အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်နွယ်ဘွား အမေရိကန် လူမည်းတချို့ရဲ့ လက်ကိုင်ဖုန်းတွေဆီ လူမျိုးရေးအရ နှိမ်ချစော်ကားတဲ့ အသိပေးစာတိုတွေရောက်လာတဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းနေပါတယ်။
‘ဝါဂွမ်းခူးဖို့ ဝါဂွမ်းခြံသွားကြ’ ဆိုတာမျိုး ကျွန်တွေလို ရည်ညွှန်းဖော်ပြတဲ့စာတိုတွေ အာဖရိကန် အမေရိကန် အမျိုးသမီး၊ အမျိုးသားနဲ့ ကျောင်းသားလူငယ်တချို့ဆီ ရောက်လာခဲ့ပါတယ်။ ဒီ လုပ်ရပ်ဟာ ပုံမှန်မဟုတ်သလို ပုံမှန်ဖြစ်သွားမှာမျိုးလက်မခံနိုင်ဘူးလို့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားတဲ့ NAACP အဖွဲ့ဥက္ကဋ္ဌ Derrick Johnson ကကြေညာချက်ထုတ်ပြီး ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
အယ်လဘားမား၊ မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ ပင်ဆယ်ဗေးနီးယား အပါအဝင် ပြည်နယ် တချို့က အာဖရိကန် အမေရိကန်တွေဆီ မက်ဆေ့တွေ ရောက်လာတာဖြစ်ပါတယ်။ အမေရိကန်မှာ တချိန်က ကျွန်စနစ်ရှိခဲ့ချိန်က အဲဒီပြည်နယ်တွေကစိုက်ပျိုးရေးခြံတွေမှာ လူမည်းတွေကို ကျွန်တွေအဖြစ် ခိုင်းစေခဲ့ကြပါတယ်။ New York၊ California၊ Tennessee ပြည်နယ်တွေမှာလည်း အခုလို ဘယ်ကမှန်း မသိပို့လာတဲ့ မက်ဆေ့တွေကို ရခဲ့ကြပါတယ်။
FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာနကတော့ ဒီကိစ္စသိရှိထားကြောင်းနဲ့ တရားရေးဌာနအပါအဝင် အခြားဌာနတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်ကလည်း ခုလို Text message ပို့နေတဲ့ ကိစ္စကို စုံစမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဖုန်းမက်ဆေ့တွေ ဘယ်သူပို့နေသလဲဆိုတာ မသိရသေးသလို ဘယ်သူတွေဆီကို အဓိကထား ပို့နေသလဲဆိုတဲ့ စာရင်းအပြည့်အစုံကိုလည်း မသိရသေးပေမယ့် စာရောက်လာသူတချို့ထဲမှာ အထက်တန်းနဲ့ ကောလိပ်တက္ကသိုလ်တက်နေကြတဲ့ လူမည်းလူငယ်တွေ ပါပါတယ်။
FBI ရဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားကိုအခြေခံတဲ့ ရာဇဝတ်မှု ၁၁,၄၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက တဝက်လောက်ဟာ လူမျိုးရေးမုန်းတီးမှုကို အခြေခံတဲ့ အမှုတွေဖြစ်ကြပါတယ်။
Forum