ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ဒုက္ခသည် ၅ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်အတွက် ကမ္ဘာက လက်ပိုက်ကြည့်နေဖို့ မသင့်ကြောင်း၊ တာဝန်ရှိတဲ့စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ လိုအပ် ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ကုလ သမဂ္ဂနဲ့ အီးယူအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ တိုးမြင့်လာနေချိန်မှာဘဲ မြန်မာစစ်တပ်အပေါ် အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကို ဝန်ကြီး Tillerson က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည် ၅၈၂,၀၀၀ လောက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်မှာ ဒုက္ခသည်တွေက သူတို့ မြန်မာနိုင်ငံက ထွက်မလာခင် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပြီး သူတို့အိမ်တွေလည်း မီရှို့ ဖျက်ဆီးခံခဲ့ရကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ ဖြစ်ရပ်တွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ဝါရှင်တန် ဒီစီ မြို့အခြေစိုက် CSIS နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး တတ်သိပညာရှင်များအဖွဲ့မှာကျင်းပတဲ့ အမေရိကန်-အိန္ဒိယ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဟောပြောပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေအပေါ် လုပ်ဆောင်နေမှုတွေအပေါ် ကျနော်တို့အနေနဲ့ အထူးပဲ စိုးရိမ်ပူပန်မိပါတယ်။ မြန်မာအစိုးရရဲ့ အရပ်သား အုပ်ချုပ်ရေးပိုင်းအတွက်တာဝန်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျနော် ထိတွေ့ဆက်ဆံမှု ရှိပါတယ်။ သိထားကြတဲ့ အတိုင်းပဲ၊ လက်ရှိ မြန်မာအစိုးရဟာ အာဏာကို ခွဲဝေအုပ်ချုပ်တဲ့စံနစ်ကို ကျင့်သုံးနေတာပါ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အရေးကြီးတဲ့အချက်ကတော့ အဲဒီ ဒေသမှာ ဖြစ်ပျက်နေတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်နေတောကို ကမ္ဘာက ဒီအတိုင်း လက်ပိုက်ကြည့်နေမရတော့ဘူး ဆိုတာပါပဲ။”
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ The New York Times သတင်းစာမှာ ရေးသားထားတဲ့ ဆောင်းပါးကိုဖတ်ရတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်း ဖြစ်မိကြောင်းလည်း ဝန်ကြီး Tillerson က ပြောကြားခဲ့ပါတယ်။
ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်မြောက်ပိုင်းဒေသမှာရှိတဲ့ လုံခြုံရေး ကင်းစခန်း (၃၀) ကျော်ကို သြဂုတ်လ ၂၅ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်မှာ ရိုဟင်ဂျာ ဒုက္ခသည် တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပြဿနာ ပြေလည်ရေးအတွက် မြန်မာစစ်တပ်အနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုလည်း ဝန်ကြီး Tillerson က အခုလို ပြောကြားခဲ့ ပါတယ်။
“မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ အကြမ်းဖက်သမားတွေ ရှိနေပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ အဲဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ စည်းကမ်းရှိဖို့ လိုပါတယ်။ အဲဒါက မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်ရမယ့် ပထမအဆင့် ဖြစ်ပါတယ်။ နောက် တချက်က ဒီပြဿနာကို တည်ငြိမ်စွာ ကိုင်တွယ် ဖြေရှင်းဖို့ လိုပါတယ်။ ပြီးတော့ အခြေအနေတွေ အားလုံးကို ကျနော်တို့ သိရှိနိုင်အောင် အဲဒီဒေသကို သွားရောက် လေ့လာခွင့်ပေးဖို့ လိုပါတယ်။”
နိုင်ငံတကာ မီဒီယာတွေမှာ ရေးသား ဖော်ပြနေကြတာတွေသာ မှန်ကန်ခဲ့ရင် ဒီကိစ္စမှာ တာဝန်ရှိသူတွေအနေနဲ့ အပြစ်ပေး အရေးယူမှုတွေ ခံရနိုင်တယ်ဆိုတာလည်း ဝန်ကြီး Tillerson က ပြောကြားခဲ့ပါတယ်။
