သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမောက်မှာ တိုက်ပွဲပြင်းထန်နေဆဲ


Myanmar Fading Hope
Myanmar Fading Hope

{{Zawgyi/Unicode}}

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ၇ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ နွမ်းလန်းကျေးရွာအတွင်းကို လက်နက်ကြီး ကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလိုသေဆုံးခဲ့တာကြောင့် နောက်ထပ် ဒေသခံရွာသားတွေ မိုးမောက်မြို့ကို တိမ်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မိုးမောက်တိုက်ပွဲ နောက်ဆုံးအခြေအနေကိုတော့ ကိုရန်နိုင်က ပြောပြထားပါတယ်။

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ကျေးရွာအနီး ပြီးခဲ့တဲ့စနေနေ့က ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့ ၇ ရက်မြောက်နေ့အထိ အပြင်းအထန်ပွားနေတာပါ။

ဧပြီ ၂၉ ရက် ကြာသပတေးနေ့ကတော့ စီဟတ်ရွာ အထက်ဘက်က နွမ်းလန်းရွာမှာ တပ်မတော်နဲ့ KIA အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ရာမှာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

“မနေ့က ဒီ ၃နာရီခွဲမှာ ခလရ ၄၃၈ က ၆၀ မမ ရွာထဲပစ်ထည့်တာ။ မနေ့က အဖိုးကြီးတစ်ယောက်ရယ်၊ ပြီးရင် သူ့ ချွေးမရယ် နှစ်ယောက်ပေါ့။ အဖိုးကြီးက ဆုံးသွားပြီ။ သူ့ချွေးမက လက်နဲ့ ပေါင် ခြေထောက်နှစ်ဖက်ထိတယ်။ အခု မြစ်ကြီးနားဆေးရုံရောက်သွားပြီ။ အဲဒါက တောင်ပေါ်က KIA တွေလည်း သူတို့ တပ်ထဲကို အမြောက်တွေ ဘာတွေ ပစ်ထည့်တာပေါ့။ သူတို့လည်း ပစ်၊ ဟိုဘက်လည်း ပစ်တဲ့အခါကျတော့ သူတို့လည်း ရွာထဲကို ပစ်ထည့်တာလေ။”

ဒေသခံရွာသားတစ်ဦးက VOA ကို ပြောပြတာပါ။ ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ဟာ တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်ကြောင်း ရွာသားတွေက ပြောဆိုပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ KIA က ဗိုလ်မှုးကြီးနော်ဘူကတော့ KIA ဘက်က ပစ်ခတ်တာမဟုတ်ကြောင်း အခုလို ငြင်းဆိုပါတယ်။

“နွမ်းလန်းဘက်မှာကျတော့ လက်နက်ကြီးနဲ့ လှမ်းပစ်ကြတာ။ မနေ့ကလည်း အဲဒီ နွမ်းလန်းမှာ KIA ဘက်ကနဲ့ လက်နက်ကြီးနဲ့ လှမ်းပစ်ထည့်လိုက်တော့ သူတု့ိက လူထုရှိတဲ့ ရွာဘက်ကို လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့မှ ရွာသား ၂ ဦး တစ်ဦးကတော့ သေသွားပြီးမှ တစ်ဦးက အပြင်းအထန် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းရပါတယ်။ ရွာသားတွေ ပြောတာ။ သူတို့ မျက်မြင်ကိုယ်တွေ့တွေ ပြောတာတော့ တပ်ဖက်ကနဲ့ပစ်လာတဲ့ လက်နက်ကြီးဖြစ်တယ်လို့ ပြောကြတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ပစ်လာတာ။ KIA ဘက်ကတော့ ရွာဘက်ကို ပစ်စရာအကြောင်းလည်း မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ တပ်နဲ့ရွာက တော်တော်လေး ဝေးနေကြတယ်။ နည်းနည်း ကွာနေကြတယ်။”

မိုးမောက်မြို့နယ်အတွင်း ၇ ရက်ကြာ ပြင်းထန်နေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က နေ့စဉ် လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ညနေပိုင်းကတော့ ဘာမှ မကြားမိပါဘူး။ မနက်ပိုင်းကတော့ မြေပြင်က တက်လာတာတော့ မရှိပါဘူး။ ဒါပေမဲ့ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ လေကြောင်းနဲ့ ပစ်တာတွေတော့ ရှိပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာကတော့ တော်တော်လေး ဝိုင်းပြီးမှ ပြန်ပစ်တာပေါ့။ နဂိုပစ်တဲ့ မြို့သစ်၊ ကုန်းလောဘက်ကနေလည်း ပစ်တယ်။ မိုးမောက်ဘက်ကလည်းပဲ ပြန်ပစ်တာ။ လက်နက်ကြီးနဲ့ ပစ်တာကတော့ နည်းနည်းထူးတာကတော့ ဝိုင်းပစ်တာ ထူးတာကတော့ ရှိပါတယ်။ လေယာဉ်ပျံနဲ့လည်း ပစ်ကြတယ်။ ဒါပေမဲ့ မြေပြင်တက်တဲ့သတင်းကတော့ ညနေပိုင်းကတော့ မကြားမိပါဘူး။ မနက်ပိုင်းကတော့ မရှိဘူးခင်ဗျ။”

လက်နက်ကြီးကျည်တွေ ကျတာကြောင့် နွမ်းလန်းရွာသားတွေဟာ မိုးမောက်မြို့ကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မိုးမောက်မြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကတော့ စစ်ပြေးဒုက္ခသည်တွေ ထပ်တိုးလာနေကြောင်း အခုလို ပြောပါတယ်။

“ဒီနေ့ပဲ အယောက် ၅၀ လောက် တိုးပါတယ်ဗျ။ အခုပဲ နွမ်းလန်းကနေကြိုပြီး မိုးမောက် KBC ရုံးမှာ ပို့ထားခဲ့တယ်ဗျ။ စစ်ပွဲကတော့ ဖြစ်နေတုံးပါပဲ။ မြို့သစ်၊ ကုန်းလောရှေ့က တောင်ကြားမှာပဲ။ ဒီနေ့လည်း ကျနော်တို့ရှေ့မှာ လေယာဉ်တွေနဲ့ ပစ်ကြတာပေါ့။ ၁၂ နာရီဝန်းကျင်လောက်မှာပါပဲ။”

မိုးမောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းမှာ စစ်ပြေးဒုက္ခသည် ၇၀၀ ကျော်လောက်ရောက်ရှိနေသလို အခြား ဗုဒ္ဓဘာသာဝင် ရှမ်းစစ်ပြေးဒုက္ခသည် ၂,၀၀၀ ကျော်ကတော့ မန်နောင်ရွာနဲ့ ဗန်းမော်မြို့တွေကို အဓိက တိမ်းရှောင်နေပါတယ်။ ဒီလ ၁၁ ရက်နေ့ကတော့ စီဟတ်ရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့က မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲက အလော့ဘွမ်တပ်စခန်းကို KIA က သိမ်းပိုက်ပြီးနောက် ဧပြီလ ၁၁ ရက်မှာ တပ်မတော်က တန်ပြန်ထိုးစစ်ဆင်ခဲ့တာပါ။ ဧပြီလ ၁၈ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ငြိမ်နေခဲ့ပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ ၂၄ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲရှိပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကြေညာချက်မှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာရေး ဆွေးနွေးဖို့နဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို နှောက်ယှက်ထိပါးတာတွေကို တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မေလ ၁ ရက်နေ့ကနေ ၃၁ ရက်ထိ ထပ်မံရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးရစေဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်းလည်း တိုက်တွန်းထားပါတယ်။

......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}















XS
SM
MD
LG