သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ်ပေါ်  လက်နက်ကြီးကျလို့ ဒေသခံ ၄ဦး သေဆုံး


အမ်းမြို့ အဝင်မြင်ကွင်း။
အမ်းမြို့ အဝင်မြင်ကွင်း။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံ ၄ဦး သေဆုံးပြီးတော့ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာတွေကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သလို တိုက်ပွဲတွေက အမ်းမြို့အနီးအနား ရောက်လာနေပြီး မြို့ပေါ်ရပ်ကွက်ပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမ်းမြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ရခိုင်စစ်ရေးပဋိပက္ခအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်ကို အာရက္ခတပ်တော် AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲ အတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတာပါ။ မနေ့အောက်တိုဘာလ ၂၂ရက်နေ့ ညနေပိုင်းကလည်း အမ်းမြို့နယ်အတွင်းက ကျေးရွာနှစ်ရွာကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ဦးသေဆုံးပြီးတော့ ၇ ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

“ လက်နက်ကြီးကတော့ မနေ့က ည အောက်တိုဘာ ၂၁ရက်နေ့က ရွာနှစ်ရွာကို ကျတာ နပခ ဌာနချုပ်ကနေပစ်တာ တရွာကတော့ လောင်းစပ်ကျေးရွာ၊ နောက်တရွာက ငလက်ကျ ကျေးရွာ။ လောင်းစပ်ကျေးရွာမှာတော့ ၃ယောက်သေပြီးတော့ ၅ယောက် ဒဏ်ရာရတယ်၊ ငလက်ကျကျေးရွာမှာတော့ ၁ယောက် သေပြီးတော့ နှစ်ယောက် ဒဏ်ရာရတယ်။”

ဒါ့အပြင် အမ်းမြို့နယ်အတွင်းက လုံး ကျေးရွာကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၅ဝကျော် မီးလောင်ပျက်စီးသွားခဲ့ပြီး ကျေးရွာနေပြည်သူတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

“ မီးရှို့ခံရတဲ့ ရွာက စစ်ကောင်စီ နပခနဲ့ ၂မိုင်ကျော်မှာရှိတယ်။ အဲရွာအနီးမှာ စစ်ကောင်စီရဲ့ ထောက်ပို့ တပ်ရင်းတရင်းရှိတယ်။ အဲထောက်ပို့တပ်ရင်းက လူတွေက သွားပြီးတော့ မီးရှို့တာ၊ တရွာလုံးပြာကျသွားတယ်။ ရွာနာမည်ကတော့ လုံးကျေးရွာပေါ့ အိမ်ခြေကတော့ အားလုံး ၂၅၄ ဆောင်ရှိတယ်အခုကတော့ တရွာလုံးပြာကျသွားပြီ။ အဲဒီရွာမှာ သက်ကြီးရွယ်အိုနဲ့ အိမ်ထောင်ဦးစီး ယောကျာ်းတွေ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ ကျန်တဲ့သူတွေကတော့ အကုန်လုံးစစ်ဘေးရှောင်သွားပြီ။”

လက်ရှိမှာတော့ AAထိုးစစ်ဟာ အမ်းမြို့ပေါ်နားအထိ ရောက်ရှိနေသလို လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတာကြောင့် မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့ အမ်းမြို့ခံတဦးကဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ မြို့ပေါ်မှာတော့ အခုအသံကြားသလိုပဲ သူတို့တပ်တွေက ဟိုဘက်က လှမ်းပစ် ဒီဘက်က လှမ်းပစ်နဲ့ အဲလိုဆိုတော့ ကျနော်တို့မှာ ဘယ်နေရာကျလို့ ကျမှန်းလည်းမသိဘူး၊ အခုကျနော်တို့ ကားလမ်းမပေါ်လည်းကျတယ်ဗျ၊ မကွဲသေးတဲ့ အလုံးတွေလည်းရှိတယ်၊ ကွဲသွားတဲ့ ဟာလည်းရှိတာပေါ့နော်၊ ညဘက်အိပ်ရင်လည်း ကျနော်တို့ အိမ်ပေါ်မှာ မအိပ်ရဲ ဘူး၊အုပ်ခေါင်းတွေ ဂူခေါင်းတွေ ရှိတဲ့ နေရာရှာပြီးတော့ ပြေးအိပ်ရတယ်။ဘယ်က ဘယ်လို လာမယ်မှန်းမသိ။”

အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အမ်းမြို့ပေါ်က ဒေသခံတော်တော်များများကတော့ ပြည်မနဲ့ တခြား နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတာပါ။ လက်ရှိမြို့ပေါ် မှာကျန်ရှိနေတဲ့သူတွေကတော့ အသက်အန္တရာယ်စိုးရိမ်ရပေမယ့် ဘေးလွတ်ရာကို တိမ်းရှောင်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ အမ်းမြို့ခံတဦးကပြောပါတယ်။

“ စိုးရိမ်မှုကတော့ ဗျာ တဘက်က ပစ်ရင်တော့ တဘက်ကို ခိုကပ်နေကြတာပေါ့။ အရှေ့ ဘက်အရပ်မှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုရင် အနောက်ဘက်ကို ရွှေ့ပြီးတော့နေတယ်။

အဲလိုမျိုးပြေးကြတာပေါ့နော်။ အမ်းမြို့က စွန့်ခွာပြီးတော့ ဗမာပြည်ကို ပြေးမယ်ဆိုရင်လည်း ကျနော်တို့မှာက စားဝတ်နေရေးကိုတောင်မှ မနည်းရုန်းကန်နေရတယ်ဆိုတော့ လက်လုပ် လက်စားသမားတွေဆိုတော့ အခက်အခဲတွေရှိတယ်။ မပြေးနိုင်ကြဘူး၊ ရှိတဲ့သူတွေကတော့ ပြေးကြတာပေါ့နော် မင်းဖူးတို့ ပဒန်းတို့ ရန်ကုန်မှာ အဆင်ပြေတဲ့သူတွေ ရန်ကုန်ပြေး အဲလိုပြေးကြတာပေါ့။”

ဒီလအစောပိုင်းကလည်း အမ်းမြို့ပေါ်ကနေ စစ်ဘေးရှောင်လာကြတဲ့ ကား ၁၁တစီးကို စစ်ကောင်စီစစ်ရေးဂိတ်တွေက ဖမ်းဆီးထားသလို ဒီကနေ့အထိလည်း ဖမ်းဆီးခံရသူတွေနဲ့အဆက်အသွယ်မရ သေးတာကြောင့် မိသားစုဝင်တွေစိုးရိမ်နေကြတယ်လည်း ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ် တော်AAကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။ မောင်တောမြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်ခုခံတိုက်ခိုက်နေသလို ဂွမြို့နယ်မှာ လည်း အင်အားတိုးချဲ့တာတွေကို လုပ်ဆောင်နေတယ်လို့ စစ်ရေးစောင့်ကြည့် သူတွေ ကပြောပါတယ်။ လက်ရှိရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့ စစ်ကောင်စီနဲ့ AAနှစ်ဘက်စလုံးက တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG