ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါကြောင်း အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့ပေါင်းစုံပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးပြသနာဖြစ်အောင် လှု့ံ့ဆော်နေတာတွေကို အစိုးရအနေနဲ့ကြပ်မတ်ကာကွယ်တားဆီးပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှလက်ခံခဲ့ခြင်းမရှိပဲ လုံးဝဆန့်ကျင်ပါကြောင်းနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့ ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းကို အပြင်းအထန် ရှုတ်ချပါကြောင်း ရခိုင်မြောက်ပိုင်းက အကြမ်းဖက်မှုတွေနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့ ငါးခုပါဝင်တဲ့ သဘောထားကို စက်တင်ဘာလ ၉ရက်နေ့က ထုတ်ပြန်လိုက်တာပါ။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အစ္စလာမ်ဘာသာဝင်များအနေနဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
အခုလိုမြန်မာအစ္စလာမ်ဘာသာဝင်တွေဘက်က ရခိုင်အရေးသဘောထား ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ဗွီအိုအေမြန်မာပိုင်း ကိုအခုလိုပြောပါတယ်။
“ကျနော်တို့အဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့က အကြမ်းဖက်မှုကို ဘယ်တော့မှ လက်မခံခဲ့ဘူး။ အားလည်းမပေးဘူး ။ ဒါပေမယ့် အကြမ်းဖက်မှုကို ဆောင်ရွက်တဲ့အခါမှာ ကြားကအပြစ်မဲ့တဲ့လူတွေကို မှားပြီးဆောင်ရွက်မိမှာကိုလည်း စိုးရိမ်စိတ်ရှိပါတယ်။ နောက်တခုက ဒီအကြမ်းဖက်မှုကြောင့် အကျိုးရလဒ်က အဲဒီဒေသမှာရှိတဲ့ လူမျိုးဘာသာပေါင်းစုံ အိုးမဲ့အိမ်မဲ့ဖြစ်ကြတယ်၊ တချို့အသက်ဆုံးရှုံးကြတယ်၊ ဒီအတွက် ကျနေ်ာစိတ်မကောင်းဖြစ်တယ်။ ဒါ့အပြင်ကို ဒီဖြစ်ရပ်ကြောင့် အခြားဒေသတွေမှာပါ ပြန့်နှံ့သွားမှာကို ကျနော်တို့အနေနဲ့ ဟန့်တားကာကွယ်လိုတဲ့ စိတ်စေတနာနဲ့ ကျနော်တို့ ဒီကြေညာချက်ထုတ်တာပါပဲ။”
မြန်မာနိုင်ငံတွင်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်ဘက်က သတင်းထုတ်ပြန်သတိပေးထားတဲ့အပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ ဒီလိုအခြေအနေမှာ လူမျိုးရေး၊ ဘာသာရေး ပြသနာဖြစ်အောင် အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာတွေကနေ လှုံ့ဆော်ရေးသားနေတာတွေကိုလည်း အစိုးရအနေနဲ့ ကြပ်မတ် ကာကွယ်တားဆီးပေးဖို့ ဦးဝဏ္ဏရွှေက တိုက်တွန်းထားပါတယ်။
“အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ၂၀၁၂ ကတည်းက ဒီလိုပဲ ကောလဟာလ အမှန်တဝက်၊ အမှားတဝက် သတင်းလုပ်ကြံဒီလိုဟာမျိုးက အများအားဖြင့် အများပြည်သူကို အထိတ်တလန့်ဖြစ်စေတာဖြစ်ပါတယ်။ အများပြည်သူ အထိတ်တလန့်ဖြစ်ပြီးတော့ ဒီမလိုလား အပ်တဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်မလာအောင်တားဆီးပေးဖို့က ဒါအစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အစိုးရက ဒီသတင်းတွေနဲ့ ပတ်သက်လို့ မှန်ကန်မှုမရှိကြောင်း မြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးဖို့လိုပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဘာသာတခုနဲ့ တခုကြားမှာ နားလည်မှု ပျက်ပြားစေမယ့်အရေးအသား အဟောအပြော အပြုအမူဆောင်ရွက်တာတွေကို အစိုးရအနေနဲ့ အထူးဆောင်ရွက်တားဆီးပေးဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘာသာတခုနဲ့ တခုကြားမှာ နားလည်မှုလွဲအောင်ဆောင်ရွက်နေတဲ့ အင်အားစုတွေလည်း ကျနော်တို့ တွေ့မြင်နေရတာဖြစ်ပါတယ်။ ဒါတွေက တိုင်းပြည်မတည်မငြိမ်ဖြစ်မှုကိုပဲ ဦးတည်သွားမှာဖြစ်ပါတယ်။ နောက်တခုက လူတယောက် (သို့မဟုတ်) လူတစု ဥပဒေနဲ့ ဆန့်ကျင်ဆောင်ရွက်ရင် အဲဒီ ပုဂ္ဂိုလ် အဲဒီလူစု ဥပဒေနဲ့ ဆန့်ကျင်တယ်လို့ပဲ ယူဆဖို့ ၊ အဲဒီလူမျိုး အဲဒီဘာသာ က ဥပဒေကျူးလွန်တာမဟုတ်ဘူးဆိုတာကို သိရှိစေလိုတာဖြစ်ပါတယ်။”
ဘာသာတခုနဲ့တခုအကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာဖို့ လှုံ့ဆော်မှု ၊ လုပ်ကြံသတင်းဖြန့်ချီမှုတွေမှာ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့လည်း ဖြန့်ဝေတာ၊ စိတ်လက်မာန်ပါတုန့်ပြန်တာမပြုလုပ်ကြဖို့နဲ့ တကယ်လို့ မိမိပတ်ဝန်းကျင်မှာ အဖျက်အမှောင့်လုပ်ရပ်တွေ မသင်္ကာရာဖွယ်ရာ တွေ့ရှိရင်လည်း နီးစပ်ရာ တာဝန်ရှိသူကို ချက်ခြင်းအချိန်မီအကြောင်းကြားဖို့ကိုလည်း အစ္စလာမ်ဘာသာဝင်တွေကို ဦးဝဏ္ဏရွှေက ပန်ကြားထားပါတယ်။
“ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံလိုတဲ့အချက်ကတော့ ကမ္ဘာ့ဘာသာအသီးသီးက မွန်မြတ်ပါတယ်။ ဒါကြောင့်လည်း သက်ဝင်ယုံကြည်သူ ဘာသာဝင်များက နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်နေကြတာဖြစ်ပါတယ်။ဘာသာတခုနဲ့ တခုအကြောင်းကို သေသေချာချာ ဂဃနဏ မလေ့လာပဲနဲ့ ကိုယ့်အမြင်ရှု့ထောင့်နဲ့ ရမ်းပြီးဝေဖန်တာမျိုး အဲဒီကနေတဆင့်ပြီးတော စွပ်စွဲပုတ်ခတ်တာတွေဟာ ဒီ စွပ်စွဲပုတ်ခတ်တဲ့သူအတွက်လည်း အကျိုးမရှိသလို ဒီအမုန်းစကားကို ကြားရတဲ့သူတွေအတွက်လည်း အကျိုးမဲ့စေတာဖြစ်ပါတယ်။ ဒါကို ကျနော်တို့အားလုံး ထိန်းသိမ်းဆင်ခြင်ဖို့ လိုအပ်ပါတယ်။”
ဒါ့အပြင် အကြမ်းဖက်နှိမ်နှင်းမှုတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးနိုင်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ တသားတည်းဖြစ်ကြောင်းကိုလည်း သဘောထား ထုတ်ပြန်ကြေညာထားတာပါ။
ဒီသဘောထားထုတ်ပြန်ချက်ထဲမှာ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို)၊ မြန်မာမွတ်စလင်လူငယ်များ ဘာသာရေးအဖွဲ့ ဌာနချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်စတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ပြီး သဘောထားထုတ်ပြန်ထားကြတာဖြစ်ပါတယ်။