သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ကြန့်ကြာမှု မြန်မာအစိုးရရှင်းလင်း


ရိုဟင်ဂျာဒုက္ခသည် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)
ရိုဟင်ဂျာဒုက္ခသည် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရခိုင်ဒေသ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးရတာဟာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ဖို့ မရှိတာကြောင့် မဟုတ်ဘဲ၊ ဘင်္ဂလားဒေရှ့်နိုင်ငံဘက် လိုက်ပါဆောင်ရွက်မှု မရှိတာကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြိုးပမ်းမှုနဲ့ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ဒီကနေ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့တာပါ။ မမေခက အပြည့်စုံ တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံဘက်က အပြည့်အဝလိုက်ပါ ဆောင်ရွက်ခဲ့တဲ့အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ ဒုက္ခသည် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် နှောင့်နှေးရတာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က၂နိုင်ငံ သဘောတူညီချက်နဲ့အညီ လိုက်ပါဆောင်ရွက်မှု မရှိတာကြောင့်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံတမန် အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး မြန်မာအစိုးရက ရှင်းလင်းချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့တာပါ။ ဒီကနေ့ ရှင်းလင်းပွဲနဲ့ပတ်သက်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ခုလို ပြောပါတယ်။

"မြန်မာနိုင်ငံက သတင်းမီဒီယာတွေမှာ ဝေဖန်နေသလို လုံးဝပြန်လက်ခံလိုစိတ်မရှိတာမ ဟုတ်ဘူး။ လက်ခံဖို့ဆန္ဒအပြည့်ရှိတယ်။ ဘာကြောင့်ဒါကြန့်ကြာနေရသလဲ။ ကြန့်ကြာရတဲ့အချက် တွေကဒါတွေလို့ရှင်းပြတာဖြစ်တယ်။ ဘယ်သူ့ကိုမှ အပြစ်ပြောတာမဟုတ်ဘူး။ တကယ့်လက်တွေ သဘောတူညီချက်ကဘာ။. တကယ်အကောင်အထည်ဖော်တာမှာ ဘာတွေဖြစ်နေလဲဆိုတာကို သံတမန်တွေကို အထူးပြုရှင်းပြတာဖြစ်ပါတယ်။"

ဒီကနေ့ ရှင်းလင်းပွဲကိုတော့ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နှစ်နိုင်ငံ သဘောတူညီချက် ရယူရာမှာ တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နဲ့ ဒုက္ခသည် ပြန်လည်နေရာ ချထားရေး ပူးတွဲကော်မတီကို အဓိက ဦးဆောင်နေတဲ့ ဦးမင်းသူတို့က ရှင်းလင်းခဲ့ဲကြတာပါ။

ဒုက္ခသည် ပြန်လည် လက်ခံရေးက နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှ ရမယ့်ကိစ္စဖြစ်သလို၊ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှု အပြည့်အဝရှိမယ်ဆိုရင် မအောင်မြင်စရာမရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ဒီအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတုန်းက ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ပထမဆုံးအကြိမ် စီစဉ်ဆောင်ရွက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မြန်မာနဲ့ Bangladesh ၂ နှိင်ငံကြား ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၃၀ ရက်နေ့က သဘောတူထားတဲ့အတိုင်း ဒုက္ခသည် ပထမအသုတ်အဖြစ် ၂ ထောင်ကျော်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်ပို့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က မကြာသေးခင်တုန်းက ပေးပို့ထားတဲ့ ဒုက္ခသည် လူ ၂ သောင်း ကျော် စာရင်းထဲက အယောက် ၆၀၀ ကျော်ကို အပြီးသတ်စိစစ်ပြီးပြီလို့လည်း မြန်မာအစိုးရက ပြောပါတယ်။ ဒီလိုပေးပို့တဲ့နေရာမှာ ၂ နိုင်ငံ သဘောတူထားတဲ့အချက်တွေအတိုင်း ဆောင်ရွက်တာမရှိတာကြောင့် လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက် ပေးပို့ဖို့ တောင်းခံခဲ့ပေမဲ့လည်း အခုချိန်ထိ ဘင်္ဂလားဒေရှ့်ဘက်က ပြန်ပေးပို့တာမရှိသေးဘူးလိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ ရှင်းလင်းခဲ့ကြပါတယ်။

မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ ဒုက္ခသည်ပြန်လက်ခံရေးအပါအဝင် မူးယစ်ဆေးတရားမဝင် ရောင်းဝယ်တာ တားဖို့၊ အကြမ်းဖက်သမားတွေ ပူးပေါင်းနှိမ်နင်းဖို့ စတဲ့ သဘောတူညီချက်တွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးတဲ့ အညီ ဆောင်ရွက်နေတယ်လို့လဲ ဆိုပါတယ်။

ဘင်္ဂလားဒေရှ်ဘက်က ပြန်လည်လက်ခံဖို့ပေးပို့တဲ့လူဦးရေထဲမှာ အာဆာ အဖွဲ့ဝင်လို့ သံသရရှိသူ တွေ ပါဝင်နေပြီး ဒါနဲ့ပတ်သတ်လို့ ဘင်္ဂလားဒေရှ်ဘက်ကို အကြမ်းဖက်သမားတွေ ပူးပေါင်းနှိမ်နင်း ဖို့ စတဲ့ သဘောတူညီချက်နဲ့အညီ လုပ်ဆောင်ဖို့ မြန်မာအစိုးရကနေ တိုက်တွန်းထားပေးမယ့် ပျက်ကွယ်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်သမားတွေနဲ့ ပတ်သတ်လို့ နိုင်ငံလုံခြုံရေး အတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုလိုက်ပါတယ်။

"မြန်မာနိုငငံနဲ့ပတ်သတ်တဲ့ ခြိမ်းခြောက်မှုတွေ တိုက်ခိုက်မယ့် အချက်အလက်ရရှိမယ့်ပေါ်မှာ မူတည်ပြီးတော့ ပိုအလေးထား ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုးဖြစ်မယ်ဆိုတာကြားတာမရှိပေမယ့် နိုင်ငံချင်း ရဲတပ်ဖွဲ့တွေကပေးတဲ့ အချက်အလက်တွေနဲ့နောက်ကမ္ဘာတလွှားမှာ ရတဲ့ အကြမ်းဖက် လုပ်ငန်းတွေနဲ့ ပတ်သတ်လို့ဆက်စပ်တဲ့ သတင်းတွေရတာမှာလည်းပိုအလေးထားဆောင်ရွက်နေ ပါတယ်။"

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကို ARSA လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် မြန်မာလုံခြုံရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာမူစလင် အများစုပါဝင်တဲ့ ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရသလို ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နှောင့်နှေးနေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ရှိနေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူပေါင်းဆောင်ရွက်နေကြောင်းနဲ့ သူတို့ဘက်က လက်ခံဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG