မြန်မာ စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် မိဘ ဆွေမျိုးတွေနဲ့ အတူ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ကြတဲ့ အများစုသော ကျောင်းနေအရွယ် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အနည်းအကျဉ်း စာတတ်သူတွေကနေ လုံးဝ စာမတတ်သူတွေ ဖြစ်ပါတယ်။ ဒုက္ခသည် ကလေးငယ်တွေ ထုနဲ့ထည်နဲ့ ရောက်ရှိနေတာနဲ့ အတူ အကူအညီပေးရေး လုပ်သားတွေကလည်း ဆရာအသစ်တွေ အတွက် ရက်တို သင်တန်းတွေ ပေးနေပြီး သင်ရိုးညွှန်းတမ်း အသစ်တခု ထွက်လာဖို့အတွက်လည်း လုံးပမ်းနေကြရကြောင်း ဗွီအိုအေ သတင်းထောက် Dave Grunebaum က ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာ ကလေးငယ်တွေကို အခြေခံ မြန်မာစာ သင်ကြားပေးနေတာပါ။ သူတို့ကို သင်္ချာ၊ အင်္ဂလိပ်စာနဲ့ ဘဝနေနည်းတို့ကိုလည်း သင်ကြားပေးနေတာပါ။ အသက် ၉ နှစ် အရွယ် Ruksana Begum ကတော့ တနေ့မှာ ကျောင်းဆရာမ ဖြစ်ချင်တယ်လို့ ပြောပါတယ်။
"စာသင်နေရရင် ကျမ ပျော်ပါတယ်။"
သူမရဲ့ ဆရာကလည်း ရိုဟင်ဂျာ ဒုက္ခသည် တဦးဖြစ်ပြီး အထက်တန်းဆင့် ပညာရေးပဲ ရှိသူပါ။ ဒါကလည်း ဒီက ဆရာအသစ်တွေ အတွက်တော့ သိပ်ပြီး မထူးဆန်းလှပါဘူး။ ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF က Jean Metenier က အခုလို ပြောပါတယ်။
"ဒီဆရာတွေက သူတို့ကို သင်ကြားပေးဖို့ စွမ်းရည်နဲ့ အတွေ့အကြုံ မရှိဘူးဆိုတာကို ကျနော်တို့ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်လည်း အားလုံး ခြုံငုံနိုင်မယ့် လေ့ကျင့်ရေး စနစ်ဖြစ်လာဖို့ အစီအစဉ်တရပ်ကို တပြိုင်တည်း ဆောင်ရွက်နေတာပါ။"
ဒုက္ခသည်တွေက ဘင်္ဂလားဒေရှ့် ကျောင်းတွေမှာ ကျောင်းအပ်ခွင့်မရှိပါဘူး။ ဒါကြောင့် UNICEFနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက အသက် ၄ နှစ်ကနေ ၁၄ နှစ်အရွယ် ကျောင်းသားတွေ အတွက် လူ ၂,၀၀၀ ကျာ်ဆန့်တဲ့ သင်ကြားရေးဆောင်တွေ ဆောက်လုပ်နေကြပါတယ်။ ဒီအသက်အပိုင်းအခြား အတွင်းက ဒုက္ခသည် ကလေးငယ် ၃၀၀,၀၀၀ ထဲက သုံးပုံတပုံ နောက် အသက် ၁၄ နှစ် အထက် ဒုက္ခသည် အများစု အတွက်တော့ စာသင်ခန်းတွေ မရှိသေးပါဘူး။ ဒီစာသင်ခန်းတွေမှာ ကျောင်းအပ်ထားတဲ့ ကလေး အများအပြားကိုလည်း တနေ့ကို ၂ နာရီပဲ သင်ကြားပေးနေတာပါ။ ဒီကလေးတွေ အတွက် ပြည့်စုံလုံလောက်တဲ့ ပညာရေး သင်ကြားပေးနိုင်ဖို့ ဖြစ်နိုင်ပါသလားဆိုတာကိုတော့ UNICEF က Jean Metenier က အခုလို ပြောပါတယ်။
"လုံလောက်တဲ့ ပညာရေးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေခံ ပညာရေးဆိုရင်တော့ ဟုတ်ပါတယ်။ သူတို့ကို အရေးအဖတ်၊ အတွက်အချက်နဲ့ ဘဝ နေနည်းထိုင်နည်း အခြေခံတွေကို သင်ပေးနေတာပါ။"
စာသင်ကျောင်းတွေ နည်းနေတာ အပြင် ပညာရေး ကဏ္ဍက လူတွေ ရင်ဆိုင်နေရတဲ့ တခြားအခက်အခဲတွေလည်း ရှိပါသေးတယ်။ အသက် ၄ နှစ်ကနေ ၁၄ နှစ် အတွင်း ဒုက္ခသည် ကလေးတွေရဲ့ ၆၅ ရာခိုင်နှုန်းက ပထမတန်းအဆင့်တောင်မှ မရှိပါဘူး။
Save the Children အဖွဲ့က Beatriz Ochoa က အခုလို ပြောပါတယ်။
"သင်ရိုးညွှန်းတမ်းပြုစုမှု၊ ယာယီ သင်ကြားရေးဆောင်တွေ တည်ဆောက်ရေးနဲ့ ဆရာတွေရဲ့ စွမ်းရည် စတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေ အတွက် ပညာရေးပိုင်း ဆောင်ရွက်မှု အားလုံးကို ဖြည်းဖြည်းမှန်မှန် ချဉ်းကပ် ဆောင်ရွက်နေပါတယ်။"
ကျောင်း ကောင်းကောင်း မတက်ရတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေဟာ ဦးတည်ချက်မဲ့တဲ့ မျိုးဆက်တခု ဖြစ်သွားနိုင်မယ့် အပေါ် စိုးရိမ်နေကြရသလို ဒီအချက်က သူတို့ လူကြီးတွေ ဖြစ်လာချိန် အသက်မွေးဝမ်းကျောင်း အပေါ် သက်ရောက်မှာတင် မဟုတ်ဘဲ ရိုဟင်ဂျာ အသိုင်းအဝိုင်းရဲ့ အရေးပါမှုကိုပါ သက်ရောက်နိုင်ပါတယ်။
Ruksana Begum ရဲ့ ဖခင် ဖြစ်သူ Mohammed Hares ကတော့ သမီးသင်ကြားနေတဲ့ ပညာရေး အရည်အသွေး အပေါ်မှာ စိုးရိမ်နေပါတယ်။
"သူတို့ လိုအပ်တဲ့ ပညာရေး ကောင်းကောင်း မရဘူးဆိုရင်တော့ သူတို့ အနာဂတ် ကောင်းလာဖို့ မမြင်ပါဘူး။"
Save the Children က Beatriz Ochoa ကတော့ အခုလို ပြောပါတယ်။
"ရိုဟင်ဂျာ ကလေးတွေကို ဦးတည်ချက်မဲ့တဲ့ မျိုးဆက် တခု အဖြစ်မခံနိုင်ပါဘူး။ ဒါက အကြီးဆုံး စိုးရိမ်ချက်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေ အနေနဲ့ သူတို့ရသင့် ရထိုက်တဲ့ အရည်အသွေးရှိတဲ့ ပညာရေးသာ မရခဲ့ဘူးဆိုရင် အနာဂတ် မျိုးဆက်တွေ ဘာတွေ ဖြစ်လာမလဲ ဆိုတာပါပဲ။"
အရွယ်ရောက်ချိန်မှာ လူမှု အကျိုးပြုသူတွေ ဖြစ်လာရေး အတွက် လိုအပ်တဲ့ စွမ်းရည်တွေ ပြည့်မီစေရေး ပညာရေး ကဏ္ဍက လူတွေက ဒီကလေးတွေကို ပံ့ပိုး ပေးနိုင်အောင် ကြိုးစားနေကြတာပါ။ ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်းရဲ့ အနာဂတ်ကလည်း ဒီအပေါ်မှာ မှီတည်နေတယ်လို့လည်း သူတို့က ပြောပါတယ်။