၂၀၁၀ထဲမှာ ထူးထူးခြားခြားပဲ Rare Earth Elements ဒါမှမဟုတ် Rare Earth Minerals လို့ခေါ်တဲ့ ရှားပါးတွင်းထွက် သတ္တုတွေကို လူတွေ စိတ်ဝင်တစားဖြစ်လာခဲ့ကြပါတယ်။ ဒါကလည်း ဒီတွင်းထွက်တွေကို အဓိကထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှု အားလုံးရဲ့ ၉၇%လောက်ကို နေရာယူထားတဲ့ တရုတ်နိုင်ငံက မကြာခင်နှစ်တွေ အတွင်းမှာ သူ့ရဲ့ တင်ပို့မှုကို လျှော့ချတာ တွေနဲ့ အတူ နိုင်ငံရေး ကစားတာတွေပါလုပ်လာခဲ့တာမို့ ဂျပန်နိုင်ငံလို REE ၆၀%လောက်ကို တရုတ်ဆီက ပုံမှန်ရယူ သုံးစွဲနေရသူတွေအဖို့ အခက်တွေ့ လာကြပါတယ်။
နောက်ဆုံးပေါ် smart phone ကအစ hybrid ကားကနေ ဒုံးပျံအထိ ကနေ့ခေတ်ရဲ့ လူနေမှုဘဝအတွက် အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေမှန်သမျှ ဟာ ဒီREE တွေကိုမှီခိုနေရပါတယ်။ ဒါ့ကြောင့် စက်မှုဖွံ့ ဖြိုးတဲ့ ဂျပန်တို့ တောင်ကိုရီးယားတို့ဟာ ကမ္ဘာတလွှား REE ရှာပုံတော်ဖွင့်လာကြပြီး မြန်မာနိုင်ငံမှာတော့ တောင်ကိုရီးယားက ဒီဇင်ဘာလမှာပဲ ရှားပါးသတ္တုရှာဖွေဖို့ လုပ်လာခဲ့ပါတယ်။
အမေရိကန်ဘူမိဗေဒ လေ့လာစူးစမ်းရေး USGS အဖွဲ့ရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီရှားပါးသတ္တု REEတွေဟာ Lanthanide လို့ခေါ်တဲ့ အုပ်စုထဲမှာရှိပြီး Periodic Table လို့ခေါ်တဲ့ ဒြပ်တွေကို သူတို့ အက်တမ်အလေးဆ အတိုင်းစီထားတဲ့ ဇယားထဲက နံပါတ် ၅၇ ကနေ ၇၁ အတွင်းမှာရှိ နေပါတယ်။ ဒါ့အပြင် တူညီတဲ့ ဂုဏ်သတ္တိတွေရှိတဲ့ နံပါတ် ၂၁ဖြစ်တဲ့ Scandium နဲ့ နံပါတ် ၃၉ ဖြစ်တဲ့ Yittrium တို့ကိုလည်း Lanthanide အုပ်စုထဲမှာ ထည့်သွင်းထားပါတယ်။
ဒီရှားပါး REE သတ္တုတွေကို ပေါ့တဲ့ အုပ်စုနဲ့ လေးတဲ့အုပ်စုအဖြစ် ခွဲခြားနိုင်ပြီး အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ သုံးစွဲလေ့ရှိတဲ့ နံပါတ် ၃၉ Yittrium နဲ့ နံပါတ် ၆၄ ကနေ ၇၁ အတွင်းမှာရှိတဲ့ လေးတဲ့ ရှားပါးဒြပ်စင်တွေဟာ ပေါ့တဲ့ ဒြပ်စင်တွေလောက် များများစားစား တွေ့ရလေ့ မရှိပါဘူး။
ရှားပါးသတ္တုလို့ နံမယ်ပေးထားပေမယ့် တကယ်ဆိုရင်သူတို့ကို ကမ္ဘာမြေပေါ်မှာ နေရာအနှံ့ တွေ့ရတတ် ပါတယ်။ ဒါပေမယ့် တသန်းပုံပုံရင် ဆယ်ဂဏန်း ကနေ ရာဂဏန်းလောက်ပဲ အများဆုံးပါဝင်တတ်တာမို့ သူတို့ကို ထုတ်လုပ်ဖို့ ကိစ္စဟာ စီးပွါးရေးအရ တွက်ခြေသိပ်ကိုက်လေ့ မရှိပါဘူး။
ရှားပါးသတ္တုတွေ အတော်များများမှာ Yitrium ပါဝင်လေ့ရှိပြီး သူတို့ကို အယ်ကာလီကြွယ် တိုးဝင်မီးသင့်ကျောက်တွေ၊ ကာဗွန်နိတ်တွင်းထွက် ၅၀%ကျော် ပါဝင်လေ့ရှိတဲ့ ကာဗွန်နတိုက် တိုးဝင်မီးသင့်ကျောက်တွေနဲ့ အများဆုံးတွဲတွေ့ရလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုးကုတ်ပတ်ဝန်းကျင် ဒေသ မိုးမိတ်ပတ်ဝန်းကျင်ဒေသတွေမှာ တွေ့နိုင် မယ့်အလားအလာရှိတယ်လို့ ဘူမိဗေဒပညာရှင် တွေကပြောပါတယ်။
ရှားပါးသတ္တုတွေက လူတွေကို တိုက်ရိုက် အန္တရာယ်ပေးတာမျိုး သိပ်မရှိပေမယ့် သူတို့ကိုထုတ်လုပ်ရာမှာ ရလာတဲ့ စွန့်ပစ်ပစ္စည်းတွေမှာ အန္တရာယ်ရှိတဲ့ ရေဒီယိုသတ္တိကြွ ဓါတ်တွေ ပါဝင်နေတတ်တာမို့ ပတ်ဝန်းကျင် လေထု ရေထုထဲရောက်မသွားစေဖို့ သိပ်ကို သတိထားဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် သတ္တုတူးဖေါ်မယ့် ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ဘယ်အတိုင်းအတာထိ ထိခိုက်နိုင်မယ်ဆိုတာကို တွက်ချက်တဲ့ Environmental Impact Accessment ကို နိုင်ငံတကာ စံနှုံးတွေအတို်င်းလုပ်ဆောင်စေဖို့ နိုင်ငံတော်အစိုးရက တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန် သတ်မှတ်ပေးသင့် ပါတယ်။