သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး အီရန်နဲ့နိုင်ငံတကာ ဝေဖန်မှုတွေဆက်လက်ထွက်ပေါ်


အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei
အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို မြန်မာ အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့တုံ့ပြန်မှုတွေမှာတော့ ကန့်ကွက်မှုတွေရှိနေသလို ထောက်ခံမှုတွေလည်း ရှိနေပါတယ်။ မြန်မာ အစိုးရဟာ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင်က စွပ်စွဲ ပြောဆိုလိုက်ပြီး မူဆလင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး၊ နိုင်ငံရေး အရ ဖိအားပေးကြဖို့ ဒီကနေ့ အင်္ဂါနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ သြဇာကြီးတဲ့ အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က အခုလို ပြောဆိုပါတယ်။

"မြန်မာနိုင်ငံကို လက်နက်ကိုင်တပ်တွေ စေလွှတ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ မြန်မာ အစိုးရ အပေါ် နိုင်ငံရေး၊ စီးပွားရေး အရ ဖိအားပေးကြဖို့ ပြောဆိုနေတာ ဖြစ်ပါတယ်"လို့ အီရန် ဘာသာရေး ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရကို ခေါင်းဆောင်နေတာက နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတဦး ဖြစ်တယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင် ခါမေနီက ပြောဆိုပြီး နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရက်စက်ကြမ်းကြုတ်သူ တဦး အဖြစ် စွပ်စွဲခဲ့တာပါ။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ အရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးပေါ် ဆွေးနွေးဖို့ ဒုတိယ အကြိမ်တင်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဘက်ကလည်း မြန်မာ စစ်တပ်ဟာ လူနည်းစုတွေ အပေါ်မှာ ပိတ်ဆို့ ဖိနှိပ် နေတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က

"မြန်မာနိုင်ငံတွင်းက အခြေအနေတွေက သိပ်ကို ရှုပ်ထွေးလွန်းတာကို နားလည်ပေမယ့် ရိုဟင်ဂျာတွေ အပေါ် ပြုမူဆက်ဆံပုံကတော့ သိက္ခာမဲ့တဲ့ လုပ်ရပ်ဆိုတာ သံသယ မရှိဘူးလို့ ပြောဆိုခဲ့တာပါ။ လူနည်းစုတွေ အပေါ် ပိတ်ဆို့ ဖိနှိပ်နေတဲ့ မြန်မာ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် ရောက်စေဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဦးဆောင်မှု ပေးနိုင်ဖို့ မျှော်လင့်တယ်"လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံဘက်ကတော့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကို ကန့်ကွက် ရှုတ်ချပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့ ပြောဆိုပါတယ်။ နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး အတွက် မြန်မာ အစိုးရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာက ထောက်ခံပြီး ရခိုင်အရေး မှန်ကန်တဲ့ ဖြေရှင်းချက်ထွက်လာစေရေး အခြေအနေ တရပ်ကို ဖန်တီးပေးဖို့ကိုလည်းတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာ အစိုးရဘက်ကတော့ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မထိခိုက်စေဖို့၊ မလိုလားအပ်တဲ့ ထိခိုက်ပျက်စီးမှုတွေ မရှိစေဖို့ ညွှန်ကြားထားတယ်လို့ မနေ့က နိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်က ကြေညာချက် ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG