အမျိုးသား အဆင့် ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ စေ့ဆော်ချက် တစ်ခုလည်း ဖြစ်လာနေပါတယ်။”
ဒါပေမဲ့ ဒီလို နိုင်ငံရေး ဇတ်ကွက်တွေ ပေါ်လာနေပေမဲ့လည်း မော်စကို ရွေးကောက်ပွဲမှာ လူ အများ မဲ မပေးပဲနေကြတာက အဓိက ပြကွက် တစ်ခုဖြစ်လာနေပါတယ်။ မဲပေးနိုင်သူ ၁၇ ရာခိုင်နှုန်းကပဲ မော်စကို ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြပါတယ်။
မဲပေးသူ မများပေမဲ့လည်း မဲပေးသူတွေအကြား အပြောင်းအလဲကိုတွေ့ချင်တဲ့ ဆန္ဒရှိနေတာကတော့ အထင်အရှားပါပဲ။
Moscow မှာ မဲပေးခဲ့သူ Natasha ကလည်း အခုလို ပြောပါတယ်။
“ကျွန်မ မြင်ချင်တာက Duma လွှတ်တော် မှာ ပြောင်းလဲတာတင်မကဘူး ဒီ တိုင်းပြည်ထဲ နေနေတဲ့ လူတွေအပေါ် အာဏာပိုင်တွေ ထားတဲ့ အပြုအမူနဲ့သဘောထား တစ်ခုလုံးကိုလည်း ပြောင်းလဲစေချင်ပါတယ်။”
ရုရှား ခေါင်းဆောင်တွေရဲ့ အနေအထားက လမ်းဆုံလမ်းခွကို ရောက်နေပါပြီလို့ လေ့လာသူတစ်ချို့က မြင်ပါတယ်။ သီအိုရီအရကတော့ ဒါက သမ္မတ ပူတင်ရဲ့ နောက်ဆုံး သက်တမ်းဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အာဏာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံ သဏ္ဍန်ကလည်း ပြောင်းလဲပစ်ဖို့ အချိန်တန်နေပါပြီ။
နောက် ရွေးကောက်ပွဲတွေက ကျင်းပဖို့ကတော့ နှစ်အတန်ကြာလိုပါသေးတယ်။ လက်ရှိ သမ္မတ သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့လို တစ်ချို့တွေကတော့ ပူတင် ခေတ်လွန် ရုရှားနိုင်ငံအတွက် ကြိုတင် ကြံစည်နေသလို စတင်လည်း ပြင်ဆင်လို့ နေကြကြောင်းပါ။
...........
Unicode Version
....................