သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်မှု ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုထိခိုက်


သြဂုတ်လ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဂုတ်တွင်းတံတားကို ကြည့်ရှုနေကြတဲ့ အရပ်သားများကို တွေ့ရစဉ်။
သြဂုတ်လ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဂုတ်တွင်းတံတားကို ကြည့်ရှုနေကြတဲ့ အရပ်သားများကို တွေ့ရစဉ်။

ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေအတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ လုံခြုံရေး အခြေအနေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ရပ်ဆိုင်းနေသလို ခရီး သည်တွေလည်း သောင်တင်နေကြပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနကတော့ ပျက်စီးသွားတဲ့ အဓိက တံတားကို ရက်ပိုင်းအတွင်း ပြန်ဆောက်ဖို့ ကတိပေးထားပါတယ်။ မြန်မာအစိုးရကတော့ တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး အလားအလာတွေကို ထိခိုက်လာနိုင်တယ်လို့လည်း ဒီကနေ့ပဲ သတိပေးခဲ့ တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းကို ဗုဒ္ဓဟူးနေ့က တရုတ်မြန်မာ နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ချိန်မှာ ဂုတ်တွင်းတံတားကို မိုင်းခွဲဖျက်ဆီးခံခဲ့ ရတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားခဲ့သလို၊ ခရီးသွားတွေလည်း အသွားအလာ ပြတ်တောက်ခဲ့တာပါ။ ဒါပေမဲ့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကတော့၅ ရက်အတွင်းမှာ ၂ လမ်းသွား ဘေလီတံတားကိုတည်ဆောက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်းမှာ ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က လာရောက်စစ်ဆေးပြီး လက်ရှိအခြေအနေကို နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်း ကျနော်တို့ ဂုတ်တွင်းထဲကို သွားတယ်ပေါ့နော်။ ရှမ်းပြည်နယ် ဝန်ကြီးတွေနဲ့၊ ဒီနေ့ နေ့လည်ဘက်ကျတော့ ဝန်ကြီးချုပ်လာတယ်။ အားလုံးသွားစစ်ဆေးတော့ မိုင်းက လောလောဆယ်က ထောင်ထားတဲ့ဟာ ၂ လုံးတော့ ရပြီးပြီ။ တံတားကို ထောင်တဲ့ မိုင်းလေ ။မကွဲ တဲ့ မိုင်းပေါ့။ ကျန်တာ ဆက်ပြီးတော့ ရှာရအုံးမှာပေါ့။ ဒီနေ့ တစ်နာရီခွဲ၊ ၂ နာရီထိ ရတဲ့သတင်း။ တံတားဆောက်မှာကတော့ သူတို့ ၅ ရက်လောက် ကြာလိမ့်မယ်ပေါ့။ သူတို့အပြောပေါ့ လေနော်။ အဲဒီတံတားပေါ်ကို အပေါ်ကနေ သံပြားထူထူ ၂ ထပ်ခံမှာပေါ့။ ၂ထပ်ခံပြီး ကားသူငယ်မောင်းရအောင် ဒီ ၅ရက်အတွင်း ပြီးအောင်လုပ်မယ်ပေါ့။ ကုန်ကားကြီးတွေ ကတော့ မောင်းလို့ မရသေးဘူးပေါ့လေနော်။ ဒီနေ့က အားလုံးက အခြေအနေက ကောင်းသွားပါပြီ။”

မနေ့တုန်းက တိုက်ခိုက်မှုတွေအတွင်း တပ်မတော်က အရာရှိနဲ့စစ်သည် ၉ ဦး သေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ သလို၊ ရဲတပ်ဇွဲ့ဝင် ၃ ဦးကျဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး၊ သေဆုံးသူ အရပ်သား ၃ ဦး၊ ဒဏ်ရာရသူ ၁၀ ဦး၊ စုစုပေါင်း သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကတော့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ နယ်မြေက နောက်ဆုံးအခြေအနေတွေကို အခုလို ပြောပါတယ်။

“ကျနော်တို့လည်း ဆက်လက်ပြီးတော့ နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်နေတုံးပဲ ရှိသေးတယ်။ ဒီနေ့ ထူးတဲ့အခြေအနေတော့ မရှိပါဘူး။ ”

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးဇုံက တာဝန်ရှိသူတစ်ဦးကတော့ ဒီလ ၁၅ရက်နေ့ တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ လုံး၀ ရပ်ဆိုင်းသွားကြောင်းလည်း ပြောပါတယ်။

“ရပ်သွားတာပေါ့။ ရပ်သွားတာဆို ဒီတလမ်းပဲ ရှိတာလေ။ လောလောဆယ်မှာလေ။ အတက်ကော အဆင်းရော အဲဒီမှာ blockဖြစ်သွားတော့တာလေ။ ဆင်းတဲ့ကားရော၊ တက်တဲ့ကားလည်း ဘယ်လိုမှ တက်လို့ မရတော့ဘူးလေ။”

မူဆယ်မြို့က ကုန်စည်ဒိုင်ပိုင်ရှင်တဦးကလည်း သူတို့ အခက်အခဲကို အခုလို ပြောပါတယ်။

“လတ်တလောအနေအထားအရဆိုရင်တော့ ကုန်သည်တွေရဲ့ သူတို့ ဝယ်ထားတဲ့ ပစ္စည်းတွေက ဂိုဒေါင်တွေမှာ အကုန်ပိတ်နေတာပေါ့။ ကားက လမ်းကြောင်းပေါ် ဆင်းလို့ မရတော့။ တရုတ်ပစ္စည်းပဲ။ မန္တေ လးဘက်က တက်တဲ့ဟာကလည်း လတ်တလော မရလောက်သေး ဘူး။ တက်လို့ မရသေးဘူး။ ဂုတ်တွင်းတံတားက အဓိက Mainဖြစ်နေတော့လေ။ တက်တဲ့ကားကလည်း တက်မရဘူး။ ဆင်းတဲ့ကား လည်း ဆင်းမရဘူး။ လောလောဆယ်တော့ပိတ်နေတယ်။”

ကားလမ်းပိတ်ဆို့နေချိန်မှာပဲ မန္တလေး-လားရှိုး မီးရထားအသွားအလာဟာလည်း ဒီကနေ့က စတင်ပြီး ရပ်ဆိုင်းထားကြောင်းနဲ့ ဘယ်နေ့ ပြန်ထွက်မယ်ဆိုတာ မသိသေးကြောင်း မန္တလေး ဘူတာရုံက တာဝန်ကျ ဝန်ထမ်းတဦးက ပြောပါတယ်။

“ဒီနေ့ မနက်လည်းမထွက်ဘူးရှင့်။ ဟိုဘက်မှာ အခြေအနေ သိပ်မကောင်းသေးလို့ပါ။ အဲဒါ မနက်ဖြန်မှ ပြန်မေးပါအုံး။”

မန္တလေး-လားရှိုးရထားပြန်ထွက်မယ့်နေ့ရက်ကို မေးမြန်းနိုင်ဖို့ မန္တလေးရုံပိုင်ချုပ်နဲ့ မီးရထား တိုင်းရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလ ၁၅ရက်နေ့ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သီပေါမြို့ကို နိုင်ငံခြားခရီးသည် ၅၀ ခန့်ရောက်ရှိနေခဲ့ပါတယ်။

လတ်တလောမှာ ကားနဲ့ ရထားအသွားအလာတွေရပ်ဆိုင်းနေတာကြောင့် လားရှိုးကတဆင့် လေကြောင်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း မန္တလေးဇုံ ဥက္ကဋ္ဌဦးမျိုးရီက ပြောပါတယ်။

“သူတို့ အယောက် ၅၀လောက်ရှိပါတယ်။ နိုင်ငံခြားသားလေ။ ကားလမ်းကလည်း ပိတ်ထားတယ်။ ရထားကလည်း မထွက်ဘူးဆိုတော့ သူတို့က မန္တလေးနဲ့ ရန်ကုန်ကို ပြန်ရမှာ။ ဘာလို့ ဆို သူတို့ရဲ့ Flight Condationတွေက ဘန်ကောက်ရှိမယ် စသည်ဖြင့်ပေါ့လေ။ အဲလိုလေးတွေ ရှိနေတဲ့အ ခါကျတော့ ကျနော်တို့က လားရှိုးကနေပြီးတော့ အဲကမ္ဘောဇနဲ့ Flightနဲ့ မန္တလေးနဲ့ ရန်ကုန်ကို ပြန်ထွက်ဖို့ စီစဉ်ထားပြီးပါပြီ မနက်ဖြန်ကနေ။”

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ မနေ့တုန်းက တိုက်ခိုက်မှုကို အကြမ်းဖက်လုပ် ရပ်အဖြစ် သတ်မှတ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားဲ့သလို၊ ဒီလုပ်ရပ်ဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေကြောင်း အခုလို ပြောပါတယ်။

“ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေလုပ်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးကြီးမားမား ထိခိုက်စေတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ဆန္ဒပေါ့နော်-နောက်တခုက ဒီလိုမျိုး ဆွေးနွေးပွဲတွေ ကျင်းပစဉ်ကာလကို အမြတ်ထုတ်ချင်းမပြုဘဲနဲ့ စိတ်ရင်းစေတနာမှန်နဲ့ စားပွဲဝိုင်းမှာ မြန်မြန်ဆန်ဆန် ဆွေးနွေးတာက အကောင်းဆုံး ဖြစ်မယ်။ ဒီဟာကိုလည်း သက်ဆိုင်တဲ့ခေါင်းဆောင်တွေ အားလုံးကို ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။”

တပ်မတော်ကတော့ တိုက်ခိုက်မှုတွေနဲ့ မကြုံရခင် တရက်အလိုမှာပဲ တဘက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာထားတာကို ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် အသုံးချဖို့ တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့လည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဘက်ကတော့ သူတို့နယ်မြေတွေမှာ စစ်တပ်က ထိုးစစ်တွေကြောင့် လက်တုံ့ပြန်တာဖြစ်ကြောင်းပြောဆိုထားကြပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG