သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အုန်းတောချေဒုက္ခသည်စခန်းမီး၊ ၆ ဦးသေဆုံး ၈၀၀ ကျော်အိုးအိမ်မဲ့


၂၀၁၇ စစ်တွေဒုက္ခသည်စခန်း တခု မီးလောင်းကျွမ်းပျက်စီးနေပုံ
၂၀၁၇ စစ်တွေဒုက္ခသည်စခန်း တခု မီးလောင်းကျွမ်းပျက်စီးနေပုံ

ရခိုင်ပြည်နယ် အုန်းတောချေ ဒုက္ခသည်စခန်းမှာ မနေ့ညက မီးလောင်ကြွမ်းတာကြောင့် လူ ၆ဦးသေဆုံးပြီး အိမ်ထောင်စု ၁၄၀ကျော်က လူ ၈၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အုန်းတောချေ ဒုက္ခသည်စခန်းမှာ မနေ့ညက မီးလောင်ကြွမ်းတာကြောင့် လူ ၆ဦးသေဆုံးပြီး အိမ်ထောင်စု ၁၄၀ကျော်က လူ ၈၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ မီးသတ်ဦးစီးဌာနက ပေါ့ဆမီးကြောင့်လို့ သတင်းထုတ်ပြန်ပြီး မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ၃၇၅သိန်းလောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒီသတင်းကိုတော့ VOA မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ စစ်တွေမြို့နယ်က အုန်းတော်ချေ ဒုက္ခသည်စခန်းဟာ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေတဲ့စခန်းဖြစ်ပြီး ကြာသပတေးနေ့ည ၁၁နာရီခွဲလောက်မှာ စတင်လောင်ကြွမ်းတာဖြစ်ပါတယ်။

မီးလောင်ကြွမ်းတာကြောင့် ထိခိုက်တဲ့အခြေအနေကို ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသော်တာက အခုလိုပြောပါတယ်။

“အဆောင်အမှတ် ၁၁ အခန်း၁က ဦးနောင်ဇူမြ အသက် ၃၂နှစ် ကျပန်းလုပ်သားပေါ့။ သူအိမ်က မီးဖိုမီးကြွင်းမီးကျန်ကနေ စလောင်တာ။ လောင်တဲ့ဟာ ၄၅ပေ၊ ပေ၅၀ ၊ ၈ခန်းတွဲ တထပ်။ သွပ်မိုးဝါးက တထပ်နေအိမ်တွေပေါ့။ အဲဒါ ၁၅လုံးပါသွားတယ်။ အဲဒီ ၁၅လုံးမှာက အိမ်ထောင်စု ၁၂၀ ရှိတယ်။ နောက် ယာယီတဲ ၂၁လုံးက အိမ်ထောင်စု ၂၁စုဆိုတော့ စုစုပေါင်း အိမ်ထောင်စု ၁၄၁စု။ လူဦးရေက ကျားမပေါင်းက ၈၂၂ဦး မီးဘေးဒုက္ခသည်ဖြစ်တာပေါ့။ နောက် ၆ယောက်သေသွားတယ်။ အမျိုးသားတယောက် အမျိုးသမီး ၅ယောက်။ လောင်တဲ့အချိန်က အိပ်တဲ့အချိန်မှာ လောင်တော့ အဲဒါမျိုး အိမ်တွေကလည်း အနေအထားက ကျပ်တယ်ဗျ။ ဆုံးရှုံးမှုတန်ဖိုးက ၃၇၅သိန်းလောက် ရှိပါတယ်။”

စစ်တွေမီးသတ်ဌာနက ကား၂စီးနဲ့သွားရောက်ငြိမ်းသတ်ရာမှာ သောကြာနေ့ မနက် ၁နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ဒီမီးလောင်ကြွမ်းမှုကို ပေါ့ဆမီးလို့ သတ်မှတ်ပြီး မီးစတင်လောင်ကြွမ်းတဲ့နေအိမ်ပိုင်ရှင်ကို အရေးယူထား ကြောင်း ပြောပါတယ်။

“ပေါ့ဆမီးကတော့ ပုဒ်မ ၂၈၅ပေါ့။ လူသေမှုကတော့ ၃၀၄(က)နဲ့ အမှတ် ၁ ရဲစခန်းမှာ တရားစွဲထားပါတယ်။ အမှုဖွင့်ပြီးတော့။”

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လျှပ်စစ်လမ်းပန်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက မီးဘေးဒုက္ခသည်တွေကိုသွားရောက်တွေ့ဆုံပြီး ကူညီတာတွေ လုပ်ခဲ့သလို သေဆုံးရသူတွေလည်း ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က သေဆုံးသူတယောက်ကို ကျပ်ငွေ ၃သိန်း ထောက်ပံ့ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ လူကယ်ပြန်နဲ့ ပူးပေါင်းပြီးတော့ အစိုးရအဖွဲ့ကသွားပြီးတော့ သေဆုံးတဲ့သူ ၆ဦးအတွက် တဦးလျှင် ၃သိန်းကျပ် မိသားစုတွေကို ပေးအပ်ခဲ့တယ်။ နောက်ပြီးတော့ Kit ပုံတွေပေါ့နော် မိသားစုသုံး Kit ပုံး ၁၄၁ပုံး အိမ်ထောင်စု ၁၄၁စုအတွက် ပေးအပ်ပြီးပြီ။နောက် အဲဒီမှာ ရှိတဲ့ လူဦးရေအလိုက် ၇ရက်စာဆန်ကို ပံ့ပိုးထားပါတယ်။”

Kit Box တခုစီမှာ စောင်၊ အဝတ်အစားနဲ့ မိသားစုသုံးပစ္စည်းတွေ ပါဝင်တာဖြစ်ပါတယ်။

လောလောဆည်မှာ မီးဘေးသင့်သူတွေကိုတော့ အုန်းတောချေ ဒုက္ခသည်စခန်းအနီးက အစိုးရမူလတန်းကျောင်းမှာ ယာယီနေရာချထား ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG