(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာပဲ တပ်မတော်က ဒီလကုန်အထိ အပစ်ရပ် နောက်ထပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို နှောင့်ယှက်ထိပါးလာတာမျိုးကိုတော့ ခြွင်းချက်အဖြစ် တုံ့ပြန်ဖို့လည်း တပ်မတော်က ပြောဆိုထားတာပါ။ တပ်မတော်ရဲ့ တဖက်သတ် အပစ်ရပ် ကြေညာချက်က လက်တွေ့ တိုက်ပွဲတွေ လျှော့ချနိုင်မယ့် အလားအလာအပေါ် အမြင်တွေကိုတော့ ကိုဝင်းမင်းက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ထိုးထားတဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PPLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီ အပစ်ရပ်ရေး ထုတ်ပြန်မှုက လကုန်တိုင်း ပုံမှန် မူအရ တိုးလာတာ ဖြစ်ပေမယ့် ဒီတခေါက် ထူးခြားမှုကို အခုလိုပြောပါတယ်။
“ရပ်တယ်လို့ပြောပြီးတော့ ကေအန်ယူမှာ တပ်မဟာ ၅ က NCA မလိုက်နာလို့၊ နောက်ပြီးတော့ အရှက်ခွဲတယ်ပေါ့ဗျာ သူတို့ကို၊ အဲဒါကြောင့် ဆုံးမရမယ်ဆိုတဲ့ သဘောမျိုးနဲ့ စစ်ဆင်ရေးလုပ် ချေမှုန်းမယ်ဆိုပြီးတော့ ကြေညာချက် တဖက်က ထုတ်တာကိုးဗျ။ အဲဒီနှစ်ခုက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက်ထဲမှာ ခြွင်းချက်ထုတ်လိုက်တဲ့ သဘောမျိုး ဖြစ်တာပေါ့။ ဆိုလိုတာက စစ်မျက်နှာ များများမဖွင့်ချင်တဲ့ သဘောမျိုး။ နောက် Selected Target နဲ့ ပစ်မှတ်တခုခုကိုပဲ အဓိကထားပြီး တိုက်ချင်တဲ့သဘောမျိုး ဖြစ်မယ်လို့ထင်တယ်။ အားလုံး ကျန်တဲ့လူတွေ အရင် ငြိမ်သွားအောင်ပေါ့ဗျာ။”
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တောက်လျှောက် အနီးကပ် ပါဝင်လေ့လာနေတဲ့ MIPS ခေါ် မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကလည်း ဒီတခေါက် သက်တမ်းတိုးမှု အရေးပါတာကို အခုလို ရှင်းပြပါတယ်။
“အရင်ကကြေညာတဲ့ ပုံစံပါပဲ။ သဘောကတော့ သူတို့ကစပြီး တိုက်စစ်မဆင်ဘူး။ အခုအချိန်ထိလည်း သူတို့စခန်း လာတိုက်လို့ရှိရင် ဒီအပေါ်မှာ တုံ့ပြန်ပြီး ဗုံးကြဲတဲ့ဟာတွေ တွေ့ရတယ်။ ဒါပေမယ့် ဌာနချုပ်တွေကိုတော့ အခုချိန်ထိ လက်ရှိ ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်နေတဲ့ ကေအန်ယူနဲ့ရော၊ ကေအိုင်အေ လိုင်ဇာရော၊ နောက်တခု ကေအန်ယူ ဌာနချုပ်ကိုရော သူတို့ မလုပ်တာ တွေ့ရတယ်။”
အဲဒီတော့ ဘာကြောင့် မြန်မာတပ်ဘက်က အခုလို ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ နယ်မြေကို ထိုးစစ်ဆင်လာရပုံကို ထိပ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုပြောပါတယ်။
“သူတို့စွပ်စွဲတာကတော့ တပ်မတော်နေ့ ၂၇ ရက်နေ့ ကျင်းပတုန်းမှာ အရေးကြီးတဲ့ စခန်းနှစ်ခုကို တပ်မဟာ ၅ က သိမ်းလိုက်တယ်။ သိမ်းလိုက်တော့ ဖမ်းမိတဲ့လူတွေကို ၄ နာရီအတွင်း ပြန်လွှတ်ပေးဖို့ တောင်းတယ် သူတို့က။ သူတို့က အဲဒါကိုလည်း မလိုက်နာဘူး။ နောက်တခါ သိမ်းတဲ့စခန်းကို ပြန်သွားဖို့ ရိက္ခာလမ်းကြောင်းတွေ၊ ခရီးသွားလမ်းကြောင်းတွေ ဖွင့်ပေးဖို့ အဲဒါလည်း ဟိုဘက်က မလုပ်ဘူးပေါ့ဗျာ။ အဲဒီလို ဆက်တိုက်တွေ ဖြစ်လာတော့ နိုင်ရာကိုင်တဲ့ သဘောမျိုးပေါ့။ သိက္ခာဆယ်ရမယ်၊ ညှိလို့လည်းမရ၊ ဒါကြောင့် ဗုံးကြဲတဲ့အဆင့်တွေ ရောက်လာတယ်လို့ ပြောတာပဲ။ ဒါ ကျနော် တဖက်က ပြန်ကြားတာပေါ့။”
ဒီနေရာမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးမှ အခုလို ပြောင်းလဲလာခြင်းကြောင့် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ စုဖွဲ့ထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အတွင်း ရိုက်ခတ်လာပုံကိုလည်း ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုပြောပါတယ်။
