သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ် ဖွဲ့စည်းရေး အပေါ် တိုင်းရင်းသားများ အမြင်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီ ဖိတ်ခေါ်မှုအပေါ် ညီလာခံ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က
အပြုသဘောဆောင်တဲ့ ဖိတ်ခေါ်မှုအဖြစ်ရှုမြင်ပြီး ပြည်ထောင်စုတပ်မတော်ကို တိုင်းပြည်၊ နိုင်ငံရေးစနစ်နဲ့ အညီဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။
ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ DDR,
SSR (ခေါ်) စစ်လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းဖို့အရေးကို အချိန်ကာလ သတ်မှတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံအသီးသီးမှာ ကာကွယ်ရေးအတွက် တပ်မတော် တရပ်သာရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တာဝန်ထမ်းဆောင်နိုင်ဖို့ တပ်မတော်က ဖိတ်ခေါ်ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PNLO ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက SSR , DDR လုပ်ငန်းတွေ ဖော်ဆောင်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ထည့်သွင်းထားကြောင်း နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်အပေါ်မှာတော့ အပြုသဘောဆောင်တဲ့ ဖိတ်ခေါ်ချက်အဖြစ် သုံးသပ်ပါတယ်။

“ဒီကနေ့မှာတော့ NCA ကိုလက်မှတ်ရေးထိုးပြီးတော့မှ အခုလိုပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဒီလို အတူတကွ ကျင်းပတာကတော့ ကျနော်တို့အမြင်မှာ ဖက်ဒရယ်မှုကို အားလုံးကလည်း ဒါ လက်ခံကြပြီ။ အစိုးရအပါအဝင်၊ တပ်မတော်အပါအဝင် အားလုံးကလည်း လက်ခံကြပြီဖြစ်ပါတယ်။ ထိုနည်းတူပဲ ကျနော်တို့အချင်းချင်းကြားမှာ တဦးနဲ့ တဦး သောင်းကျန်းသူလို့ ဒီလို မမြင်ကြတော့ပဲနဲ့ ကျနော်တို့က ပြည်ထောင်စုကို ပြန်လည် ထူထောင်ကြမယ့် ပြည်ထောင်ဖက်တွေအနေနဲ့ ဒီလိုသက်မှတ်လိုက်တာ လို့ပဲမြင်ပါတယ်။ ဒါကြောင့်မို့လို ကာကွယ်ရေး ဦးစီးချုပ်ပြောသွားတဲ့ဟာက အရင်တုန်းကလို ကျနော်တို့ကို သောင်းကျန်းသူလို့ သဘောထားတာမျိုး နှိမ့်ဆက်ဆံတာမျိုးမဟုတ်ပဲနဲ့ ဒီတိုင်းပြည်ရဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဒါအတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ရင် ပြည်ထောင်ဖက်များ အနေနဲ့ ပြည်ထောင်စုကို ပြန်လည်ထူထောင်ရေးအခြေခံပါ ပြောသွားတယ်လို့ပဲ ကျနော်ကတော့ မှတ်ယူပါတယ်။”

အရင်ကတော့ ဖက်ဒရယ်စနစ်ကို ခွဲထွက်မှုအနေနဲ့ လက်မခံသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း သောင်းကျန်းသူအဖြစ် ရှုမြင်ခဲ့ကြကြောင်းလည်း ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကတော့ တပ်မတော်ဖွဲ့စည်းရေးဟာ နိုင်ငံရေးစနစ်ကို အခြေခံဖို့ လိုအပ်ပြီး ကျင့်သုံးမယ့် နိုင်ငံရေးစနစ်ကိုဆွေးနွေးပြီးမှသာ ကာကွယ်ရေးစနစ်ကို ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

“နိုင်ငံတော် တခုမှာတော့ တပ်မတော် ၁ ခုပဲ ရှိရမယ်ဆိုတာ ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ဒီ တပ်ကို ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကတော့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်တယ်။ နိုင်ငံတော် ဖွဲ့စည်းပုံစနစ်နဲ့ ပတ်သက်တယ်။ ဒီတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှုမှာ ကျနော်တို့ တည်ဆောက်မယ့်နိုင်ငံ ဖက်ဒရယ် နိုင်ငံတော်ဆိုလို့ရှိရင်လည်း ဒီတပ်က နိုင်ငံရေးစနစ်နဲ့ ကိုက်ညီတဲ့တပ်ပဲ ဖွဲ့စည်းရမှာပေါ့။ ဒီကိစ္စက ကျနော်တို့ နိုင်ငံရေးစနစ်အရ ဒါဆွေးနွေးအဖြေရှာပြီးမှသာ ဒီနိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော် ဘယ်လိုဖွဲ့စည်းမလဲဆိုတာ ရှိတာပေါ့။ ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ တပ်မတော်ဖွဲ့စည်းပုံပဲ ရှိရမှာပေါ့။”

လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လုံခြုံရေး ဆိုင်ရာကိစ္စအပါအဝင် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်ကြောင်း ဆက်ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်။ ဒီတော့ ငြိမ်းချမ်းရေးပြဿနာက ခုန ကျနော်ပြောတဲ့ အခြေခံ နိုင်ငံရေး ပြဿနာကြောင့်ဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပြဿနာ၊ ဒီမိုကရေစီ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ တိုင်းပြည် ညီလာခံလို့လည်း ပြောလို့ရပါတယ်။ ဒီတိုင်းပြည်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတို့ ၊ တိုင်းပြည်နဲ့ ကိုက်ညီတဲ့ ဥပဒေတို့က တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေ အတွက်အကျိုးရှိတဲ့ တိုင်းပြည်ကို ပြန်လည် ပြုပြင်ပေးတဲ့ ဆွေးနွေးမှု ဖြစ်တဲ့ အတွက်ကြောင့် ဒီဆွေးနွေးမှုက ရလဒ်တွေ ရလာရင် တိုင်းပြည်အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်၊ ရန်လိုမှုလည်း မရှိမယ့်အတွက်ကြောင့် ဒီညီလာခံကနေပြီးတော့ အဲဒီလိုမျိုးရလဒ်တွေ ထွက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီကနေ့ ဒုတိယနေ့အဖြစ်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ က မိမိတို့အစုအဖွဲ့ အတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို သီးခြားစီ ဆွေးနွေးနေပါတယ်။

ဒီလိုဆွေးနွေးပြီးတဲ့နောက် ခေါင်းစဉ်အလိုက် အလွှာအသီးသီးပါဝင်တဲ့အဖွဲ့ခွဲတွေက ထပ်မံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လက်ရှိကျင်းပတဲ့ ညီလာခံမှာတော့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အခြေခံမူ အဖြစ် ချမှတ်မှာဖြစ်ပြီး ဆုံးဖြတ်ချက် ချတာမျိုးတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

XS
SM
MD
LG