“ထွက်ပေါ်လာနေတဲ့ သတင်းတွေသာ မှန်ကုန်တယ်ဆိုရင် ဒီကိစ္စအတွက် တစုံ တယောက်တော့ အပြစ်ပေး အရေးယူခံရမှာ သေချာပါတယ်။ မြန်မာနိုင်ငံ အနာဂတ်မှာ စစ်တပ်အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ချင်သလဲဆိုတာကို စစ်တပ် ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံလို့ ကျနော်တို့ မြင်ပါတယ်။ ဒါဟာ အာဏာ ခွဲေ၀ အုပ်ချုပ်တဲ့ စံနစ်ကိုကျင့်သုံးနေတဲ့ အစိုးရအတွက် အခုလို အရေးပါတဲ့ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အရေးပါတဲ့ စမ်းသပ်မှုတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရေးကိစ္စတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်နေပြီးဖြစ်သလို တခြား နိုင်ငံတွေနဲ့ လည်း ပူးပေါင်း ဆောင်ရွက်နေပြီး ကုလသမဂ္ဂရဲ့ လွန်းညွန်မှုအတိုင်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ ကျင့်သုံးနေတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ရောင်းချမှု တားမြစ်မှုကိုလည်း ဆက်လက်ထားရှိဖို့ ဥရောပသမဂ္ဂက အတည်ပြု လိုက်ပြီး အကြမ်းဖက်မှုအားလုံးကို ဘက်ပေါင်းစုံက ချက်ချင်းရပ်ဖို့လည်း ဥရောပကောင်စီကတောင်းဆိုသလို မြန်မာစစ်တပ်အနေနဲ့ စစ်ဆင် ရေးတွေကို ရပ်ဖို့၊ အရပ်သားတွေကို ခွဲခြားဆက်ဆံမှု မရှိဘဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ အသေအချာ ဆောင်ရွက်ဖို့လည်း ဥရောပကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားပါတယ်။
အလားတူပဲ - ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာကို မဖြေရှင်းနိုင်သေးသမျှ ဗြိတိသျှ စစ်တပ်အနေနဲ့ ကာကွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ နောက်ထပ် ထိတွေ့ဆက်ဆံမှု ဒါမှမဟုတ် မြန်မာစစ်တပ်ကို လေ့ကျင့်သင် တန်းပေးမှုတွေ ဆက်မလုပ်တော့ဘူးလို့ နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်စဉ် ဗြိတိန်ဝန်ကြီးချုပ် Theresa May က စက်တင်ဘာ လ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ အစိုးရအပေါ် ဖိအားပေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်လွှတ်တော်အတွင်းမှာ ပြောဆိုမှုတွေ ရှိနေသလို ကုလသမဂ္ဂဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး Nikki Hailey ကလည်း အကြမ်းဖက်မှုတွေကို ဘက်အားလုံးက အမြန်ဆုံးရပ်ဖို့ လိုအပ်တယ်ဆိုတာကို New York မြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ဆုံ စဉ် ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ၂၂ ယောက်က စက်တင်ဘာလ ၂၉ ရက်နေ့မှာ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရကို ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာမှာ - နယူးယောက်မြို့ အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကတော့ - ခိုင်ပြည်နယ်တွင်းက ရုံဟင်ဂျာ မွတ်စလင်တွေကို ပစ်မှတ်ထားပြီး လူမျိုးစုကွယ်ပျောက်အောင် လုပ်ဆောင်တဲ့ မြန်မာနိုင်ငံက စစ်ဖက် ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူဖို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တောင်းဆိုခဲ့သလို၊ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးတွေကလည်း အချိန် တိုတိုအတွင်း ဒုက္ခသည်တွေ ၅ သိန်းကျော် ထွက်ပြေးရတဲ့ ဖြစ်ရပ်ဟာ စနစ်တကျ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရခိုင်ဒေသကို အကူအညီအတွေ ပေးနိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေထံ အမေရိ ကန် အစိုးရက တောင်းဆိုမှုတွေ ပြုလုပ်နေကြောင်း လည်း ဝန်ကြီး Tillerson က ပြောပါ တယ်။
“ပဋိပက္ခဖြစ်တဲ့ ဒေသတွေကို သွားရောက်ပြီး အခြေအနေတွေကို ကျနော်တို့ကိုယ်တိုင် လေ့လာ သုံးသပ်နိုင်ရေးအတွက် တောင်းဆိုမှုတွေ ပြုလုပ်နေတာမှာ ကျနော်တို့ သံရုံးက ၂ ယောက်လောက် အဲဒီဒေသကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့၊ လခြမ်းနီ အဖွဲ့နဲ့ ကုလသမဂ္ဂ စတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေ အဲဒီ ဒေသ ကို သွားရောက်ခွင့်ပြုဖို့လည်း ကျနော်တို့ ဖိအားပေး လုပ်ဆောင်နေ ပါတယ်။ ဒါမှလည်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေသူတွေကို အလျင်အမြန် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းကတည်းက ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်က Anjuman Para ရွာကို ရောက်ရှိလာ ကြကြောင်းလည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ၅၈၂,၀၀၀ ရှိသွားပြီလို့ ကုလ သမဂ္ဂက အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန် ထားတဲ့ စာရင်းတွေမှာ ဖော်ပြထား ပါတယ်။