ဆူမာတ်တြားကျွန်း မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ဆာဘန်မြို့ကိုတော့ ဒီလ အစောပိုင်း ဒီဇင်ဘာ ၂ ရက်နေ့မှာ ရိုဟင်ဂျာဒုက္ခသည် ၁၃၉ ယောက် တင်ဆောင်လာတဲ့ လှေတစင်း ဆိုက်ကပ်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ အဲဒီဒုက္ခသည်တွေကို ဘိုလိုဟန် (Balohan) လို့ခေါ်တဲ့ အရပ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ကြုံရပြီးနောက်မှာ အခု သူတို့ကို လွတ်လပ်တဲ့ကုန်သွယ်မှုဇုန်နဲ့ ဆိပ်ကမ်းအာဏာပိုင် ဌာနပိုင် အမှတ် စီတီ-၁ ဆိပ်ခံတံတားအနီးမှာ ယာယီနေရချထားပေးပါတယ်။
Wak Dolah ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ဝင်လာတာကို ကန့်ကွက်နေတဲ့ဒေသခံတဦးပါ။ သူတို့နေထိုင်ရာ Weh ကျွန်းကို ရိုဟင်ဂျာဒုက္ခသည်လှေ ဆိုက်ကပ်တာက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ အစီအစဥ်ချပြီး ကမ်းကပ်ခဲ့တာလို့ သူက ယူဆပါတယ်။
"လူငါးယောက်၊ ခုနစ်ယောက်လောက်ဆိုရင်တော့ မတော်တဆ သောင်တင်လာတာလို့ ပြောကောင်း ပြောနိုင်ဦးမယ်။ အခုဟာက အဲဒီလိုမဟုတ်ပါဘူး" လို့ Wak Dolah က ဗွီအိုအေ အင်ဒိုနီးရှားဌာနကို ပြောပါတယ်။
Wak Dolah ရဲ့အဆိုအရ Weh ကျွန်းပေါ်က ဒေသခံတွေဟာ ရိုဟင်ဂျာတွေကို မလိုလားဘဲ ဆန့်ကျင်နေကြတာမှာ အကြောင်းပြချက်အမျိုးမျိုးရှိကြပေမယ့် အဓိကအကြောင်းရင်းကတော့ ဒုက္ခသည်တွေရဲ့ အပြုအမူကြောင့်လို့ ဆိုပါတယ်။
“သူတို့ကခိုလှုံခွင့်တွေ ဘာတွေ မတောင်းတော့ဘူး။ ဥပမာ လှေတစင်းရောက်လာပြီးတာနဲ့ နောက်ထပ် လှေတွေ ထပ်ရောက်လာမယ်။ ဒီမှာက သူတို့ကို စားဖို့သောက်ဖို့ အကုန်ပေးထားလို့ အဆင်ပြေပြေနေကြရတယ်။ တခါတလေရိက္ခာရှားပါးတယ်လို့ပြောပေမယ့် သူတို့ ရိက္ခာတွေကို လွှင့်ပစ်လိုက်တာမျိုးလည်း ရှိတယ်။ အခု ဆိုရင် သူတို့ဒီ ဆာဘန်ကိုရောက်တာ ၁၀ ရက်ကျော်လောက်ရှိပြီ၊ အညစ်အကြေး မစင်တွေကို ကြုံသလိုစွန့်ပစ်ကြတာကို ဒေသခံတွေက တိုင်ကြားတာတွေရှိတယ်” လို့ Wak Dolah က ရှင်းပြပါတယ်။
ဆာဘန်ဒေသခံ နောက်တဦးဖြစ်တဲ့ Nedi မှာလည်း အလားတူ မလိုလားတဲ့ သဘောရှိပါတယ်။အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို Weh ကျွန်းကနေ ချက်ချင်း နေရာရွှေ့ပြောင်းသင့်တယ်လို့သူက ယုံကြည်ပါတယ်။ “တတ်နိုင်သမျှ အမြန်ဆုံး ပြောင်းရွှေ့သင့်ပါတယ်။ ကျနော်တို့၊ အထူးသဖြင့် ဆာဘန်ဒေသခံတွေကသူတို့ကို လက်မခံပါဘူး။” လို့ သူက ဗွီအိုအေကို အရင်အပတ် သောကြာနေ့ညပိုင်းမှာ ပြောခဲ့ပါတယ်။
Weh ကျွန်းပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ ရှိနေသရွေ့ ဒေသခံလူထုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေမယ်လို့ Nedi က ယူဆနေတာပါ။ “သူတို့က ဒုက္ခပေးလိမ့်မယ်” လို့ ပြောပါတယ်။ ဆာဘန်ကလူထုကြားမှာ ရိုဟင်ဂျာတွေကို ကူညီတာနဲ့ သူတို့ ဒေသခံ လိုအပ်နေသူတွေ အကူအညီမရ ဖြစ်နေတာကို နှိုင်းယှဥ် ချိန်ထိုးပြီးလည်း ကြေးတမ်းတိုက်ကြပါတယ်။
“ဆာဘန်းမြို့မှာမိဘမဲ့ကလေးတွေ၊ ဆင်းရဲသူ ဆင်းရဲသားတွေ အများကြီးရှိတယ်။ သူတို့ကျ ဘာကြောင့်အကူအညီမရ ဖြစ်နေရတာလဲ။ စာရွက်စာတမ်းမရှိ၊ အထောက်အထားမဲ့ ရိုဟင်ဂျာတွေကျ ဘာ့ကြောင့် အကူအညီတွေချက်ချင်းရတာလဲ” လို့ Nedi က မေးခွန်းထုတ်ပါတယ်။
“ရိုဟင်ဂျာတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ မစ္စတာ ဂျိုကိုဝီကို တိုက်တွန်းပါတယ်။ သမ္မတဂျိုကိုဝီဆီ ပေးချင်တဲ့ ကျနော့်ရဲ့သတင်းစကားကတော့ ရိုဟင်ဂျာတွေကို ဆာဘန် ကနေ မြန်မြန်ဆန်ဆန် ဖယ်ရှားပေးရေး ပြတ်ပြတ်သားသားလုပ်ဖို့ပါ။ သူတို့ကို ချက်ချင်း ပြန်ပို့ရမယ်” လို့ Nedi က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို Weh ကျွန်းကနေ မဖယ်ရှားရင်၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို သူ သပိတ်မှောက်မယ်လို့ နောက်ထပ် ဆာဘန် ဒေသခံ Suprati က ပြောပါတယ်။ "သူတို့ကိုအချိန် ၁၄ ရက် ပေးထားပြီးသားပါ။ သူတို့ ထွက်သွားရပါမယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ထွက်သွားရမယ်။ သူတို့သာ ထွက်မသွားရင် ရွေးကောက်ပွဲမှာပါဝင်မှာ မဟုတ်ဘူး" လို့ Suprati က ဗွီအိုအေကို ပြောပါတယ်။
အစိုးရမဟုတ်တဲ့ အရပ်ဘက်လူမှုအဖွဲ့တခုဖြစ်တဲ့ ကွန်ထရာစ်အာချေး (KontraS Aceh) ရဲ့ ဒေသခံ ညှိနှိုင်းရေးမှူး Azharul Husna ကတော့ ဆိုရှယ်မီဒီယာတွေပေါ်နဲ့ လူမှုအသိုင်းအဝန်းထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း မမှန်မကန် သတင်းဖြန့်နေသူတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း အပျက်သဘောဆောင်တဲ့ သတင်းအချက်အလက်တွေကြောင့် ရိုဟင်ဂျာတွေအပေါ် မလိုလားမှုတွေရှိနေလို့ အခုလို လက်မခံနိုင်ဖြစ်နေရတာလို့ ပြောပါတယ်။
“ရိုဟင်ဂျာဒုက္ခသည်တွေကို ဆိုးရွားတဲ့ပုံစံဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖန်တီးထားတဲ့ ဗီဒီယိုတွေအပါအဝင် လွဲမှားနေတဲ့အချက်အလက်တချို့ကို ဖြန့်ဝေနေကြပါတယ်။ ဒီဗီဒီယိုအများစုဟာ အတုအယောင်တွေ၊ အလိမ်အညာတွေဖြစ်နေတော့ အများပြည်သူဟာ မမှန်မကန်တဲ့ သတင်းတွေပဲ ရနေကြတာပါ။”
ဒါ့အပြင် ရိုဟင်ဂျာတွေ ဝင်လာချိန်မှာ ဒေသဆိုင်ရာနဲ့ ဗဟိုအစိုးရတွေက တုံ့ပြန်မှုတွေ နှေးကွေးနေတာကလည်း ရပ်ရွာအတွင်း ရှုပ်ထွေးမှုကိုတိုးလာစေပါတယ်။
“ဒါကလူတွေကို စိတ်ရှုပ်ထွေးစေမှာ သေချာပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုးကားပြီး ဒုက္ခသည်တွေအရေးကို ချက်ချင်းအရေးယူကိုင်တွယ် ဖြေရှင်းသင့်တာပါ” လို့ Husna က ပြောပါတယ်။
အင်ဒိုနီးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ရဲ့ အကြီးအကဲ Ann Maymann ကတော့ အခုလောလောဆယ် အရေးကြီးဆုံးအချက်က “သူတို့နေနိုင်မယ့် နေရာတနေရာကိုရှာဖွေဖို့ပါ။ ဒါပြီးမှသာ နောက်တဆင့်ဘာဆက်လုပ်မလဲဆိုတာ ဆွေးနွေးရမှာပါ” လို့ ဒီဇင်ဘာလအစောပိုင်းမှာ ဘန်ဒါအာချေးဒေသမှာ သတင်းထောက်တွေကို ပြောထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒုက္ခသည်ထဲက တချို့ အသက်ဆုံးရှုံးရဖွယ် ရှိတယ်လို့ သူက ထောက်ပြပါတယ်။ “ဥပမာ ပြောရရင် ရှစ်နာရီလောက်ကြာတဲ့အထိ ဘာမှမစားရသေးတဲ့ကလေးတွေ အများကြီးရှိပါတယ်။ သူတို့အတွက် ယာယီ ခိုလှုံဖို့ နေရာ ရှာပြီးမှသာ နောက်တဆင့် ဆွေးနွေးရမှာပါ။"
ဒီလို ဒေသခံတွေရဲ့ စိုးရိမ်ချက်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ဆိုးရွားတဲ့ အခြေအနေ နှစ်ဘက်လုံး တိုးလာနေချိန်မှာပဲ အာချေးရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကနေ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေ လူကုန်ကူးကြတဲ့ မှောင်ခိုလမ်းကြောင်းကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
