(Zawgyi/Unicode)
သတင်းမီဒီယာအလုပ်ဟာ အန္တရာယ်များတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအမျိုးအစားတခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြောပါတယ်။ ဒီနှစ်အတွင်း သတင်းမီဒီယာသမား ၄၉ ယောက် အသတ်ခံရ ပြီး လက်ရှိမှာ ၃၈၉ ယောက် အကျဉ်းကျနေပြီးတော့ ၅၇ ယောက်ဟာ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံထားရတယ်လို့ RSF က ပြောပါတယ်။
တကမ္ဘာလုံးမှာ သတင်းမီဒီယာသမားတွေ အသက်အန္တရာယ်ရှိတဲ့အထိ တိုက်ခိုက်ခံရတာနဲ့ ဆိုးရွားစွာ ပြုမူဆက်ဆံခံရမှုဆိုင်ရာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ RSF အဖွဲ့က အဲဒီလိုဖော်ပြထားတာပါ။ ၂၀၁၉ ခုနှစ် အတွင်း အသတ်ခံရတဲ့ သတင်းမီဒီယာသမား အရေအတွက်ဟာ ၁၆ နှစ်အတွင်း အနိမ့်ဆုံးအရေအတွက် ဆိုတာကိုလည်း ဖော်ပြ ထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တနှစ်ကို သတင်းမီဒီယာသမား အယောက် ၈၀ ပျမ်းမျှခြင်းအားဖြင့် အသတ်ခံခဲ့ရတာနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ သမိုင်းတင် နည်းသွားတာဟာ အဓိကအားဖြင့် စစ်ဖြစ်နေတဲ့နေရာတွေမှာ အသတ်ခံရတဲ့ သတင်းမီဒီယာသမား အရေ အတွက် လျော့ကျသွားတာကြောင့် ဖြစ်တယ်လို့ RSF ကပြောပါတယ်။
ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတွေက လက်နက်ကိုင်ပဋိပက္ခတွေအကြောင်း သတင်းယူရင်း ပြီးခဲ့တဲ့နှစ်က သေဆုံး သွားတဲ့ သတင်းမီဒီယာသမား ၃၄ ယောက်ရှိပြီး ဒီနှစ်မှာတော့ စုစုပေါင်း ၁၇ ယောက် သေဆုံးပါတယ်။
ဒါပေမယ့်လည်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်မနေတဲ့နိုင်ငံတွေမှာ သေဆုံးတဲ့ သတင်းမီဒီယာသမားအရေအတွက် အရင်နှစ်တွေက အတိုင်း များနေဆဲဖြစ်ပြီး မက္ကဆီကို တနိုင်ငံထဲမှာတင် ၁၀ ယောက်ရှိတယ်လို့ RSF အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
.....................
(Unicode)