“PPST ကတော့ Very Loose Alliance ကိုး။ နောက် NCA လက်မှတ်ထိုးပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ခန့်ထားတဲ့အခါကျတော့ အခု NCA အလုပ်မဖြစ်တော့ဘူး၊ ဒါပေမယ့် ပျက်တော့ မပျက်သေးဘူးပေါ့။ NCA အကောင်အထည်ဖော်မှုတွေ ရပ်ဆိုင်းနေတဲ့အချိန်မှာ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေလည်း မရှိတော့တဲ့အချိန်မှာ နည်းနည်းတော့ တခြား PPST ဘောင်ကို ကျော်ပြီးတော့၊ NCA ဘောင်ကို ကျော်ပြီးတော့ လုပ်ရမယ့် အလုပ်တွေကို ဦးတည်လာတဲ့သဘော ရှိတာပေါ့ PPST ဘက်က။ အဲဒီမှာလည်း တညီတညွတ်တည်းတော့ မဟုတ်ဘူးဗျ။ PPST အဖွဲ့ဝင်တချို့က မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တရားအရ သွားကြ လာကြ လုပ်ကြတာ ရှိတယ်။ ကေအန်ယူ တဖွဲ့တည်းမှာကိုပဲ မတူကွဲပြားတာတွေ ရှိနေတော့ စိုးရိမ်နေရတာပေါ့ဗျာ။”
အခုလို PPST အတွင်း ကွဲပြားမှုတွေ ရှိလာရတဲ့ အခြေအနေကိုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက…
“CRPH နဲ့ NUG ရဲ့ အလားအလာနဲ့ အဲဒီမှာ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တွေ ရှိသလို စစ်ကောင်စီနဲ့လည်း ဆက်ဆံရေး မပျက်စေချင်တဲ့ အဖွဲ့တွေကလည်း ရှိတာကိုး။ ပါးပါးနပ်နပ်နဲ့ လုပ်နေရတဲ့ အဖွဲ့တွေလည်း ရှိတာပေါ့ဗျာ။ နောက် လက်ရှိ NCA အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ထိန်းသိမ်းပြီးတော့ နယ်မြေဖွံ့ဖြိုးရေးတို့ အဖွဲ့အစည်း လုံခြုံရေးတို့ ဦးစားပေးရမယ့် အဆင့်လည်း ရှိတာကိုး။” လို့ ပြောပါတယ်။
အဲဒီတော့ အာဏာသိမ်းပြီး အဓိက ပြောင်းလာတာနဲ့ ရှေ့မှာ ဆက်ဖြစ်လာနိုင်တာတွေကိုလည်း ဒေါက်တာမင်းဇော်ဦးက အခုလိုပြောပါတယ်။
“တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ အာဏာသိမ်းလိုက်တဲ့ ကိစ္စက တပ်မတော်က ဒီမိုကရေစီ ဖက်ဒရယ်ကို သွားဖို့အတွက် ဆန္ဒရှိရဲ့လားဆိုတာ သံသယ အကြီးအကျယ် ဖြစ်သွားတယ်။ နောက်တခုကလည်း ဆန္ဒပြပွဲတွေ ပစ်ခတ်တဲ့အပေါ်မှာရောပေါ့။ ဒါ စစ်ရေးအရ တုံ့ပြန်မှုတွေကို အတိုင်းအတာတခုနဲ့ အကန့်အသတ်နဲ့ လုပ်ကြတယ်။ နောက် ပြည်တွင်းက ဆန္ဒပြတဲ့လူငယ်တွေ နယ်စပ်ရောက်သွားတယ်။ အဲဒီမှာ စစ်သင်တန်းတွေ ဘာတွေ တက်တယ်။ အထဲမှာ ဖောက်ခွဲရေး လုပ်တယ်ဆိုတဲ့ဟာတွေလည်း ကျနော်တို့ ကြားရတာ ရှိပါတယ်။ အဲဒီမှာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း အလုံးအရင်းနဲ့ ပံ့ပိုးနိုင်ဖို့ကတော့ အခက်အခဲရှိတယ်။ တဖက်ကလည်း လက်ရှိ ရှိနေပြီးသား အပစ်အခတ် ရပ်စဲရေးတွေ ပျက်သွားပြီးတော့ တိုက်ပွဲကြီးတွေ ဖြစ်လာဖို့ဆိုတဲ့ ကိစ္စမျိုးတော့လည်း နှစ်ဖက်လုံးက ရှောင်နိုင်အောင် ကြိုးစားတယ်ဆိုတဲ့ အနေအထားတွေလည်း တွေ့ရပါတယ်။ အဲတော့ NCA ကို ထိန်းသိမ်းနိုင်ဖို့ဆိုရင်တော့ ဒီမိုကရေစီလမ်းကြောင်း၊ ဖက်ဒရယ်လမ်းကြောင်းကို ထင်ထင်ရှားရှား မြင်သာအောင် ပြန်ဖွင့်နိုင်မှပဲ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။”
တကယ်တော့ အခု စစ်အာဏာသိမ်းပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာမှာ စိုးရိမ်ရချိန်မှာ အခုလို တိုင်းရင်းသားတွေကြား အကွဲအပြားတွေ ရှိနေတဲ့ကြားက အခြေအနေတွေ ပြန်ကောင်းလာဖို့ကိုလည်း ဘက်အားလုံးနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောနေကြပါတယ်။
----------------------------
(Unicode)