မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက်တွေနဲ့ ၃ လကြာ ဖမ်းဆီးခံခဲ့ရတဲ့ ဗွီဒီယို သတင်းထောက် နန္ဒ ခေါ် ကို အောင်ကြည်မြင့်ရဲ့အရေးကို မေ့ဖျောက်မထားဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က နိုင်ထက်စီးနင်း ဖမ်းဆီးခြင်းဆိုင်ရာ ကုလသမဂ္ဂအလုပ်အဖွဲ့ကို ပန်ကြားလိုက်ပါတယ်။
သူဟာမျှော်လင့်ချက်ကင်းလျက်ရှိပြီး အစာငတ်ခံဆန္ဒပြဖို့အထိ ကြံရာမရ ဖြစ်နေပြီလို့နန္ဒအမှုထမ်းနေတဲ့ Channel Mandalay TV ရဲ့ အယ်ဒီတာ မင်းဒင်က RSF ကို ပြောတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ ဒေသခံတွေကို ရဲတပ်ဖွဲ့က နှိမ်နင်းနေပုံကို live လွှင့်ပေးခဲ့တဲအတွ သူဟာ အခုလို မတရား ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်တယ်လို့ Channel Mandalay TV က ပြောပါတယ်။ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ တည်ဆောက်မှုကို လမ်းပိတ်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ အောင်သပြေ ကျေးရွာသားတွေကို ရဲတပ်ဖွဲ့က နှိမ်နင်းနေစဉ် Channel Mandalay သတင်းဌာနရဲ့ Web page ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
နန္ဒဟာ အဲဒီဆန္ဒပြပွဲမှာ ရဲတွေ စစ်သားတွေကို တုတ်နဲ့ ရိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေလ ၁၅ ရက်၊ မနက် ၅ နာရီမှာ သူဟာ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီစွဲချက်မှန်ကန်တဲ့ အထောက်အထား တစုံတရာမတွေ့ရသလို ဆန္ဒပြသမားတွေကို ရဲတွေက ရိုက်နှက်နေတဲ့ ဗွီဒီယိုသာ ရှိတယ်လို့ RSF က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆန္ဒပြမှုအတွင်း ရိုက်ကူးထားတဲ့ ဗွီဒီယို မှတ်တမ်းအရ သတင်းထောက် နန္ဒဟာ လက်တဘက်မှာ ကင်မရာနဲ့ အခြားတဘက်မှာ မိုလ်ဘိုင်းလ်ဖုန်းကို ကိုင်ဆောင်ထားတာဖြစ်ပြီး ရန်လိုတဲ့အပြုအမူမတွေ့ရကြောင်းလည်း RSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီသက်သေအထောက်အထားကို အခြေခံပြီး Channel Mandalay TV က မြန်မာသတင်းကောင်စီကို အကြောင်းကြားထားပေမယ့် ဒီအပြုအမူဟာ မသင့်လျော်တဲ့အကြောင်းသာ ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ တွေ့ရတာကြောင့် နန္ဒလွတ်မြောက်ရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုရရှိဖို့ လိုအပ်နေတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နန္ဒ ခေါ် အောင်ကြည်မြင့်ကို ဖမ်းဆီးပြီး တလအကြာ တရားဝင် စွဲချက်တင်ခဲ့တာပါ။ ပုဒ်မ ၅ ခုနဲ့ စွဲဆိုထားပြီး စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ကျခံရဖွယ် ရှိနေပါတယ်။ ဒီ မတရား ဖမ်းဆီးမှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းတဲ့အကြောင်း RSF ရဲ့ အာရှ ပစိဖိတ် အကြီးအကဲ Daniel Bastard က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း RSF ရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ၇ ဆင့် ကျဆင်းသွားခဲ့ပြီး နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၈ ဆင့်မှာ ရောက်ရှိနေပါတယ်။