သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒဏ် ပြန်လည်ထူထောင်ရေး ရုန်းကန်နေတဲ့ အင်းလေး


အင်းလေးမှာ ရေကြီးရေလျှံနေစဉ် (စက်တင်ဘာ ၁၇၊ ၂၀၂၄)
အင်းလေးမှာ ရေကြီးရေလျှံနေစဉ် (စက်တင်ဘာ ၁၇၊ ၂၀၂၄)

စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း အဓိကအားထားနေရတဲ့ အင်းလေဒေသမှာ ရေဘေးကြောင့် ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာ ခရီးသည်တွေ လာရောက်လည်ပတ်ဖို့ကို မျှော်လင့်နေကြပြီး ပျက်စီးသွားတဲ့စိုက်ခင်းတွေကိုလည်း နွေရာသီကျမှသာ လုပ်ကိုင်နိုင်တော့မယ်လို့ ပြောပါတယ်။ ရေဘေးသင့်ခဲ့ရတဲ့ အင်းလေးဒေသရဲ့ လက်ရှိအခြေအနေကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ Yagi မုန်တိုင်းကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလက ရေဘေးဒဏ်သင့်ခဲ့တဲ့အထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းက ခရီးသွားဒေသတွေလည်း တော်တော်များများ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲက အင်းလေးမှာတော့ ကျေးရွာပေါင်း ၁၀၀ ကျော်က နေအိမ်တွေ ရေနစ်မြုပ်ခဲ့ရတာပါ။ ရေဘေးဒဏ်တ လကျော်ကြာလာပေမဲ့လည်း တချို့နေရာတွေမှာ ရေပြန်မကျသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးဒဏ်သင့်ချိန်မှာ ကယ်ဆယ်ရေးနဲ့ လူသားစာနာမှု အကူအညီတွေရခဲ့လို့ အဆင်ပြေခဲ့ကြပြီး အခုချိန်မှာတော့ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြတယ်လို့ အင်းလေးဒေသခံ တဦးက ပြောပါတယ်။

"အကူအညီအင်အားတော့ တော်တော်လိုသေးတာပေါ့ဗျာ။ တချို့ကျတော့ အိမ်တွေက ဝါးထရံပဲ ကာထားတာလေ။ ဝါးထရံတွေက တလဝန်းကျင်ဆိုတော့ ဆွေးကုန်ပြီ။ အခု ရေပြန်ခြောက်လာတော့ အကုန်ကျိုးပဲ့ကုန်ပြီ။ ပြန်လဲဖို့ဆိုရင် သူတို့မှာ တော်တော်လေးတော့ အခက်အခဲရှိသေးတယ်ဗျ။ ရေကတော့ ရှေ့လနဲ့ အခုဆိုရင် ၅ ပေဝန်းကျင်လောက်တော့ ကျသွားပြီ။ ဒါပေမဲ့ အနိမ့်ပိုင်းတွေ ကျတော့ တော်တော်လေးတော့ မြုပ်နေသေးတာပေါ့ဗျာ။ နှစ်ထပ်အိမ်တွေက အောက်တထပ်ဆိုရင် ၁ ပေဝန်းကျင်လောက် ရေကျန်တယ်။ တချို့ကျတော့ ၈ လက်မ၊ ၁၀ လက်မပေါ့။ တထပ်အိမ်တွေ ကျတော့ နေလို့ရပါပြီ။ နှစ်ထပ်အိမ်ကျတော့ အောက်ထပ်တော့ ကျန်နေသေးတယ်။ အပေါ်ထပ်မှာတော့ နေလို့ရတယ်။"

အင်းလေးမှာ ဒေသခံတွေရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးအတွက် ကျွန်းမျောစိုက်ခင်းတွေဟာ ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့ကြပြီး ပုံမှန်ပြန်မလည်ပတ် နိုင်သေးပါဘူး။ နွေရာသီရောက်မှသာ စိုက်ပျိုးနိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။

"တချို့က ကျွန်းမျောပေါ်မှာ ခရမ်းချဉ်တို့ ဘာတို့စိုက်တယ်။ ကျွန်းမျောကလည်း အခုရေကြီးတဲ့ အချိန်မှာ လေကလည်းပြင်းတော့ လေနဲ့ပါပြီး သူတို့ဧရိယာထဲကနေမှ အင်းလယ်ဘက်ကို ရောက်လာ တာလေ။ အဲဒါဆိုတော့ တချို့ကတော့ ကျွန်းမျောကိုပြန်ချဖို့ တော်တော်ခက်ခဲတယ်ဗျ။ စိုက်ပျိုးရေး သမားတွေ ပြန်လည်ထူထောင်ဖို့ တော်တော်ကြိုးစားရမယ်။ နောက် အရောင်းအဝယ်သမားကလည်း ခရီးသွားတွေလာမှပဲ အဆင်ပြေမှာ။ အဓိကတော့ အင်းထဲမှာ စားသောက်ဆိုင်ရှိမယ်။ လက်ဆောင်ပစ္စည်း အမျိုးမျိုးပေါ့နော်။ နောက် ပန်းရောင်းတဲ့သူရှိတယ်။"

ခရီးသွားလုပ်ငန်းကို အမှီပြုပြီး ဝင်ငွေလည်ပတ်နေတဲ့ အိမ်ထောင်စုတွေကလည်း လာမယ့်ပွင့်လင်း ရာသီမှာ ဧည့်သည်လာလည်မှာကို မျှော်လင့်နေကြပါတယ်။ အခုချိန်ထိတော့ အင်းထဲမှာ ခရီးသွားတွေ ပုံမှန်လည်ပတ်နေကျ နေရာတော်တော်များများ သွားရောက်နိုင်ပြီဖြစ်ပေမဲ့ ရွှေအင်းတိန်ဘုရားကိုတော့ သွားလာဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။

"ပွင့်လင်းရာသီမှာ ဧည့်သည်တွေ အသွားအလာများဖို့ပဲ ကျနော်တို့က ဆုတောင်းရတာပေါ့ဗျာ။ စက်လှေစျေးနှုန်း အတက်အကျကတော့ လောင်စာဆီပေါ်မှာ မူတည်တာပေါ့။ အခုလက်ရှိကတော့ ၆ သောင်းခွဲ၊ ၇ သောင်းဝန်းကျင်ပေါ့။"

အင်းလေးဒေသမှာ ကျေးရွာပေါင်း ၁၇၇ ရွာက လူဦးရေ ၇၄,၀၀၀ ကျော်ဟာ ရေဘေးဒဏ် သင့်ခဲ့ ရတယ်လို့ သွားရောက်ကူညီသူတွေက ပြောပါတယ်။ အင်းထဲက တချို့နေရာတွေမှာတော့ တလကျော် ကြာလာချိန်အထိ ရေဘေးဒဏ်ကြုံနေရပါတယ်။ ဒေသခံတွေရဲ့ စိုက်ခင်းတွေလည်း ရေဘေးဒဏ် ကြောင့် ဆုံးရှုံးခဲ့ရပြီး ကြုံရာကျပန်း လုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG