ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်စစ်ဆေးရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာဟာ အင်အားနည်းတဲ့ နိုင်ငံတခုအပေါ် ဝိုင်းပြီး ဖိအားပေးတဲ့ လုပ်ရပ်ဖြစ်ပြီး၊ လက်မခံတဲ့အကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။
လူအခွင့်အရေးလှုပ်ရှားသူတဦးကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်ဆိုပြီး အကြံပြုပြောဆိုပါတယ်။ ဒီနေ့ လူ့အခွင့်အရေး ကောင်စီညီလာခံကို တင်သွင်းတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ အပေါ် တုံ့ပြန်ချက်တွကို VOA သတင်းထောက် ကိုမိုးဇော်က တင်ပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်၊ တာဝန်ရှိသူတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးICCက အရေးယူနိုင်အောင် လုံခြုံရေးကောင်စီက လွှဲအပ်ပေးဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ အပြီးသတ် အစီရင်ခံစာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီနေ့ အဂါၤနေ့ တင်ပြလိုက်တာဖြစ်ပါတယ်။
စာမျက်နှာ ၄၄၀ ပါတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာမှာ မြန်မာတပ်မတော်အကြီးအကဲနဲ့ ထိပ်တန်းစစ်အရာရှိတွေအနေနဲ့ လူမျိုးစုတစုကို ရှင်းလင်းဖယ်ရှားမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်တယ်ဆိုပြီး ဒီလို စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
တပ်မတော်ဟာ ဥပဒေအထက်မှာ ရှိနေသ၍ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရနိုင်ဆိုပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ Marzuki Darusman က ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်ကတော့ ဒီ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ သူ့သဘောထားကို အခုလို ပြောဆိုပါတယ်။
“ အစိုးရက အဲဒီအစီရင်ခံစာကို လက်မခံဘူးဆိုတာကိုပဲ ကျနော်တို့က ထောက်ခံပါတယ်။ ကျနော်တို့လည်း ဒါကိုတော့ သဘောမတူဘူးပေါ့လေ။ ကျနော်တို့ ICC ဝင်ထားတာမဟုတ်ဘူး။ Fact Finding Mission ကလည်း ကျနော်တို့ သဘောတူညီချက်နဲ့ ဖွဲ့တာမဟုတ်ဘူး။ သူတို့ရဲ့ တင်ပြချက်တွေကို ကျနော်တို့က လက်မခံဘူး။ နောက်တခုက ကျနော်တို့ နိုင်ငံရဲ့ အကြီးအကဲတစ်ယောက်ကို ICC တင်တာလည်း လက်မခံပါဘူး။ အဲတော့ သူတို့ဘက်က ဘယ်လိုပဲ လုပ်လုပ်ပေါ့။ ကျနော်တို့က National Interest ပေါ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ကျနော်တို့က ဦးတည်ရမှာကိုး။ အမေရိကန်လည်း သူ့နိုင်ငံအကျိုးစီးပွားအတွက် လက်မှ မခံဘဲ ICC ကို။ ကျနော်တု့ိကလည်း ဒီလို လုပ်တဲ့ဟာကျတော့ အင်အား နည်းတဲ့နိုင်ငံကို အင်အားကြီးတဲ့သူတွေက စုပြီးတော့ ဝိုင်းလုပ်ကြတယ်လို့ အဲလိုယူဆတာပေါ့ဗျာ။”
Equality Myanmar လူ့အခွင့်အရေးအဖွဲ့ ဒါရိက်တာ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုပြီး အခုလိုသုံးသပ်ပါတယ်။
“ နိုင်ငံတကာဖိအားက အရင်တုန်းကထက် ပိုပြီးများလာပြီ။ အရင်တုန်းက နိုင်ငံတကာနဲ့ပူးပေါင်း ဆောင်ရွက်ပါဆိုပြီးတော့ ပြောဆိုတဲ့အချိန်မှာ လိုက်လျောမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အတွက် နောက်ထပ် အရှိန်မြင့်သွားတဲ့ သဘောမျိုးရှိပါတယ်။ အဲတော့ ဒီအချိန်မှာတော့ ကျနော်တို့က လက်ခံမှုမရှိဘူးလို့ ငြင်းဆိုမှုနဲ့တော့ ဘယ်လိုမှ မလုံလောက်ပါဘူး။ ငြင်းဆိုမယ်ဆိုရင်တောင်မှ ခိုင်ခိုင်မာမာ သက်သေထောက်ပြဖို့ ကျနော်တို့ လိုအပ်နေတယ်။ ငြင်းဆန်မှုတွေက မတကယ်မရှိပါဘူးဆိုတာ သက်သေပြချင်ရင် လွတ်လပ်ပြီးတော့ စုံစမ်းစစ်ဆေးနိုင်တဲ့ အရာတွေကို ကျနော်တို့ ပူးပေါင်းလုပ်ဆောင်ပေးဖို့ ဒါတွေကို ခွင့်ပြုဖို့ အဲဒါမျိုးအချက်နဲ့သာ ပြန်ပြီးတော့ စိစစ်ရမယ်လို့ ထင်ပါတယ်။”
မြန်မာအစိုးရကလည်း နိုင်ငံတကာက သံတမန်ဟောင်းတွေ ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ကိုင်နေပါတယ်။ ဦးအောင်မျိုးမင်းကတော့ ဒီကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာက လက်ခံနိုင်ဖွယ် မရှိဘူးဆိုပြီး အခုလို ထောက်ပြထားပါတယ်။
“ နိုင်ငံတကာက တောင်းဆိုနေတာက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ အခုလိုမျိုး အစိုးရကနေ နိုင်ငံခြားသားတွေ ပါဝင်တယ်ဆိုတဲ့ဟာမျိုး တခုနဲ့တော့ မလုံလောက်တော့ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်မယ်ဆိုရင် နိုင်ငံတကာရဲ့ လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေက ရှိပါတယ်။ အဲတော့ ခုနတုံးက ကျနော်တို့ ဖွဲ့ထားတဲ့အဖွဲ့ဆိုရင် ဘယ်သူမှ လက်ညိုှး ထိုးဖို့ မဟုတ်ဘူးဆိုတဲ့ ပြောကြားချက်ကလည်း ကျနော်တို့အပေါ်မှာ နည်းနည်းလေး စိုးရိမ်စရာပါ။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်ရင် ကျူးလွန်တဲ့သူကို ကျနော်တို့ ပြောရမှာပဲ။ ဖော်ထုတ်ရမှာပဲ။ ဒါပေမဲ့ ဘယ်သူ့မှ လက်ညှိုး မထိုးဘူး စုံစမ်းစစ်ဆေးမယ်ဆိုတာမျိုးကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း သံသယဖြစ်စရာ၊ စိုးရိမ်စရာတွေ ဖြစ်နေတာ တကယ့် နိုင်ငံတကာရဲ့ ထောက်ပြချက်တွေကလည်း ဒီအချက်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ”
နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ရိုဟင်ဂျာလို့ သုံးနှုန်းပြီး ထောင်သောင်းချီတဲ့ မူဆလင်ဒုက္ခသည်တွေအပေါ် ဆိုးဝါးရက်စက်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုပြီး အစီရင်ခံစာက ဖေါ်ပြပါတယ်။မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးမရှိတဲ့အကြောင်း အမြဲတစေ ငြင်းဆိုထားပါတယ်။
ပြည်တွင်းမှာ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘက်မလိုက်တဲ့ မျှတတဲ့ စုံစမ်းမှုတွေ စတင်လုပ်ဆောင်နေတဲ့အကြောင်း တုံ့ပြန်ပြောဆိုထား ပါတယ်။ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကို အသိအမှတ်မပြုဘူးလို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။