လူကုန်ကူးတဲ့ လမ်းကြောင်း လုပ်ငန်းစဥ်ကြီးတခုလုံးကို ဘင်္ဂလားဒေ့ရှ် စခန်းတွေက လုံခြုံရေးဝန်ထမ်းတွေနဲ့ လှေင်္ဘောတွေက မာလိန်မှူးတွေက ထိန်းချုပ်ထားပါတယ်။ “ရိုဟင်ဂျာဒုက္ခသည်တဦးအတွက် ဘင်္ဂလားဒေ့ရှ်သုံး တာကာငွေ ၂၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား အင်ဒိုနီးရှားရူပီးငွေနဲ့ ဆိုရင် ၃ သန်းကနေ ၁၅ သန်းကြားလောက်အထိ ပေါက်ကြေး ရှိတယ်” လို့ အာချေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kombes Joko Krisdiyanto ကပြီးခဲ့တဲ့ အပတ် သောကြာနေ့က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေငွေတွေ ကောက်ခံပြီးရင် သင်္ဘောမာလိန်မှူးတွေ၊ ပဲ့ကိုင်တွေနဲ့စက်မောင်းတွေဟာ လှေတစီးကိုဝယ်ပြီး ခရီးဆုံးနိုင်ငံအထိ လုံလောက်နိုင်မယ့် လောင်စာဆီနဲ့ အစားအစာတွေ ဝယ်ပြီး မှောင်ခိုလှေ ထွက်ဖို့ ပြင်ကြတယ်လို့ အာချေးရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
“ခရီးစရိတ်တွေကိုနုတ်ပြီး ကျန်တဲ့အကျိုးအမြတ်ကို သင်္ဘောကပ္ပတိန်၊ ပဲ့နင်း၊ စက်မောင်းနဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားက စခန်းတွေမှည အခြေစိုက်ပြီး လူမှောင်ခိုလုပ်ငန်းအတွက် မူလ စတင် ဆက်သွယ် ညှိနှိုင်းပေးသူတွေကြားမှာ ခွဲဝေယူကြတယ်” လို့ သူက ရှင်းပြပါတယ်။
လှေမထွက်ခွာမီမှာ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တခုခုကို ကမ်းကပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ထိုင်းနဲ့ မလေးရှားရေပိုင်နက်တွေက တင်းတင်းကျပ်ကျပ် ကင်းလှည့် စောင့်ကြည့်နေတာကြောင့် လူမှောင်ခို လှေတွေဟာ အများအားဖြင့် အင်ဒိုနီးရှားဘက်ကိုပဲ လမ်းကြောင်းပြောင်းကြရတယ်လို့ ဆိုပါတယ်။
အာချေးရောက်ပြီးသား ရိုဟင်ဂျာတွေကို ခိုလှုံရာနေရာကနေ ကယ်ထုတ်ရာမှာ ပါဝင်ကူညီပေးတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ရှိတယ်လို့လည်း သူက ပြောပါတယ်။ "သူတို့ကို မြောက်ဆူမားတြားက Tanjung Balai ဒေသ ဒါမှမဟုတ် Dumai၊ Riau ဒေသဘက်တွေကနေ မလေးရှားနိုင်ငံဘက်ကို တယောက် အတွက် အင်ဒိုနီးရှားရူပီး ၅-၁၀ သန်း တောင်းပြီး ထပ် ခေါ်ပေးသွားတာလည်း ရှိတယ်။” လို့ Joko က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အဖွဲ့တွေက ဒီဒုက္ခသည်အရေး ဖြေရှင်းပေးဖို့ ညှိနှိုင်းနေချိန်မှာ အာချေးရဲတပ်ဖွဲ့က ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဆောင်ဖို့ကိုပဲ အဓိက အားစိုက်လုပ်နေတယ်လို့ဆိုပါတယ်။
Joko ရဲ့ ပြောကြားချက်အရ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူတွေ တိုးလာနေတာက စိုးရိမ်စရာ ဖြစ်လာပါတယ်။ “အထူးသဖြင့် အာချေးရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေကြား ပဋိပက္ခတွေမဖြစ်အောင် သောင်တင်နေတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားနိုင်ဖို့ကို အာရုံစိုက်နေပါတယ်။” လို့ သူက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်လောက်စပြီး အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်းက အခုဆိုရင် ၁,၅၄၃ ဦးရှိနေပြီး သူတို့ဟာ Pidie၊ Sabang နဲ့ Lhokseumawe ဒေသတွေမှာ ပျံ့နှံ့ရောက်ရှိနေပါတယ်။