သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ အလားအလာ


အမေရိကန်ရဲ့ သက်တမ်းဝက်ရွေးကောက်ပွဲ မဲပေးရမယ့် မြင်ကွင်း
အမေရိကန်ရဲ့ သက်တမ်းဝက်ရွေးကောက်ပွဲ မဲပေးရမယ့် မြင်ကွင်း

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၆ ရက် အင်္ဂါနေ့ကျရင် သက်တမ်းဝက် ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေရဲ့ရလဒ်ဟာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ ကျန်တဲ့ နှစ်နှစ်တာသက်တမ်းကာလမှာ အမေရိကန်ရဲ့ နိုင်ငံရေး အာဏာချိန်ခွင်လျှာအပေါ် အရေးပါတဲ့ သက်ရောက်မှု ဖြစ်သွားနိုင်ခြေရှိနေတာပါ။ Jim Malone ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အင်္ဂါနေ့ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာစလုံးအပြင် အထက် လွှတ်တော် အမတ်နေရာ ၁၀၀ ထဲက ၃၅ နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၆ နေရာအတွက် မဲပေး ရွေးချယ်ကြရမှာပါ။

မဲဆွယ်စည်းရုံးပွဲ နောက်ဆုံးရက်တွေမှာတော့ သမ္မတထရမ့်ပ်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကို အဓိကပြောဆိုပြီး ရီပတ်ဘလီ ကန်ပါတီကို ထောက်ခံသူတွေ မဲသွားပေးကြအောင် တွန်းအားပေး စည်းရုံးပါတယ်။

“ရီပတ်ဘလီကန်တွေလိုချင်တာက ခိုင်မာတဲ့နယ်စပ်တွေဖြစ်ပြီး ရာဇဝတ်မှု၊ ပရမ်းပတာ အခြေ အနေနဲ့ ရွှေ့ပြောင်းဝင်မယ့် လူတန်းရှည်ကြီးတွေကို မလိုချင်ပါဘူး။ ဒီမိုကရက်တွေက နယ်စပ်တွေ ကို ဖွင့်ထားချင်ပြီး လူတန်းရှည်ကြီး တခုပြီးတခု ကျနော်တို့နိုင်ငံထဲ ဝင်လာအောင် ဖိတ်ခေါ်ချင်ပါ တယ်။ ဒါဟာ ရာဇဝတ်မှုတွေ ထူပြောလာမယ့်ကိစ္စပါ။”

ဒီမိုကရက်တွေကတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနဲ့ သမ္မတထရမ့်ပ် အုပ်ချုပ်တဲ့ပုံစံတွေကို အဓိကပြောဆိုကြပြီး မဲသွားပေးသူအရေအတွက်များဖို့အတွက် သမ္မတဟောင်း ဘရာ့ခ် အိုဘားမားလို ထိပ်တန်းဒီမိုကရက်တွေရဲ့ အကူအညီနဲ့ စည်းရုံး ပြောဆိုနေပါတယ်။

“ပိုပြီး ကြီးမားတဲ့၊ မျှော်လင့်ချက်တွေ ပိုရှိလာမယ့်၊ သဘောထား စေတနာ ပိုပြီးကြီးမားတဲ့ အမြင်ရှိတဲ့ အမေရိကန်နိုင်ငံ တခုဖြစ်လာဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်အောင်လုပ်ဖို့ မဲသွားပေးကြ ရပါမယ်။”

ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက အသာစီးရဖို့ မျှော်လင့်ထားကြတယ်လို့ Brookings အင်စတီကျူက လေ့လာသုံးသပ်သူ John Hudak ကပြောပါတယ်။

HUDAK: “အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အတော်လေး အခြေအနေ ကောင်းမယ့်ပုံ ရှိနေပါတယ်။ အောက် လွှတ်တော်ကို ထိန်းချုပ်နိုင်မယ့် အများစုအရေအတွက် ရသွားနိုင်ခြေရှိပါတယ်။ အထက်လွှတ်တော်ကတော့ ရီပတ်ဘလီကန် တွေလက်ထဲမှာ ဆက်ရှိ သွားနိုင်ပြီး အတော်လေး အကွဲကွဲအပြားပြား ဆက်ဖြစ်နေပါလိမ့်မယ်။”

အထက်လွှတ်တော် အမတ်နေရာ ၁၀၀ မှာ လက်ရှိအားဖြင့် ရီပတ်ဘလီကန်ပါတီက ၅၁ နေရာ၊ ဒီမိုကရက်ပါတီက ၄၉ နေရာနဲ့ ရီပတ်ဘလီကန်တွေ အနည်းငယ် အသာရထားတာကို ဆက်ထိန်း ထားနိုင်မယ့် အလားအလာရှိနေတာပါ။

ပါတီနှစ်ရပ်စလုံးက မဲဆန္ဒရှင်တွေအတွက် သမ္မတထရမ့်ပ်ကိုယ်တိုင်ဟာ အဓိကကိစ္စရပ်တခု ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ သမ္မတဟာ သမိုင်းအစဉ်အလာကို အန်တု ရင်ဆိုင်နေရတာဖြစ်နေတယ်လို့ လေ့လာသူ Kyle Kondik က ပြောပါတယ်။

“သက်တမ်းဝက်ရွေးကောက်ပွဲသမိုင်းက အတော်လေးကိုရှင်းပါတယ်။ လက်ရှိသမ္မတရဲ့ ပါတီဟာ ဒီရွေးကောက်ပွဲမှာ ရှုံးလေ့ရှိပြီး တကယ်တမ်းကြည့်ရမှာက ဘယ်လောက်ထိ ရှုံးမလဲဆိုတာပါပဲ။ အခုသမ္မတလိုမျိုး လူကြိုက်နည်းတဲ့ သမ္မတ လက်ထက်မှာ အဲဒါက ပိုမှန်ပါတယ်။”

အောက်လွှတ်တော်ကို ဒီမိုကရက်တွေက ပြန်ပြီးထိန်းချုပ်နိုင်မယ်ဆိုရင်တော့ သမ္မတထရမ့်ပ်ရဲ့ ကျန်တဲ့သက်တမ်း နှစ်နှစ်အပေါ် အပြောင်းအလဲတွေနဲ့ ရိုက်ခတ်နိုင်ခြေရှိနေပါတယ်။

အခုရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ဟာလည်း အရင့်အရင် ရွေးကောက် ပွဲတွေထက် စံချိန်တင် ပိုများပြီး ရုပ်သံကြော်ငြာတွေနဲ့ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြပါတယ်။

လက်ရှိ နိုင်ငံရေး အကြောင်းခံ အခြေအနေတွေကြောင့် အစဉ်အလာကိုဖောက်ထွက်တဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ ဒီနှစ်မှာ ပိုများလာတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အောက်လွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးအမတ်လောင်း ၂၃၇ ဦး၊ အထက်လွှတ်တော် အတွက် ၂၃ ဦးနဲ့ ပြည်နယ် အုပ်ချုပ် ရေးမှူးနေရာအတွက် ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး အနာဂတ်မှာ ဒီ့ထက် ပိုများလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG