Oregon ပြည်နယ် Portland မြို့မှာ လက်ယာစွန်း ဆန္ဒပြသမားတွေ ဒီကနေ့ စနေနေ့မှာ ဆန္ဒပြကြဖို့ ရှိတာကြောင့် ဒေသခံ ဖက်ဆစ်ဆန့်ကျင်ရေး တန်ပြန်ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်တွေ့ကြမယ့်အလားအလာရှိနေပြီး အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ Portland မြို့က ရဲတပ်ဖွဲ့တွေ အသင့်ပြင်ဆင်နေကြပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ မှာ ဆန္ဒပြဖို့စီစဉ်သူတွေအနေနဲ့ အမုန်းစကားတွေဖြန့်တဲ့ နေရာအဖြစ် သူတို့မြို့ကို အသုံးမချဖို့ မြို့ရဲ့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ ရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး Portland မြို့တော်ဝန် Ted Wheeler က သတိပေးလိုက်ပါတယ်။ ဒီလိုအမုန်းစကားတွေဖြန့်မယ့် အုပ်စုတွေကို ဒီမြို့က ကြိုဆိုဖို့ မရှိကြောင်းလည်း မြို့တော်ဝန်က ပြောပါတယ်။
စနေနေ့ ဆန္ဒပြပွဲတွေအတွက် လုံခြုံရေးယူဖို့ ရဲတပ်ဖွဲ့ဝင်အင်အား ၁,၀၀၀ နီးပါး ချထားမှာဖြစ်ပြီး Oregon ပြည်နယ်ရဲတပ်ဖွဲ ရော၊ FBI ကပါ ဝိုင်းဝန်းကူညီအားဖြည့်မှာဖြစ်တယ်လို့ မြို့တော်ဝန် Ted Wheeler ကဆိုပါတယ်။
တောင်ပိုင်း Poverty Law Center က အမုန်းသမား အုပ်စုလို့သတ်မှတ်ထားတဲ့ Proud Boys အဖွဲ့ဝင်တဦးက စနေနေ့ ဆန္ဒပြပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကို American Guard၊ Three Percenters နဲ့ Oathkeepers and Daily Stormers အဖွဲ့တွေက ပူးပေါင်းပါဝင်ဖို့ရှိမယ်လို့ မျှော်လင့်ရပါတယ်။