ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေထဲက ပထမအသုတ်ကို ဒီလလယ်မှာ စပြီး နေရပ်ပြန်ပို့တော့မယ့် ကိစ္စကို ချက်ချင်း ရပ်ဆိုင်းထားဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Right Watch က တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ HRW ရဲ့ တောင်းဆိုချက်ထွက်ပေါ်လာတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်လောက်အောင် မြန်မာနိုင်ငံဘက်မှာ အဆင်သင့် မဖြစ်သေးတဲ့အတွက် အစီအစဉ်ကို ချက်ခြင်းဆိုင်းငံ့ထားဖို့ HRW က တောင်းဆိုလိုက်တာပါ။ အထူးသဖြင့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ အခြေခံအခွင့်အရေးတွေကို အာမမခံနိုင်သေးတဲ့အတွက် နေရပ်ပြန်ရေးအစီအစဉ်တွေ မစသင့်သေးဘူးလို့ HRW ရဲ့ ဒုက္ခသည်များ အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှုး Bill Frelick ကဗွီအိုအေကို ပြောခဲ့တာပါ။
“ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် အခြေခံလိုအပ်ချက်တွေကိုတောင် မြန်မာအစိုးရဘက်ကလုပ်ပေးတာ မရှိသေးပါဘူး။ ဒုက္ခသည်တွေနေရပ်ပြန်တဲ့အခါ လုံခြုံမှုရှိဖို့၊ လွပ်လပ်စွာသွားလာခွင့်၊ သူတို့ရဲ့ အခွင့််အရေးတွေကို လေးစားလိုက်နာတာမျိုးတွေ ဖြစ်လာဖို့ဆိုတာ သူတို့ကို မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးတာကနေ စတင်မှရမှာပါ။ အဲဒီလိုလုပ်ပေးမှသာ ဒုက္ခသည်တွေနေရပ်ပြန်နိုင်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရ ရှေ့ဆက်လျောက်ရမယ့် လမ်းက အရှည်ကြီးကျန်ပါသေးတယ်။”
ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်မြောက်ပိုင်းက ပဋိပက္ခတွေကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ထဲက ပထမအသုတ်အဖြစ် လူ ၂ ထောင်ကျော်ကို နိုဝင်ဘာလလယ်မှာ အသုတ်ခွဲပြီး နေရပ်ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒီသီတင်းပတ်ထဲမှာပဲ သဘောတူထားကြတာပါ။ ဒါပေမဲ့လည်း ဒီအစီအစဉ်မှာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒတွေ၊ ကုလသမဂ္ဂလို တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်မှု မရှိခဲ့ဘူးလို့လည်း မစ္စတာ Frelick ကပြောပါတယ်။
“မြန်မာအစိုးရကို ပေးပို့မယ့် ဒုက္ခသည်တွေရဲ့ နာမည်စာရင်း ပြုစုတဲ့အခါမှာလည်း UNHCR ကိုလည်း ခေါ်ယူတိုင်ပင်တာမျိုးမရှိပါဘူး။ ဌာနေပြန်ပို့ရေး လုပ်ငန်းတွေအလျင်စလိုလုပ်ဖို့ မလိုတဲ့အတွက် ဒီကိစ္စကို အသေအချာ သတိနဲ့လုပ်ကိုင်ရမယ်လို့ UNHCR ပြောပါတယ်။ နောက်ပြီး မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာလည်း ဒုက္ခသည်တွေ ပြန်ရလောက်အောင် အထောက် စိတ်ချရတဲ့အနေအထားတွေ မဟုတ်သေးဘူးလို့လည်း UNHCR က ပြောထားပါတယ်။”
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံမှာ ဖြစ်ကြောင်းနဲ့ လက်ခံဖို့လည်း အသင့်ရှိနေကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Robert Palladino ကတော့ ဘေးဒုက္ခတွေ လျော့ပါးသက်သာစေဖို့ ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှု အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စတာတွေကို အဓိက အာရုံစိုက်ထားသလို၊ နေရပ်ပြန်ပို့ရေး အစီအစဉ်တွေကိုလည်း အမေရိကန်က စောင့်ကြည့်နေကြောင်း ပြောဆိုထားပါတယ်။